စစ်လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုများကြောင့် စစ်ပွဲအန္တရာယ် ပိုမိုကြီးထွားလာနေတဲ့ တောင်တရုတ်ပင်လယ်
တောင်တရုတ်ပင်လယ်ဒေသမှ နိုင်ငံများဟာ စစ်လက်နက်များ အပြိုင်အဆိုင် တပ်ဆင်နေကြတာကြောင့် စစ်ပွဲအန္တရာယ်ပိုပြီး ကြီးထွားလာနေရတယ်လို့ ဆွစ်ဇာလန်အခြေစိုက် မဟာဗျူဟာလေ့လာရေးအဖွဲ့ SIPRI မှ အကြီးတန်း သုတေသီ နန်တီယန်က CNBC သတင်းဌာနနဲ့ အင်တာဗျူးမှာ သတိပေး ပြောဆိုထားပါတယ်။
“တောင်တရုတ်ပင်လယ်ဒေသရဲ့ စစ်လက်နက်တပ်ဆင်မှု နှုန်းထားဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်မားနေပါတယ်။ တစ်နိုင်ငံက စစ်လက်နက်အသစ်ဝယ်ယူတပ်ဆင်တဲ့အခါ တခြားတစ်နိုင်ငံကလည်း စစ်လက်နက်အသစ်တွေ အားကျမခံ ဝယ်ကြပါတယ်။
ဒီလိုနဲ့ ဒေသတစ်ခုလုံးမှာ စစ်လက်နက်အပြိုင်အဆိုင်တပ်ဆင်မှု ပေါ်ပေါက်လာနေပါတယ်” လို့ သုတေသီ နန်တိယန်က ဆိုပါတယ်။ တောင်တရုတ်ပင်လယ်ဒေသမှာ တရုတ်က စစ်အင်အားကို အလျင်အမြန်တိုးချဲ့နေပါတယ်။
တရုတ်ရဲ့ စစ်အင်အား ကြီးထွားလာတာကြောင့်လည်း စင်ကာပူ၊ ဂျပန်၊ ဩစတြေးလျ၊ ထိုင်ဝမ် စတဲ့ နိုင်ငံများက နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောအပါအဝင် အဆင့်မြင့် စစ်လက်နက်များ ရရှိဖို့ အပြိုင်အဆိုင် ကြိုးပမ်းလာကြရတာလို့ နန်တီယန်က ဆိုထားပါတယ်။
ယခုနှစ် ဧပြီလမှာ ထိုင်စစ်တပ်က Patriot လေကြောင်းကာကွယ်ရေး လက်နက်အပါအဝင် အမေရိကန်ထံမှ စစ်လက်နက် ဒေါ်လာ ၉၅ သန်းဖိုး ဝယ်ယူခဲ့ပါတယ်။ ဂျပန်ကလည်း ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ထံမှ F35 တိုက်လေယာဉ် ဒေါ်လာ ၂၃ ဘီလီယံဖိုး မှာယူခဲ့ပါတယ်။
စင်ကာပူကလည်း အမေရိကန်ထံမှ F-35 တိုက်လေယာဉ်များ မှာယူထားပြီး ၂၀၂၆ ခုနှစ်မှာ လက်ခံရရှိလိမ့်မည် ဖြစ်ပါတယ်။ SIPRI အဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာအရ ကမ္ဘာ့နိုင်ငံများရဲ့ စုစုပေါင်း စစ်ရေးအသုံးစရိတ်ဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၂ထရီလီယံကိုပင် ကျော်လွန်ခဲ့ပါတယ်။
ကာကွယ်ရေး အသုံးစရိတ်အများဆုံး နိုင်ငံများအဖြစ် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်နှင့် ရုရှား တို့က အစဉ်လိုက် ရပ်တည်နေကြပါတယ်။