ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာကျော်ဖြစ်လာတဲ့ ဂျက်ဗလင် တင့်ဖျက်ဒုံးကျည်အကြောင်း တစေ့တစောင်း

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာကျော်ဖြစ်လာတဲ့ ဂျက်ဗလင် တင့်ဖျက်ဒုံးကျည်အကြောင်း တစေ့တစောင်း

အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံများဟာ ယူကရိန်းအရေးမှာ စစ်ရေးအရ တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း ယူကရိန်းအား စစ်လက်နက်များ ထောက်ပံ့ကာ ကူညီလျက် ရှိပါတယ်။

အနောက်နိုင်ငံများက ယူကရိန်းအား ထောက်ပံ့‌ပေးထားတဲ့ တင့်ကားပစ် လက်နက်များထဲမှာ အမေရိကန်နိုင်ငံထုတ် ဂျက်ဗလင်အပြင် ဗြိတိန်ထုတ် NLAW ၊ ဆွီဒင်ထုတ် ATM နှင့် Carl Gustav ၊ဂျာမဏီထုတ် Panzerfaust နဲ့ စပိန်ထုတ် INstalaza C90 တို့လည်း ပါဝင်ပါတယ်။

ဒီ တင့်ကားပစ်လက်နက် ငါးမျိုး၊ ခြောက်မျိုးခန့်အနက်မှ ယူကရိန်းအတွက် အားအကိုးရဆုံးနဲ့ အစွမ်းထက်ဆုံး ဂျဗ်ဗလင် ပုခုံးထမ်း တင့်ဖျက်ဒုံးကျည်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဂျက်ဗလင်(Javelin) ဒုံးကျည်ဟာ ရန်သူ့တင့်ကားများကို တိုက်ခိုက်ဖျက်ဆီးရာမှာ အလွန်ပင်အသုံးဝင် ထိရောက်တဲ့ ခေတ်မီလက်နက်ဖြစ်ပါတယ်။ဂျက်ဗလင်ဟာ အဆင့်နှစ်ဆင့်ဖြင့် ပေါက်ကွဲတဲ့ နည်းလမ်းကို အသုံးပြုထားတာကြောင့် ရုရှားရဲ့T-90 ကဲ့သို့ကမ္ဘာ့ခေတ်အမီဆုံး တင့်ကားများရဲ့ သံချပ်ကာကို အလွယ်တကူ ဖောက်ထွင်းကာ ချေမှုန်းနိုင်စွမ်းရှိပါတယ်။

ဂျက်ဗလင်ဒုံးကျည်ဟာ ရန်သူ့တင့်ကားရဲ့ အပြင်ဘက် သံချပ်ကာနံရံနဲ့ ထိတွေ့တဲ့အခါမှာ ပထမအဆင့်အနေဖြင့် ပေါက်ကွဲပါတယ်။ အဲဒီနောက်မှ အင်အားပိုမိုပြင်းထန်တဲ့ ဒုတိယအဆင့် ပေါက်ကွဲမှုဖြင့် တင့်ကားရဲ့ ကိုယ်ထည် သံချပ်ကာကို စုတ်ပြတ်သွားစေတာ ဖြစ်ပါတယ်။

ဂျက်ဗလင်ဒုံးကျည်ဟာ အကွာအဝေးမီတာ ၂၅၀၀ အထိ ရောက်ရှိနိုင်ပါတယ်။ မြေပြင်ပေါ်မှ တင့်ကားများအပြင် ခပ်နိမ့်နိမ့် ပျံသန်းတဲ့ လေယာဉ်နှင့် ရဟတ်ယာဉ်များကိုလည်း တိုက်ခိုက် နိုင်ပါတယ်။

ဂျက်ဗလင်ဒုံးကျည်ဟာ မျဉ်းဖြောင့်ပုံစံပျံသန်းပြီး ပစ်မှတ်ကို တိုက်ခိုက်နိုင်သလို ကောင်းကင်ပေါ်သို့ ထောင်သွားပြီးခါမှ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဦးစိုက်ကျဆင်းကာ ပစ်မှတ်ကို အပေါ်စီးမှနေ၍လည်း တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

ရှေးခေတ်ရောမစစ်သားတစ်ဦး ပစ်လွှတ်လိုက်တဲ့ ဂျက်ဗလင်(လှံအရှည်) တစ်စင်းကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းတာကြောင့် “ဂျက်ဗလင်”လို့ နာမည်ပေးထား ခြင်း ဖြစ်ပါတယ်။

ဒုတိယပုံစံဖြင့် တိုက်ခိုက်ရာမှာ ဂျက်ဗလင်ဒုံးကျည်ဟာ လေထဲကို မီတာ ၁၆ဝ ခန့်အထိ ထောင်တက်သွားပါတယ်။ ထို့နောက် တင့်ကားရဲ့ သံချပ်ကာ အပါးလွှာဆုံး၊ အားအနည်းဆုံးနေရာဖြစ်တဲ့ ထိပ်တည့်တည့်ကို တိုက်ခိုက်ခြင်း ဖြစ်ပါတယ်

