ခရုဇ်ဒုံးကျည်နှင့် တိုက်ချင်းပစ်ဒုံးကျည်များရဲ့ ကွာခြားချက်
ယူကရိန်းစစ်ပွဲမှာ ရုရှားက ခရုဇ်ဒုံးကျည်နှင့် ဘော်လစ်စတစ်ဒုံးကျည် နှစ်မျိုးစလုံးကို အသုံးပြုတိုက်ခိုက်နေပါတယ်။ အဆိုပါဒုံးကျည်နှစ်မျိုးရဲ့ ကွဲပြားခြားနားချက်ကို ရှင်းလင်းတင်ပြပေးမှာ ဖြစ်ပါတယ်။
အစဉ်အလာအားဖြင့် ဘော်လစ်စတစ်ဒုံးကျည် (Ballistic Missile) ကို ပဲ့ထိန်းမစ်ဆိုင်းဒုံးကျည်လို့ ဘာသာပြန်ဆိုလေ့ရှိကြပါတယ်။ သို့သော် တိကျပြည့်စုံခြင်း မရှိပါဘူး။ ဘော်လစ်စတစ်ဒုံးကျည်ဟာ ပစ်လွှတ်ခါစတွင်သာ ပဲ့ထိန်းစနစ်ကို အသုံးပြုပါတယ်။
Ballistic Missile
ကောင်းကင်အမြင့်ပိုင်းကို ဒုံးကျည်ရောက်ရှိလာတဲ့အခါမှာ လက်နက်ထိပ်ဖူးဟာ ဒုံးကျည်မှခွဲထွက်ပြီး ပစ်မှတ်ဆီကို ဆက်လက်ပျံသန်းတာ ဖြစ်ပါတယ်။ လက်နက်ထိပ်ဖူးဟာ ပဲ့ထိန်းစနစ်၊ တွန်းကန်အားစနစ်များ အသုံးမပြုဘဲ မူလအရှိ၊ မြေဆွဲအားအရှိန်တို့ဖြင့် မျဉ်းကွေးပုံ ပါရာဆိုလာလမ်းကြောင်းအတိုင်း ပစ်မှတ်ဆီကို ပျံသန်းတာ ဖြစ်ပါတယ်။
ဘော်လစ်စတစ်ဒုံးကျည်ကို ဂျာမနီက ၁၉၄၂ ခုနှစ်က စတင် တီထွင်ခဲ့ပါတယ်။ ဂျာမနီရဲ့ V-2 ဟာ ကမ္ဘာ့ပထမဆုံး ဘော်လစ်စတစ်ဒုံးကျည်ဖြစ်ပါတယ်။ သို့သော်ပစ်မှတ်မတိကျတာကြောင့် စစ်ရေးအရ ထိရောက်မှု အားနည်းခဲ့ပါတယ်။
ဘော်လစ်စတစ်ဒုံးကျည်များကို တာကို၊တာလတ်နှင့် တာဝေး(တိုက်ချင်းပစ်) ဆိုပြီး အကြမ်းဖျင်းအားဖြင့် သုံးမျိုးခွဲခြားထားပါတယ်။ ဒုံးကျည်တစ်စင်းတည်းနဲ့ လက်နက်ထိပ်ဖူး တစ်ဒါဇင်ခန့်အထိ တပ်ဆင်ပြီး ပစ်မှတ်တစ်ဒါဇင်ကို တစ်ပြိုင်နက် တိုက်ခိုက်နိုင်ပါတယ်။
မြေဆွဲအားအရှိန်ကြောင့် လက်နက်ထိပ်ဖူး မြေပေါ် ပြန်ကျလာချိန်မှာ အမြန်နှုန်းက အသံထက် ၁၀ ဆ မှ ၂၇ ဆ အထိ ပိုမြန်ပါတယ်။
ခရုဇ်ဒုံးကျည်(Cruise Missile)များဟာ ဘော်လစ်စတစ်ဒုံးကျည်များနဲ့ နှိုင်းယှဉ်ပါက ရွယ်အစားအားဖြင့် များစွာသေးငယ်ပါတယ်။ ဖျက်စွမ်းအားလည်း နည်းပါတယ်။ လက်နက်ထိပ်ဖူးတစ်ခုတည်းသာ တပ်ဆင်နိုင်ပါတယ်။
Cruise Missile
ခရုဇ်ဒုံးကျည်ဟာ ဖောက်ခွဲရေးပစ္စည်း လက်နက်ထိပ်ဖူး တပ်ဆင်ထားတဲ့ တိုက်လေယာဉ် အငယ်စားပင် ဖြစ်ပါတယ်။ ဒုံးကျည် ပျံသန်းရာမှာ တွန်းကန်အားအတွက် ဒုံးပျံအင်ဂျင်ကို အသုံးပြုပါတယ်။ သို့သော်လည်း ခရုဇ်ဒုံးကျည်ဟာ ဂျက်အင်ဂျင်ကို အသုံးပြုပါတယ်။
ဘော်လစ်စတစ်ဒုံးကျည်ဟာ အကွာအဝေးကီလိုမီတာ ၁၅ဝဝဝခန့်အထိ ရောက်ရှိ ပစ်ခတ်နိုင်ပါတယ်။ ခရုဇ်ဒုံးကျည်များကတော့ ကီလိုမီတာ ၂၀၀၀ ခန့် အထိသာ ရောက်ရှိနိုင်ပါတယ်။
ဘော်လစ်စတစ်ဒုံးကျည်ဟာ ကုန်ကျစရိတ်ကြီးမားပြီး နျူကလီးယားထိပ်ဖူးများနဲ့ တွဲဖက်အသုံးပြုလေ့ရှိပါတယ်။ ခရုဇ်ဒုံးကျည်ကိုတော့ နည်းဗျူဟာမြောက် လက်နက်အဖြစ် အသုံးပြုလေ့ရှိကြောင်း တင်ပြလိုက်ပါတယ်။
Source-နိုင်ငံတကာရေးရာ