ကမ္ဘာဂြိုဟ်ကြီးရဲ့ လျှို့ဝှက်ချက်များ

ကမ္ဘာဂြိုဟ်ကြီးရဲ့ လျှို့ဝှက်ချက်များ

ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာဂြိုဟ်ကြီးဟာ လျှို့ဝှက်ချက်များစွာနဲ့ ပြည့်နှက်နေပါတယ်။ ကမ္ဘာဂြိုဟ်ရဲ့ လျှို့ဝှက်ချက်များကို ရှေးနှစ်ပေါင်းများစွာကတည်းက လူတွေဟာ ဖော်ထုတ်မှုများစွာ ရှိခဲ့ပါတယ်။

ဥပမာပြောရရင် ရှေးအခါက လူသားတွေဟာ ကမ္ဘာကြီးဟာ ပြားနေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ နောက်ပိုင်းကြမှသာ ကမ္ဘာဟာ အပြားမဟုတ် အလုံးကြီးဖြစ်တယ်လို့ လူတို့သိရှိ လက်ခံလာခဲ့ကြပါတယ်။ နောက်ပြီး ကမ္ဘာဟာ အလွန်ကြီးတယ်။ နေက ကမ္ဘာကို လှည့်ပတ်သွားနေတယ်ဆိုတဲ့ ယုံကြည်ချက်မှာ မှားနေပြီး ကမ္ဘာကသာ နေကိုလှည့်ပတ်သွားနေတယ် ဆိုတာကို လူတို့ ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။

ယခုအခါမှာတော့ လူတို့ဟာ ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်များအချို့ကို ဖော်ထုတ်နိုင်ပြီဖြစ်ပါတယ်။သို့သော် ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ လျှို့ဝှက်ချက်များ ရှိနေသေးတယ်ဆိုတာကိုလည်း သိပ္ပံပညာရှင်များက လက်ခံထားကြပါတယ်။

သိပ္ပံပညာထွန်းကားလာသည်နှင်အမျှ ကမ္ဘာဂြိုဟ်ကြီးရဲ့ သက်တမ်းကိုလည်း လူတို့ (သိပ္ပံပညာရှင်တို့) တွက်ချက်နိုင်ခဲ့ကြပါတယ်။ ကမ္ဘာဂြိုဟ်ကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း သန်း ၄၆ဝဝ ခန့်ရှိပြီလို့ ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ နောက်ပြီး ဤကမ္ဘာဂြိုဟ်ကြီးဟာ နောင်နှစ်ပေါင်းသန်း ၄ဝဝဝ ကျော်ခန့်မှာ ပျက်စီးသွားလိမ့်မယ်လို့ ကြိုတင်ထုတ်ဖော်နိုင်ခဲ့ကြပါတယ်။

ကမ္ဘာဂြိုဟ်ရဲ့ သက်တမ်းနှစ်ပေါင်း သန်း ၄၆ဝဝခန့်အတွင်း ကမ္ဘာပေါ်မှာ သဘာဝအလျောက်ပျက်စီးမှု များရှိခဲ့ပါတယ်။ ကမ္ဘာဂြိုဟ်ပေါ်မှာ ပျက်စီးမှုများဟာ ၅ ကြိမ်အထိရှိခဲ့ပြီးဖြစ်ပါတယ်။

ယခုအခါ ကမ္ဘာဂြိုဟ်ပေါ်မှာ ပျက်စီးမှုများဟာ ၆ ကြိမ်အထိ ရှိလာတော့မယ်လို့ သိရပါတယ်။ ကမ္ဘာဂြိုဟ်ပေါ်မှာ ပဉ္စမအကြိမ်ပျက်စီးမှုကြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းခန့် ကဖြစ်ခဲ့တာပါ။

အဲဒီ ပျက်စီးမှုကြောင့် ထိုစဉ်က ကမ္ဘာပေါ်မှာ ရှင်သန်နေခဲ့တဲ့ ဒိုင်နိုဆောသတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များက သက်သေအထောက် အထားများနဲ့ ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။

နေကိုလှည့်ပတ်၍ သွားလာလှုပ်ရှားနေတဲ့ ကမ္ဘာဂြိုဟ်အပြင် အခြားဂြိုဟ်များလည်း ရှိကြပါတယ်။ ၎င်းတို့မှာ နေနှင့်အနီးဆုံးဖြစ်တဲ့ မာကျူရီဂြိုဟ်၊ အဲဒီနောက် ဗီးနပ်စ်ဂြိုဟ်၊ နေနှင့် တတိယအနီးဆုံးဖြစ်တဲ့ ကမ္ဘာဂြိုဟ်၊ ထို့နောက်မှာမှ မားစ်ဂြိုဟ်၊ ဂျူပီတာဂြိုဟ်၊ စေတန်ဂြိုဟ်၊ ယူရေနတ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့ အစဉ်လိုက်ရှိနေကြပါတယ်။ နေနှင့် အဆိုပါဂြိုဟ် ၈ လုံးကို နေအဖွဲ့အစည်း သိပ္ပံ ပညာရှင်များက သတ်မှတ်လိုက်ကြသည်။

