ယူကရိန်းနိုင်ငံရဲ့ သူရဲကောင်းဖြစ်လာတဲ့ ဗုံးရှာခွေးကလေး ပက်ထရွန်

ယူကရိန်းနိုင်ငံရဲ့ သူရဲကောင်းဖြစ်လာတဲ့ ဗုံးရှာခွေးကလေး ပက်ထရွန်

ယူကရိန်းပြည်သူများအား ဘေးရန်ကင်းစေဖို့ မပေါက်ကွဲသေးတဲ့ ဗုံးများကို အနံ့ခံရှာဖွေပေး‌နေတာကတော့ ခွေးကလေး ပက်ထရွန်(Patron)ဖြစ်ပါတယ်။ ပက်ထရွန်ဆိုတာ ယူကရိန်း ဘာသာဖြင့် “ကျည်ဆန်”လို့ အဓိပ္ပါယ်ရပါတယ်။

ခွေးကလေး ပက်ထရွန်ရဲ့ အသက်က ၂ နှစ်ခွဲ ဖြစ်ပါတယ်။ သူ့ကို အသက် ၆ လကစပြီး ဗုံးတွေကို အနံ့ခံတတ်အောင် လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းမှာ စစ်ဖြစ်လာချိန်ကစပြီ မပေါက်ကွဲသေးတဲ့ ဗုံးအများအပြား၊မိုင်းများကို ပက်ထရွန် ရှာဖွေပေးလို့ ရှင်းလင်းနိုင်ခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။ အချို့သော ဗုံးများဟာ မပေါက်ကွဲဘဲ ကျန်ရစ်နေတဲ့အတွက် ဒေသခံ ယူကရိန်းပြည်သူများရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

ယူကရိန်းစစ်တပ်မှ ဗုံးရှာခွေးကလေး ပက်ထရွန်ဟာ အဆိုပါ မပေါက်ကွဲသေးတဲ့ ဗုံးအလုံးရေ ၁၅၀ ကျော်ကိုပင် အနံ့ခံရှာဖွေပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက တွစ်တာမှတဆင့် ထုတ်ဖော်ပြောဆို ချီးကျူးခဲ့ပါတယ်။

“ပက်ထရွန်ဟာ ချာနီဟစ်မြို့က ဗုံးရှာခွေးကလေးပါ။ သူဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်တဲ့အချိန်ကစလို့ ဗုံးအလုံးရေ ၁၅၀ ကျော်ကို အနံ့ခံရှာဖွေပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို တာဝန်ဝတ္တရားကျေပြွန်တဲ့အတွက် ခွေးကလေးကို ကျေးဇူးတင်ပါတယ်”လို့ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုထားပါတယ်။

ခွေးကလေး ပက်ထရွန်ဟာ ချိစ်ကို အလွန်ကြိုက်နှစ်သက်တယ်လို့ သိရပါတယ်။ ယူကရိန်းလုံခြုံရေး တပ်ဖွဲ့ဝင်များဟာ မပေါက်ကွဲသေးသော ဗုံးများ ရှာတွေ့ပါက ပက်ထရွန်ကို ချိစ်ကျွေးကာ ဆုချီးမြှင့်လေ့ ရှိပါတယ်။

ရုရှားစစ်တပ်ဟာ ယူကရိန်းစစ်ပွဲမှာ ကလပ်စတာဗုံးများကိုပင် အသုံးပြုပြီး ပိုက်စိပ်တိုက် ဗုံးကြဲတဲ့နည်းလမ်းကို ရက်ရက်စက်စက်အသုံးပြုနေတယ်လို့ ဝေဖန်ခံထားရပါတယ်။

ကလပ်စတာဗုံးဆိုတာ ဗုံးအကြီးကြီးတစ်လုံးထဲမှာ ဗုံးသေးသေးလေးများ စုစည်းထားတဲ့ ဗုံးဖြစ်ပါတယ်။ အဆိုပါ ဗုံးသေးသေးလေးများဟာ လွယ်တကူ မပေါက်ကွဲဘဲ ကျန်ရစ်နေတတ်တာကြောင့်ဒေသခံ အရပ်သားပြည်သူများကို များစွာဒုက္ခရောက်စေပါတယ်။

Heroic Patron

Leave a Reply

Your email address will not be published.