ထူးခြားဆန်းပြား အားကစားပြိုင်ပွဲများ

ထူးခြားဆန်းပြား အားကစားပြိုင်ပွဲများ

ကမ္ဘာပေါ်မှာ လုပ်စရာအလုပ်များ၊ သွားစရာနေရာများအပြင် လူအမျိုးမျိုးအဖုံဖုံနှင့်ပြည့်နေသဖြင့် ၎င်းတို့၏လှုပ်ရှားမှုများအားလုံးကို အမျိုးအစားခွဲရန် အလွန်ခက်ခဲနိုင်ပါသည်။

ကမ္ဘာတစ်ဝန်းတွင်လည်း ထူးထူးခြားခြား ပျော်ရွှင်စရာကောင်းလှသည့် အဖြစ် အပျက်များက နေရာတိုင်း၌ဖြစ်နေသည်။ လူသားတို့ နားလည်သဘောပေါက်မှုအတိုင်းအတာတစ်ခုကို ကျော်လွန်ပြီး ထူးခြားဆန်းပြားပြီး ပုံမှန်မဟုတ်သည့်အဖြစ်အပျက်များလည်း ရှိနေပါသေးသည်။

ပုံမှန်မဟုတ်သော အားကစားများနှင့် ထူးခြားဆန်းပြားသည့် အဖြစ်အပျက်များကို အမေရိကန်ပြည်ထောင်စု၊ စပိန်၊ ဗြိတိသျှကျွန်းစုများနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့ ကမ္ဘာပေါ်ရှိ မည်သည့်ဒေသကမှ မလုပ်ဆောင်ခဲ့ပါ။

လူတွေက တကယ့်ကို ရူးကြောင်ကြောင်နိုင်သည့် ပြိုင်ပွဲများကို တီထွင်သည့်အခါတွင် မကုန်ဆုံးနိုင်သော စိတ်ကူးစိတ်သန်းများစွာ ရှိကြသည်။

(၁) ဒိန်ခဲလှိမ့်ပြိုင်ပွဲ

ဒိန်ခဲလှိမ့်ပွဲကို ကျင်းပခဲ့ကြသည်မှာ နှစ်ပေါင်း ၂၀၀ နီးပါးရှိပြီ ဖြစ်သည်။ သို့သော် ၎င်းပြိုင်ပွဲကို မည်သည့်အယူအဆ ဓလေ့ထုံးတမ်းများကို အစွဲပြု၍ ပေါ်ပေါက်လာ ခြင်းဖြစ်ကြောင်းကို မည်သူကမှ တိတိကျကျ မသိရှိကြပေ။ ဤပွဲကို တရားဝင်ကျင်းပခွင့်ရှိ၊ မရှိကို မသိသော်လည်း ပုံစံအမျိုးမျိုးဖြင့် ကျင်းပခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါသည်။

၁၉၉၃ ခုနှစ်တွင် လူ ၃၃ ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ၁၉၉၈ ခုနှစ်တွင် ၎င်းပွဲကိုဖျက်သိမ်းခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်တွင်လည်း အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားခဲ့သည်။ ပွဲစဉ်ကို ဖျက်သိမ်းခဲ့သည့်အတွက် ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။

ဒိန်ခဲလှိမ့်ပွဲသည် ကမ္ဘာ့အထူးဆန်းဆုံး Feats of Strength ပွဲစဉ် ၇ ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မေလတိုင်းတွင် အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း Cooper’s Hill ၌ ထောင်ပေါင်းများစွာသော လူများစုဝေးဝေးရောက်ရှိလာကြသည်။

၎င်းတောင်ကုန်းသည် ကမ္ဘာတစ်ဝန်းက ခရီးသွားများကိုဆွဲဆောင်သည့်နေရာ တစ်ခုမဟုတ်သော်လည်း ၎င်းပြိုင်ပွဲတွင် အနိုင်ရရှိအောင် ကြိုးစားလိုသည့် အားကစားသမားများက လာရောက်ကြခြင်း ဖြစ်ပေသည်။

Cooper’s Hill ၏ အပေါ်ဆုံး၌ရှိသော အခမ်းအနားမှူးက တစ်နာရီကို ၇ဝ မိုင်နှုန်းပြေးသည့် အလေးချိန် ၉ ပေါင်ရှိ ဒိန်ခဲဘီးကို တောင်အောက်သို့ လှိမ့်ချပေးလိုက်ပြီး ယင်းဒိန်ခဲကိုရသည့် အပြေးသမားက များစွာသောဒိန်ခဲများကို ရရှိမည်ဖြစ်သည်။

