ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗာဆိုင်းနန်းတော်ကြီး

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗာဆိုင်းနန်းတော်ကြီး(Palace of Versailles)

ပြင်သစ်လို့ဆိုလိုက်တာနဲ့ လူအများစုသိကြ၊ ပြေးမြင်မိကြမှာက ပဲရစ်မြို့၊ အီဖယ်တာဝါနဲ့ ဖောင်တိန်ဘလူးနန်းတော်ကြီးတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်တစ်ခုဖြစ်တဲ့ ကမ္ဘာလဲကျော်၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တစ်ခုဖြစ်တဲ့ ဗာဆိုင်းနန်းတော်ကြီးအကြောင်းကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

ဗာဆိုင်းနန်းတော်လို့ အမည်တွင်တဲ့ အဆောက်အအုံဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရဲ့ အနောက်တောင်ဘက် ၁၂ မိုင်အကွာက ဗာဆိုင်းမြို့ Ile-de-France ဒေသမှာ တည်ရှိနေပြီး ဗာဆိုင်းရဲတိုက်လို့လဲ လူသိများကြပါတယ်။

ဗာဆိုင်းနန်းတော်ရဲ့ အကျယ်အဝန်းကတော့ စတုရန်းမီတာ ၆၇၀၀၀ ဖြစ်ပါတယ်။ ၁၆၈၂ ခုနှစ်၊ ပြင်သစ်ဘုရင်လူဝီ ၁၃ လက်ထက်တုန်းကတော့ ဗာဆိုင်းနန်းတော်နေရာမှာ အမဲလိုက်တဲ့အခါ သူအနားယူဖို့ ဆောက်ထားတဲ့ အိမ်ငယ်လေးတစ်လုံးသာရှိခဲ့ပါတယ်။ ပတ်ဝန်းကျင်ကလဲ ရွာလေးတစ်ရွာနဲ့ တောအုပ်သာဖြစ်ပါတယ်။

၁၇ ရာစု လူဝီ ၁၄ လက်ထက်ရောက်တဲ့အခါမှာတော့ အိမ်ဘေးပတ်လည်က မြေတွေကိုပါ ဝယ်ယူလိုက်ပြီး နန်းတော်ကြီးကို စတင်တည်ဆောက်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ဗာဆိုင်းနန်းတော်ရယ်လို့ဖြစ်လာခဲ့ပါတယ်။ ဒီနေရာဟာ ၁၆၈၂ ခုနှစ်ကနေ ၁၇၈၉ ခုနှစ်အထိ ရာစုနှစ်တစ်ခုနီးပါး ပြင်သစ်ပြည်ရဲ့ နိုင်ငံရေးအာဏာရှိရာ အဓိကနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဗာဆိုင်းနန်းတော်ကြီးကို တည်ဆောက်ဖို့အတွက် လူအင်အား ၃ဝဝဝ နီးပါးကို အသုံးပြုခဲ့ရပါတယ်။ ဒီနန်းတော်ကြီးထဲမှာ အခန်းပေါင်း ၇ဝဝ၊ မီးဖိုပေါင်း ၁၂ဝဝ နဲ့ လှေကားပေါင်း ၆၀ ရှိနေပါတယ်။ ဒီနန်းတော်ကြီးကို တည်ဆောက်ခဲ့စဉ်က ကုန်ကျခဲ့တဲ့တန်ဖိုးကို ယနေ့ငွေတန်ဖိုးနဲ့ တွက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၂ ထောင်ခန့် ကျသင့်မှာဖြစ်ပါတယ်။

ပြင်သစ်ဘုရင် လူဝီ ၁၄ ဟာ သူ့ရဲ့ လုဗ်(Louvre) တော်ဝင်နန်းတော်ကနေ ဗာဆိုင်းနန်းတော်ကို ၁၆၈၂ ခုနှစ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗာဆိုင်းနန်းတော်ရဲ့ ဥယျာဉ်အကျယ်အဝန်းကတော့ ဧက ၃ သောင်းကျော်ရှိပြီး ၊