နေနှင့်ကမ္ဘာဂြိုဟ်ကြီးဟာ ပျမ်းမျှအားဖြင့် မိုင်ပေါင်း ၉၃ သန်းကွာဝေးတယ်လို့ ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ နေအဖွဲ့အစည်းအတွင်းရှိဂြိုဟ်များမှာ ကမ္ဘာဂြိုဟ်မှလွဲပြီး အခြားဂြိုဟ်များမှာ သက်ရှိသတ္တဝါများ လုံးဝမရှိပါဟု သိပ္ပံပညာရှင်များက ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။

ကမ္ဘာဂြိုဟ်ကြီးရဲ့ ပုံသဏ္ဌာန်ဟာ လုံးဝန်းနေတယ်လို့ လက်ခံလာခဲ့ကြပြီးနောက် ထိုအလုံးအဝန်းဟာ ဘောလုံးကဲ့သို့လား၊ လိမ္မော်သီး၊ ပန်းသီးကဲ့သို့ လုံးဝန်းနေ တာလားဆိုတာကို တိတိကျကျ မပြောနိုင်ခဲ့ကြပါဘူး။

သို့သော်လည်း စက်မှုပညာထွန်းကားတဲ့ ယနေ့ခေတ်မှာ ကောင်းကင်ထဲသို့ လွှတ်တင်ထားတဲ့ ဂြိုဟ်တုပါ ဓာတ်ပုံများမှတစ်ဆင့် ကမ္ဘာဂြိုဟ်ကြီးရဲ့ ပုံသဏ္ဌာန်အမှန် ကို ဖော်ထုတ်နိုင်ခဲ့ကြ၏။ ကမ္ဘာဂြိုဟ်ကြီးရဲ့ ပုံသဏ္ဌာန်အမှန်ဟာ အနားမညီဘဲ အနည်းငယ်ခွက်ဝင်နေတဲ့ အာလူးပုံသဏ္ဌာန်နှင့်တူတယ်လို့ ဓာတ်ပုံနှင့်တကွ ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။

ကမ္ဘာကြီးရဲ့ အပေါ်ယံမြေလွှာဟာ ပါးလွှာတဲ့ အခြေအ‌နေမှာ ရှိပါတယ်။ မာကျောတဲ့ အပေါ်ယံ မြေလွှာဟာ ပျမ်းမျှအားဖြင့် ၃၀ ကီလိုမီတာသာ ထူပါတယ်။ ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက် ၇ ကီလိုမီတာ၀န်းကျင်ခန့်သာ ထူပါတယ်။

ကမ္ဘာကြီးရဲ့အပေါ်ယံ မြေလွှာပေါ်မှာ လူတို့အတွက်လိုအပ်တဲ့ သယံဇာတများရှိရာ ယခုအခါတော့ အဆိုပါသယံဇာတများဟာ လူတို့ကြောင့် တဖြည်းဖြည်းလျော့နည်းလာပါတယ်။ ကမ္ဘာ မြေမျက်နှာပြင်မှာလည်း ပြောင်းလဲလာနေပါတယ်။

လူတို့ဟာ စွမ်းအင်အတွက် လောင်စာများ အပါအဝင် သယံဇာတအသစ်များကိုလည်း ရှာဖွေဖော်ထုတ် နေကြရပါတယ်။ ကျောက်မီးသွေးကို ရှေးပဝေသဏီက တည်းက အသုံးပြုလာကြပြီးနောက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို နောက်ပိုင်းမှာ အသုံးပြုမှုများလာကြပါတယ်။

လူဦးရေများလာသည်နှင့်အမျှ စွမ်းအင်အသုံး ပြုမှုများလာရာ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့များဟာ သုံးပါများလျှင် ကုန်ဆုံးမည်မှာ မလွဲဧကန်ဖြစ်ပါတယ်။ဒါ့ကြောင့် လူတို့ဟာ စွမ်းအင်အသစ်များကို ရှာဖွေနေကြရပါတယ်။

ကမ္ဘာဂြိုဟ်ရဲ့ အတွင်းပိုင်း အလယ်ဗဟိုမှာ အလွန်ပူတဲ့ အရည်များရှိ‌ကြောင်းမီးတောင်ပေါက်ကွဲမှုများကို အခြေခံပြီး သိပ္ပံပညာရှင်တို့က ပြောကြထားပါတယ်။ ကမ္ဘာကြီးရဲ့ အတွင်းပိုင်းအပူရည်များနှင့် ကမ္ဘာကြီးရဲ့ အပေါ်ယံမာကျောတဲ့ မြေလွှာအပိုင်းတို့ အကြားမှာ လူတို့အတွက် အသုံးဝင်မည့် သဘာဝသယံ ဇာတများရှိမည်မှာ မလွဲဧကန်ဖြစ်ပါတယ်။ထို့ကြောင့် သိပ္ပံပညာရှင်များဟာ အဆိုပါလျှို့ဝှက်သယံဇာတများကို ရှာဖွေဖော်ထုတ်နေကြရပါတယ်။

လျှို့ဝှက်ချက်များနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာဂြိုဟ်ဟာ ၎င်း၏လျှို့ဝှက်ချက်များကို အလွယ်တကူနဲ့ ဖော်ထုတ်ခွင့်ပြုမည်တော့ မဟုတ်ပါ။ ကျွန်ုပ်တို့ အသိဉာဏ်ဖြင့် ကမ္ဘာဂြိုဟ်ကြီးရဲ့ လျှို့ဝှက်ချက်များကို ဆက်လက်ဖော်ထုတ်ရမှာဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *