နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိ ဂျာမဏီနိုင်ငံရဲ့ ကောင်းကင်ရထား

နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိ ဂျာမဏီနိုင်ငံရဲ့ ကောင်းကင်ရထား

ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ခရီးသွားပြည်သူတွေအတွက် သွားလာရေး လွယ်ကူစေရန် ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်းတွေကို အများနည်းတူ တီထွင်ဖောက်လုပ်ကြပြီး သွားလာပို့ဆောင်လျက်ရှိပါတယ်။

နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ ဂျာမနီနိုင်ငံက ကောင်းကင်ရထားတစ်စီးအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

Wuppertal ဆိုတာ ဂျာမနီနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒီမြို့လယ်မှာ တစ်မူထူးခြားတဲ့ ရထားကို မြင်ရမှာဖြစ်ပြီး ပုံမှန်ရထားတွေဟာ ရထားလမ်းကြောင်းအပေါ်ကနေ မောင်းနှင်သွားလေ့ရှိပေမဲ့ ဒီရထားကတော့ ရထားလမ်းအောက်ကနေ တွဲလဲချိတ်ပြီး သွားနေတာပါ။ ဒီရထားကိုတော့ Wuppertal Schwebebahn လို့ ခေါ်ကြပါတယ်။

ဂျာမနီနိုင်ငံဟာ ဒုတိယကမ္ဘာစစ်မတိုင်မီက နည်းပညာအထွန်းကားဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။ ဒီရထားလမ်းကြောင်းကို ၁၉ဝ၁ ခုနှစ်၊ မတ်လ ၁ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခုတိုင်ဆက်လက်ပြေးဆွဲ နေတာကြောင့် သူ့ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၂၀ ခန့်သက်တမ်းရှိသွားပြီဖြစ်တဲ့အတွက် ရှေးအကျဆုံး ကောင်းကင်လျှပ်စစ်ရထားလမ်းကြောင်းလဲ ဖြစ်ပါတယ်။

Wuppertal Schwebebahnရဲ့ ဒီဇိုင်းကို တီထွင်ပေးသူကတော့ ဂျာမန်လူမျိုးစီးပွားရေးလုပ်ငန်းရှင်လဲဖြစ်၊ အင်ဂျင်နီယာတစ်ဦးလဲဖြစ်တဲ့ တီထွင်သူ Eugen Langen ဖြစ်ပါတယ်။

၎င်းက ဂျာမနီ၊ ဘာလင်၊ မြူးနစ်နဲ့ ပိုလန်ဘရက်စလိုမြို့တွေအတွက် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ရထားဘူတာရုံတွေကိုတော့ ၁၈၉၇ ခုနှစ်နဲ့ ၁၉ဝ၃ ခုနှစ်ကြားမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ပထမဆုံးရထားလမ်းကြောင်းကိုတော့ ၁၉ဝ၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ အဲဒီခေတ်အခါတုန်းက ဂျာမနီငွေ ၁၆ သန်းခန့် ကုန်ခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ဝန်ဆောင်မှုပေးနေတဲ့ ဒီကောင်းကင်ရထားတွေကို ဒီကနေ့အထိ Wuppertal မြို့မှာတွေ့ နေရတာဖြစ်ပြီး မြို့ခံပြည်သူတွေအတွက် အဓိကခရီးသွားလာရေးလမ်းကြောင်းတစ်ခုအဖြစ် မောင်းနှင်ပို့ဆောင်ပေးလျက်ရှိနေပါတယ်။

၈ ဒသမ ၃ မိုင်ရှည်လျားတဲ့ ဒီလမ်းကြောင်းတစ်လျှောက်မှာတော့ ဘူတာရုံပေါင်း ၂၀ ပါဝင်ပြီး တစ်ပတ်ကို ခရီးသွား ၈၂၀၀၀ ခန့်ကို သယ်ယူပို့ဆောင်လျက်ရှိပါတယ်။

Wuppertal Schwebebahn ရထားဟာ မြစ်တွေ၊ လမ်းတွေရဲ့ အထက် ပေပေါင်း ၁၂ မီတာ (၃၉ ပေ) အမြင့်ကနေ ချိတ်ဆွဲသွားလာနေတာဖြစ်ပြီး ပျက်စီးမှုတွေကြောင့် ရထားလမ်းကို အကြိမ်ကြိမ်ပြင်ဆင် အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၀၄ ခုနှစ်ကဆိုရင် ပြင်ဆင်စရိတ် စုစုပေါင်းဟာ ယူရိုသန်း ၃၈ဝ နဲ့ ၄၈ဝ ကြားမှာ ကုန်ကျခဲ့ပါတယ်။ ရထားတွဲအိမ်တွေကိုလဲ အဆင့်ဆင့် မွမ်းမံလဲလှယ်တပ်ဆင်ခဲ့တာ အခုဆိုရင် မျိုးဆက် ၁၅ ဆက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။

Wuppertal Schwebebahn ရထားကို စတီးဖရိန်တွေနဲ့ အဓိကပံ့ပိုးထားတာဖြစ်ပြီး ဘီးတွေနဲ့ အတူ ၇၅ဝ ဒီစီဗို့အားရှိတဲ့ လျှပ်စစ်မော်တာတွေနဲ့မောင်းနှင်နေတာ ဖြစ်ပါတယ်။

ကားရထားအိမ်တစ်စီးဟာ ၂၄ မီတာ ရှည်လျားပြီး တံခါးပေါက် ၄ ခု ပါဝင်ပါတယ်။ တစ်စီးကို ထိုင်ခုံနဲ့ လူပေါင်း ၄၈ ယောက်နဲ့ မတ်တတ်ရပ်သူ ၁၃၀ ခန့်လိုက်ပါစီးနင်းနိုင်ပါတယ်။

ခေတ်မီနည်းပညာတွေနဲ့ အဆင့်မြှင့်တင်ထားပြီး ထိုင်ခုံစနစ်၊ လေအေးပေးစက်စနစ်၊ သတင်းအချက်အလက်ပြ စနစ်များနဲ့ LED မီးများကိုပါ အလှဆင် တပ်ဆင်ထားပါတယ်။

ရထားဟာ မြင့်မားတဲ့နေရာကနေ သွားတာကြောင့် ရထားလမ်းတစ်လျှောက်က မြင်ကွင်းတွေကို ကြည့်ရှုခံစားနိုင်ပြီး ဂျာမနီနိုင်ငံ အနောက်ပိုင်းကို လာရောက်လည်ပတ်သူများဟာ ဒီရထားကို စီးဖူးအောင် စီးလေ့ရှိကြပါတယ်။

ဒီရထားဟာ တစ်နာရီကို ၆၀ ကီလိုမီတာ (၃၇ မိုင်) ခန့် အမြန်ဆုံးမောင်းနှင်နိုင်သော်လဲ ပုံမှန်အားဖြင့် တစ်နာရီကို ၂၇ ကီလိုမီတာ (၁၇ မိုင်) ခန့်သာ မောင်းနှင်ပါတယ်။

ဒီကောင်းကင်ရထားဟာ ဂျာမနီနိုင်ငံရဲ့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာတောင် ထည့်သွင်းရိုက်ကူးခံရလေ့ရှိကြောင်း တင်ပြလိုက်ရပါတယ်။

ကောင်းစစ်ဟန်
Source: Wuppertal Schwebebahn by Wikipedia and Thutazone

Leave a Reply

Your email address will not be published.