၎င်း ပြိုင်ပွဲသည် လုံခြုံသောယှဉ်ပြိုင်မှုတစ်ခု မဟုတ်ပါ။ အကယ်၍ ဤပြိုင်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်လိုသည့် ဆန္ဒများဖြစ်ပေါ်လာပါက ထိခိုက်ဒဏ်ရာရရှိမှုကို ခံနိုင်ရည်ရှိမှသာ ရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ၎င်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူတိုင်း နှစ်စဉ် ဒါဇင်ခန့် ဒဏ်ရာရကြ၍ ဆေးရုံတင်ကာ ကုသမှုများ ခံယူကြရပေသည်။

(၂) ဘီယာသောက်ပြိုင်ပွဲ

ကမ္ဘာပေါ်တွင် အကြီးဆုံး ဘီယာပွဲတော် Oktoberfest သည် အငြင်းပွားဖွယ်ရာမရှိသော အကောင်းဆုံးဘီယာပွဲတော်တစ်ခု ဖြစ်သည်။ ၎င်းပွဲတော်ကို ဂျာမနီနိုင်ငံနှင့် မြူးနစ်နိုင်ငံတို့တွင် စက်တင်ဘာလ ၁၇ ရက်မှ အောက်တိုဘာလ ၃ ရက်အထိ ကျင်းပပြုလုပ်ကြသည်။

၎င်းပွဲတော်က အစွန်းရောက်သည့် အားကစားပွဲတော်တစ်ခုမဟုတ်သည်မှာ မှန်သော်လည်း ကြီးကျယ်ခမ်းနားသည့် စားသောက်မှုပါတီပွဲကြီးတစ်ခုက အလွန်ပြင်းထန်သော လေ့ကျင့်မှုတစ်ခုဖြစ်စေသည်။

ဒါကြောင့် ကမ္ဘာပေါ်ရှိ မည်သည့်နေရာဒေသတွင်မဆို ၎င်းအားကစားပွဲတော်မျိုးကို ကျင်းပချင်စိတ်များ ဖြစ်ပေါ်ကြလိမ့်မည်ဟု ထင်မြင်မိပါသည်။

(၃) လူသားမျှော်စင်ပြိုင်ပွဲ

Cataloria ၏ အကျော်ကြားဆုံးနှင့် ကြောက်ရွံ့ထိတ်လန့်မှုမရှိသောပွဲတော်တစ်ခုဖြစ်သည်။ လူသားမျှော်စင်ပြိုင်ပွဲကို နှစ်စဉ် အောက်တိုဘာလ ၂ ရက်တွင် ကျင်းပပြုလုပ်လေ့ရှိသည်။

TAC 12 နှင့် Local Communication Network တို့က ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ၎င်းပြိုင်ပွဲသည် ပွဲတော်တစ်ခုထက် ယှဉ်ပြိုင်မှုတစ်ခုသာ ဖြစ်သည်။ ထောင်ပေါင်းများစွာသောလူများက တာဝါတိုင်တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် စုရုံးလာကြခြင်းဖြစ်သည်။

သို့သော် တာဝါတိုင်များကို သစ်သား၊ ပလတ်စတစ်နှင့် အခြားသောပစ္စည်းကိရိယာများဖြင့် တည်ဆောက်ကြခြင်းမဟုတ်ဘဲ လူသားများနှင့် တည်ဆောက်ကြခြင်းဖြစ်သည်။ လူပေါင်းများစွာဖြင့် မြင့်သည်ထက်မြင့်အောင် ပြုလုပ်တည်ဆောက်ကြ သည်မှာ စတန့်သမား၏ သဲထိတ်ရင်ဖိုကပြဖျော်ဖြေ တင်ဆက်မှုနှင့်တူလှသည်။

လူသားမျှော်စင်တည်ဆောက်ခြင်းတွင် အောက်ခြေ၌ ခွန်အားအကြီးဆုံးနှင့် အသန်မာဆုံးလူများဖြင့် စတင်အခြေတည်ပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်ရန်အတွက် တစ်ယောက်ပခုံးပေါ်တစ်ယောက် မတ်တတ်ရပ်ကာ မြင့်သည်ထက်မြင့်အောင် တည်ဆောက်ထားရခြင်းပင် ဖြစ်သည်။