ဒီကျယ်ဝန်းလှတဲ့ ဥယျာဉ်ခြံကြီးထဲမှာ ရုပ်တုပေါင်း ၄၀၀ ကျော်နဲ့ ရေပန်းပေါင်း ၁၄ဝဝ ခန့်ကို အလှဆင်ထားပါတယ်။ နှစ် ၃၀၀ ကျော် ကြာမြင့်ပြီးဖြစ်တဲ့အတွက် ယနေ့အခါမှာတော့ အကောင်းပကတိ ရေပန်းပေါင်း ၅၀ ကျော်ပဲ ကျန်ရှိပါတော့တယ်။

ဗာဆိုင်းနန်းတော်ထဲမှာပဲ အခြားနန်းတော်ငယ် ၂ ခုကို ထည့်သွင်းတည်ဆောက်ထားပါသေးတယ်။ ဒီ အထဲကတစ်ခုရဲ့ နာမည်ကိုတော့ Petit Trianon လို့ ခေါ်ပြီး ဘုရင်မ Marie Antoinette တစ်ကိုယ်ရေ နားနေတဲ့နေရာအဖြစ် အသုံးပြုခဲ့ပါတယ်။

ဗာဆိုင်းနန်းတော်ကြီးထဲမှာ ပရိဘောဂပစ္စည်းပေါင်း ၅ဝဝဝ ကျော်အပြင် ပန်းချီကားပေါင်း ၆ဝဝဝ ခန့်ကိုလဲ ချိတ်ဆွဲထားပါသေးတယ်။ နန်းတော်မီးဖိုဆောင်ကလဲ အလွန်ကြီးမားကျယ်ဝန်းပြီး ဘုရင့်စားတော်ဆောင်နဲ့ အလွန်ဝေးပါတယ်။

ဘယ်လောက်တောင်ဝေးသလဲဆိုရင် ချက်ပြီးစပူပူနွေးနွေးဟင်းလျာတွေကိုယူလာပြီး ဘုရင့်ဆီရောက်တဲ့အခါမှာတော့ အေးသွားတဲ့အထိပါပဲ။ ဘုရင့်စားတော်ဆောင်ဟာ ဧည့်သည်ပေါင်း ၆၀ဝ ကို တစ်ပြိုင်တည်း ဧည့်ခံနိုင်တဲ့အထိ ကြီးပါတယ်။

ဗာဆိုင်းနန်းတော်ကြီးထဲမှာ ဘုရင်ရဲ့အမှုကို ထမ်းဆောင်ပေးဖို့ထားတဲ့ အစေခံချည်းပဲ ၂ဝဝ ခန့်ရှိပါတယ်။ ဒီအထဲက အချို့ရဲ့အလုပ်ကတော့ ဘုရင့်အညစ်အကြေးအိုးကို သွန်ဖို့အတွက်သာ ဖြစ်ပါတယ်။ နန်းတော်ကြီးဟာ ကြီးမားခံ့ညားပေမဲ့ အိမ်သာအဖြစ် အပေါက်ဖောက်ထားပြီး အောက်မှာ အိုးခံထားတဲ့စနစ်ကိုသာ သုံးခဲ့တာဖြစ်ပါတယ်။

ဗာဆိုင်းနန်းတော်ထဲမှာ Hall of Mirrors လို့ခေါ်တဲ့ အခန်းတစ်ခန်းရှိပါတယ်။ မှန်ချပ်ပေါင်း ၃၅၇ ခု တပ်ဆင်ထားတဲ့အခန်းတစ်ခန်း ဖြစ်ပါတယ်။ မူလကတော့ ဖယောင်းတိုင် ၃၀၀၀ ခန့်ကို အလှဆင်ထားပြီး မီးထွန်းလိုက်တဲ့အခါမှာတော့ မှန်ချပ်တွေရဲ့ အလင်းပြန်မှုကြောင့် တစ်ခန်းလုံးလင်းထိန်သွားပြီး အလွန်လှတဲ့နေရာတစ်ခုဖြစ်သွားတယ်လို့ သိရပါတယ်။

