ကမ္ဘာ့အကြီးမားဆုံး ဝီစကီပုလင်းကြီးကို လေလံတင်ရောင်းချမည်
စကော့တလန်နိုင်ငံ၊ ဒင်ဘာ့ဂ်မြို့ အခြေစိုက် Lyon & Turnbull လေလံဌာနကနေ ကမ္ဘာ့အကြီးမားဆုံး ဝီစကီပုလင်းကြီးကို လေလံတင်ရောင်းချသွားဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။
ပုလင်းကြီးဟာ အမြင့် ၅ ပေ ၁၁ လက်မရှိပြီး စကော့ဝီစကီ ၈၂ ဒသမ ၁၆ ဂါလန်ပါရှိပြီးတဲ့ အဆိုပါ ကမ္ဘာ့အကြီးမားဆုံး ဝီစကီပုလင်းကြီးကို လာမယ့် မေလ ၂၅ ရက်နေ့မှာ လေလံတင် ရောင်းချသွားမယ်လို့ သိရပါတယ်။
The Intrepid လို့ အမှတ်တံဆိပ်ကပ်ထားတဲ့ ဝီစကီပုလင်းကြီးဖြစ်ပြီး The Macallan ဒာရက်ချက်စက်ရုံမှာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဝီစကီဒာရက်သက်တမ်းက ၃၂ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
Duncan Taylor ယမဂာာကုမ္ပဏီကနေ ၂၀၂၁ ခုနှစ်မှာ ဒီဒာရက်ပုလင်းကြီးကို ဝီစကီဒာရက် ဖြည့်သွင်းခဲ့ပြီးတဲ့နောက် ကမ္ဘာ့အကြီးမားဆုံး ဝီစကီပုလင်းအဖြစ် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဧရာမ ဝီစကီပုလင်းကြီးကို လေလံဌာနကနေ မေလ ၂၅ ရက်မှာ လေလံတင် ရောင်းချတဲ့အခါ ဒေါ်လာ ၁ ဒသမ ၉ သန်းမျှလောက်ထိ ဈေးကောင်းရဖို့ ခန့်မှန်းထားကြပါတယ်။
မျှော်မှန်းထားသလောက် ဈေးကောင်းရပါက ကမ္ဘာ့ဈေးအကြီးဆုံး ဝီစကီပုလင်းအဖြစ်ပါ နောက်ထပ်ကမ္ဘာ့စံချိန်အသစ်တစ်ခု ထပ်တင်နိုင်ဖွယ်ရှိတယ်လို့ လေလံဌာနက ဆိုပါတယ်။
တို့ဆီက ယမဂာာလုလင်များလည်း ကမ္ဘာ့အကြီးဆုံး ဝီစကီပုလင်းကြီးကို လေလံဆွဲ ဝယ်ယူသောက်သုံးနိုင်ဖို့ မသိလိုက် မရှိရလေအောင် တင်ပြလိုက်ပါတယ်ခင်ဗျား။ သောက်ဖော်သောက်ဖက် အပေါင်းအသင်းများကိုလည်း လက်တို့လိုက်ကြပါဦးနော်။
The World’s Largest Bottle Of Whiskey