မျှော်စင် ပိုမြင့်လေ အလေးချိန်ပိုမိုများပြားလေ ဖြစ်သည့်အတွက် အပေါ်၌ရှိသည့် လူသားများ၏ အလေးချိန်ကိုထိန်းပြီး ဟန်ချက်ညီညီဖြင့် ကြာရှည်စွာထိန်းထားနိုင်ခြင်းက ယုံကြည်ရန်ခက်ခဲလှမည်ဖြစ်သည်။

(၄) ဇနီးသည်ကိုသယ်ဆောင်ခြင်းပြိုင်ပွဲ

ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်တွင် ဇနီးသည်သယ်ဆောင်ခြင်းပြိုင်ပွဲကို ဖျက်သိမ်းခဲ့သည်။ ၎င်းပြိုင်ပွဲသည် အချို့သောသူများအတွက် ထူးဆန်းသော လေ့ကျင့်ခန်း၊ သို့မဟုတ် စိတ်လှုပ်ရှားဖွယ်ရာ ဟန်းနီးမွန်းတစ်ခုဖြစ်စေပါလိမ့်မည်။

ဤပြိုင်ပွဲသည် သဲသောင်ပြင်ပေါ်တွင် ရေကူးကန်အပြင် အတားအဆီးများလည်း ပါဝင်သည်။ ဇနီးသည်ကိုသယ်ပြီး ပထမဦးစွာ ရေကူးကန်ကို ဖြတ်ကျော်ကာပြေးလမ်းတစ်လျှောက်တွင် ပြုလုပ်ထားသော အတားအဆီးများကို ကျော်လွှားရမှာ ဖြစ်သည်။

ခန္ဓာကိုယ်သေးသွယ်သောဇနီးသည်ကို ပိုင်ဆိုင်ထားသည့်အမျိုးသားများအတွက် အနည်းငယ်သာ ပင်ပန်းမည်ဖြစ်သော်လည်း ဝဝဖြိုးဖြိုးဇနီးသည်ကို ပိုင်ဆိုင်ထားသူအမျိုးသားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ပိုမိုစိတ်လှုပ်ရှားပြီး ပျော်စရာကောင်းလိမ့်မည်ဟု ယူဆရပါ သည်။ ၎င်းပြိုင်ပွဲသည် ကမ္ဘာပေါ်တွင် ထူးခြားဆန်းပြားသော အကောင်းဆုံးပွဲစဉ် ၇ ခုအနက် တစ်ခုအပါ အဝင်ဖြစ်သည်။

(၅) ဘောလုံးလုပြိုင်ပွဲ

ဤပြိုင်ပွဲသည် ဘောလုံး၊ ရပ်ဘီနှင့် နပန်းအားကစားတို့ကို ပေါင်းစပ်ပြီး ရိုးရာဝတ်စုံဖြင့် ကစားရခြင်းဖြစ်သည်။ အီတလီ၌ အရူးမိုက်ဆုံးပွဲတော်ထဲက တစ်ခုဖြစ်သည်။

လှပသော ဖလောရင့်မြို့၌ အကြမ်းဖက်မှုများနှင့် ပြည့်နှက်နေသည်မှာ နှစ်ပေါင်း ၅ဝဝ သက်တမ်းရှိနေပြီဖြစ်သည်။ ဖလောရင့်မြို့မှာ ၎င်းတို့၏သက်ဆိုင်ရာခရိုင်အတွက် ပြိုင်ပွဲဝင်မည့်အသင်း ၄ သင်းရှိသည်။ ဤအားကစားသည် အလွန်ပြင်းထန်ပြီး ကြည့်ရှုရန်အတွက် အနည်းငယ်ရှုပ်ထွေးစေသည်။

အသင်းတစ်သင်းစီတွင် ကစားသမား ၂၇ ဦးရှိပြီး မိနစ် ၅ဝ ကစားရသည်။ ဂိမ်း၏ ရည်ရွယ်ချက်မှာ ခြံစည်းရိုးနှင့်တူသော ပြိုင်ဘက်၏ ဂိုးပေါက်ကိုကျော်ရန်ဖြစ်သည်။ သဲသောင်ပြင်ပေါ်တွင် ဘောလုံးတစ်လုံးအတွက် တိုက်ပွဲဝင်ကြရသည်။ ၎င်းပြိုင်ပွဲတွင် စည်းမျဉ်းမရှိပါ။ ထိုးခြင်း၊ ကန်ခြင်းနှင့် နပန်းသတ်ခြင်းကိုပင် ခွင့်ပြုထား သည်။

ဟန်မင်းဆက်
Knowledge Light

Leave a Reply

Your email address will not be published.