ဒီအခန်းကို တစ်ခါတစ်ရံမှာတော့ Bloody Hall of Mirrors လို့ ခေါ်ကြပါသေးတယ်။ အကြောင်းကတော့ ဒီမှန်တွေလုပ်တဲ့ နည်းပညာတွေကို သင်ပေးခဲ့တဲ့ ဗင်းနစ်မှန်ပညာရှင်တွေကို အဆုံးစီရင်ခဲ့တဲ့နေရာလဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဗာဆိုင်းနန်းတော်ကြီးဟာ အကောင်းတကာ့ အကောင်းဆုံးပစ္စည်းတွေကိုသုံးကာ တည်ဆောက်ထားသလို အပေါ့သွားတဲ့အိုးတွေကိုတောင် ငွေထည်အစစ်နဲ့ ပြုလုပ်ထားပါသေးတယ်။ သို့သော်လဲ ဗြိတိန်နဲ့ စစ်ဖြစ်တဲ့အခါမှာတော့ စစ်သုံးစရိတ်အတွက် ဒီငွေထည်ပစ္စည်းတွေကို အရည်ကျိုပြီး အသုံးပြုခဲ့ရပါတယ်။

ဗာဆိုင်းနန်းတော်ရဲ့ ဒီဇိုင်းကို ၁၇ ရာစုအစ ဥရောပနိုင်ငံအသီးသီးရဲ့ထင်ရှားတဲ့ အဆောက်အအုံတွေကို စုပေါင်းပုံတူယူတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပြင်သစ်တော်လှန်ရေးစတင်တဲ့အခါမှာတော့ ဗာဆိုင်းနန်းတော်က အနုပညာပစ္စည်းတွေကို Louvre နန်းတော်ကို ပြန်လည်ရွှေ့ပြောင်းခဲ့ရပါတယ်။

အဲဒီ အချိန်တုန်းက ပြင်သစ်ပြည်သူတွေဟာ ဒီနန်းတော်ကို မှားယွင်းတဲ့ မကောင်းဆိုးဝါးတစ်ခုလို့ပဲ သတ်မှတ်ထားကြပါတယ်။ အကြောင်းကတော့ ပြည်သူတွေဟာ အလွန်ဆင်းရဲပြီး ငတ်တစ်လှည့်ပြတ်တစ်လှည့်ရှိနေချိန်မှာ ဘုရင်မဟာ ငွေအမြောက်အမြားကုန်ကျခံပြီး ဒီနန်းတော်ကိုတည်ဆောက်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဗာဆိုင်းနန်းတော်ကြီးဟာ ပြင်သစ်တော်လှန်ရေးကို စတင်ခဲ့တဲ့နေရာဖြစ်သလို အဆုံးသတ်ပေးတဲ့ နေရာလဲဖြစ်ခဲ့ပါတယ်။ ပြင်သစ်-ဂျာမန်စစ်ပွဲ စစ်ပြေငြိမ်းရေးကို ဒီနန်းတော်ထဲမှာ လက်မှတ်ရေးထိုးခဲ့သလို ပထမကမ္ဘာစစ်ကို ပြီးဆုံးစေခဲ့တဲ့ စာချုပ်တွေထဲက တစ်ခုဖြစ်တဲ့ ဗာဆိုင်းစာချုပ်ကို ဗာဆိုင်းနန်းတော်က Hall of Mirrors ခန်းမထဲမှာ ရေးထိုးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်မှာတော့ စစ်ဘေးဒဏ်ကြောင့် ဗာဆိုင်းနန်းတော်နဲ့ ဥယျာဉ်နေရာအချို့ ပျက်စီးခံခဲ့ရပါတယ်။ သို့သော်လဲ မြန်မြန်ဆန်ဆန်ပဲ ကုန်ကျစရိတ်ကြီးစွာနဲ့ ပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လဲ ဗာဆိုင်းနန်းတော်ဟာ ၁၉၇၉ ခုနှစ်မှာ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ထားခြင်းခံခဲ့ရပြီး နှစ်စဉ်လာရောက်လည်ပတ်သူဦးရေ ၈ သန်း ကနေ ၁၀ သန်းအထိရှိကြောင်း တင်ပြလိုက်ရပါတယ်။

Source_Knowledge Light

Leave a Reply

Your email address will not be published. Required fields are marked *