ဂျက်ဗလင် ဒုံးကျည်ဟာ ပုခုံးပေါ်မှာ ထမ်းထားနိုင်ပြီး ပစ်မှတ်လွဲချော်မည်ကို စိတ်ပူစရာမလိုပါဘူး။ အခြားသော တင့်ကားဖျက် လက်နက်များဟာ အလေးချိန် အရွယ်အစား ကြီးမားတာကြောင့် သုံးချောင်းထောက် စင်များဖြင့် တပ်ဆင်အသုံးပြုရပါတယ်။

ဂျက်ဗလင်ကတော့ အလေးချိန်ပေါ့ပါးတာကြောင့် စစ်သားတစ်ဦးက ပုခုံးပေါ်တွင် ထမ်းကာ ပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်။ ထိုကဲ့သို့ ပေါ့ပါးပြီး နေရာရွှေ့ပြောင်းရ လွယ်ကူသောကြောင့် ပြောက်ကျားစစ် ဆင်နွှဲရာမှာ များစွာ အသုံးဝင်ပါတယ်။

ဂျက်ဗလင် ဒုံးကျည်ဟာ အဆင့်နှစ်ဆင့် ပါဝင်တဲ့ တွန်းကန်အားစနစ်ကိုလည်း အသုံးပြုထားပါတယ်။ ပထမအဆင့် တွန်းကန်အားဟာ ဒုံးကျည်ကို လောင်ချာထဲမှနေပြီး ၁၀ ပေခန့် အကွာသို့သာ တွန်းထုတ်ပေးပါတယ်။

ထိုကဲ့သို့ ပထမအဆင့် တွန်းကန်အား နည်းပါးခြင်းကြောင့် နေအိမ်တိုက်ခန်းများအတွင်းမှနေ၍ အပြင်ဘက်သို့ အန္တရာယ်ကင်းကင်း လှမ်းပစ်နိုင်ပါတယ်။ ပစ်ခတ်သူရဲ့ တည်နေရာကို ရန်သူအလွယ်တကူ မမြင်တွေ့နိုင်စေရန်လည်း ကာကွယ်ပေးပါတယ်။

ဒုံးကျည်ဟာ ပစ်မှတ်ဆီသို့ ဆက်လက်ပျံသန်းရာမှာ ဒုတိယအဆင့် တွန်းကန်အားကို အသုံးပြုပါတယ်။ ဒါ့ကြောင့် ပထမအဆင့် တွန်းကန်အား ကုန်ဆုံးချိန်မှာ ဒုံးကျည်ဟာ မြေပေါ်သို့ ပြုတ်ကျတော့မလိုဖြစ်ရသည်ကို အနှေးပြကွက် ဗီဒီယိုများမှာ မြင်တွေ့နိုင်ပါတယ်။

ဂျက်ဗလင်ဒုံးကျည်ဟာ Fire and Forget လို့ခေါ်တဲ့ ပစ်မလွဲ လက်နက်အမျိုးအစားလည်း ဖြစ်ပါတယ်။ ပစ်မှတ်ကို ချိန်ရွယ်ကာ ခလုပ်နှိပ်လိုက်ပြီဆိုပါက ဆင့်မြင့်အာရုံခံကိရိယာများက ဒုံးကျည်ကို အလိုအလျောက်ပဲ့ထိန်းပေးကာ ရွေ့လျားနေတဲ့ ပစ်မှတ်ကို တိတိကျကျ ထိမှန်စေပါတယ်။

ဂျက်ဗလင်မှာ လောင်ချာနှင့်ဒုံးကျည်ဟူ၍ အဓိကအစိတ်အပိုင်းနှစ်ခု ပါဝင်ပါတယ်။ လောင်ချာထဲမှာ ဒုံးကျည်များ အကြိမ်ကြိမ်ထည့်သွင်းပစ်ခတ်နိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။

ထိန်းချုပ်ယူနစ်လို့လည်း ခေါ်တဲ့ လောင်ချာဟာ GPS နှင့် အနီအောက်ရောင်ခြည်သုံး အဝေးကြည့်ကင်မရာတို့ ပါဝင်ကာ ပစ်မှတ်ကို ရှာဖွေထောက်လှမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ဂျက်ဗလင်ဟာ ဒုံးကျည်ကုန်သွားတဲ့ အခါမှာလည်း စောင့်ကြည့်ထောက်လှမ်းရေးကိရိယာအဖြစ် အသုံးပြုလို့ရပါတယ်။

ဂျက်ဗလင် တင့်ဖျက်ဒုံးကျည်ကို အမေရိကန်စစ်လက်နက် ကုမ္ပဏီများဖြစ်တဲ့ Raytheon နှင့် Lockheed Martin တို့က ပူးတွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဂျက်ဗလင် တစ်လက်လျှင် တန်ဖိုးဒေါ်လာ ၁၇၈ဝဝဝ ရှိပါတယ်။

လောင်ချာရဲ့ တန်ဖိုးမှာ ဒေါ်လာ ၁၀၀၀၀၀ ဖြစ်ပြီး တပ်ဆင်အသုံးပြုရတဲ့ ဒုံးကျည်တစ်စင်းမှာ တန်ဖိုးဒေါ်လာ ၇၈ဝဝဝ ခန့် ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.