တောင်တရုတ်ပင်လယ်အား စိုးမိုးခဲ့သည့် အမျိုးသမီး ပင်လယ်ဓားပြခေါင်းဆောင်

တောင်တရုတ်ပင်လယ်အား စိုးမိုးခဲ့သည့် အမျိုးသမီး ပင်လယ်ဓားပြခေါင်းဆောင်

Hsi Kai (စီခိုင်)(၁၇၇၅-၁၈၄၄)
ပင်လယ်ဓားပြလောကမှာ အောင်မြင်မှုအရဆုံးသောသူမှာ အမျိုးသား မဟုတ်ဘဲ Hsi Kai (စီခိုင်) အမည်ရှိ အမျိုးသမီးသာ ဖြစ်ပါတယ်။ သူမကို ချင်ရှီ (Ching Shih)လို့လည်း လူသိများပါတယ်။ သူမဟာ ၁၈ ရာစုကာလအတွင်း ပင်လယ်ဓားပြလောကမှာ သမိုင်းဝင်တဲ့ တရုတ်အမျိုးသမီးတစ်ဦးပင် ဖြစ်ပါတယ်။

စီခိုင်ဟာ ပင်လယ်ဓားပြသင်္ဘောများစွာနှင့် သင်္ဘောသား ယောက်ျားများစွာအား အမိန့်ပေးနိုင်သူလည်း ဖြစ်ပါတယ်။ စီခိုင်ရဲ့ စိတ်ကူးအရ သူမ အသက်အရွယ်ကြီးရင့်လာချိန်မှာ စုဆောင်းထားတဲ့ လုရာပါ၊ တိုက်ရာပါ ပစ္စည်းများဖြင့် ဇိမ်ကျကျနေသွားဖို့ ဖြစ်ပါတယ်။

စီခိုင်ဟာ တစ်ချိန်က ပင်လယ်ဓားပြတို့ရဲ့ အငယ်အနှောင်းအဖြစ် နေထိုင်ခဲ့ရပြီး ဘဝအခြေအနေရ ဇိမ်ခန်းတွင် အလုပ်လုပ်ခဲ့ရသူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ နာမည်ကြီး ပင်လယ်ဓားပြခေါင်းဆောင် ချင်ရီ (Ching Yih) နှင့် ဇိမ်ခန်းမှာ တွေ့ဆုံခဲ့ပါတယ်။

သည်လိုနှင့် စီခိုင်ဟာ ချင်ရီရဲ့ မယားငယ် ဖြစ်လာခဲ့ရပြီး ၁၈၀၁ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ စီခိုင် ပင်လယ်ဓားပြဘဝ မရောက်မီကတည်းက ဉာဏ်ရည်ထက်မြက်သူ၊ စကားပြောကောင်းသူ ဖြစ်တာကြောင့် ပင်လယ်ဓားပြအဖွဲ့အချင်းချင်းအား စီးပွားရေးအရ ကြားဝင်စေ့စပ်ညှိနှိုင်းပေးနိုင်သူ ဖြစ်ပါတယ်။

၎င်းပြင် စည်းရုံးပြောဆိုနိုင်စွမ်း ရှိခြင်းကြောင့် ပင်လယ်ဓားပြခေါင်းဆောင် ချင်ရီနှင့် လက်ထပ်ပြီး သူမအတွက် ရှယ်ယာ ၅ဝ ရာခိုင်နှုန်း ခံစားခွင့်ရယူနိုင်ခဲ့ပါတယ်။

၁၈၀၇ ခုနှစ်မှာ ချင်ရီကွယ်လွန်သောအခါ စီခိုင်က ခင်ပွန်းဖြစ်သူရဲ့ ပင်လယ်ဓားပြလှေများ၊ သင်္ဘောများအား အမွေဆက်ခံသူအဖြစ် ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စီခိုင်ဟာ ပယ်လယ်ဓားပြသင်္ဘော ၁၀၀၀ ကျော်မှ အဖွဲ့ဝင် ယောက်ျား၊ မိန်းမ ၅ဝဝဝဝ (ငါးသောင်း) ကျော်အား ထိန်းချုပ်ကာ အမိန့်ပေးစေခိုင် နိုင်ခဲ့ပါတယ်။ စီခိုင်က ပင်လယ်ဓားပြလောကရဲ့ အရှင်သခင်မ ဘ၀ကိုပါ မကျေနပ်နိုင်သေးဘဲ တစ်ကမ္ဘာလုံးအား ထိန်းချုပ်နိုင်တဲ့ သြဇာအာဏာကိုပါ ပိုင်ဆိုင်ချင်လာသူ ဖြစ်ပါတယ်။

ဒါ့ကြောင့် တောင်တရုတ် ပင်လယ်ဒေသတစ်ခုလုံးကို သြဇာလွှမ်းမိုးထားနိုင်ရန် ပင်လယ်ကမ်းခြေ ရွာများအား တိုက်ခိုက်သိမ်းပိုက်ပြီး ရွာသူ၊ ရွာသားများအား သူမ၏လက်အောက်သို့ ဝင်ကာ သြဇာခံရန် အမိန့်ပေးခဲ့ပါတယ်။

၁၈၁၀ ခုနှစ်မှာ ဗြိတိန်၊ ပေါ်တူဂီ၊ တရုတ်တပ်ဖွဲ့များ ပူးပေါင်းကာ စီခိုင်ရဲ့ အင်အားခိုင်မာတောင့်တင်းတဲ့ ပင်လယ်ဓားပြတပ်ဖွဲ့များအား အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားခဲ့ကြပါတယ်။ တရုတ်ဧကရာဇ်အနေဖြင့်လည်း သူပုန်များအား အထူးလွတ်ငြိမ်းချမ်းသာခွင့်ပြု၍ နေရပ်သို့ ပြန်လာနိုင်ရန် စီစဉ်ပေးခဲ့ပါတယ်။

စီခိုင်ဟာ ကန်တုန်ပြည်နယ်အစိုးရ ဘုရင်ခံချုပ်နှင့် ဆွေးနွေးခွင့် ရရှိခဲ့ပါတယ်။ စီခိုင်ရဲ့ ညှိနှိုင်းပြောကြားချက်မှာ သူမနှင့် သူမအဖွဲ့ဝင် (ပင်လယ်ဓားပြအားလုံး) သင်္ဘောများ၊ လက်နက်များအားလုံးကို စွန့်လွှတ်ပြီး အစိုးရသို့ လွှဲပြောင်းပေးမည်။

သို့သော်လည်း သူမနှင့် အဖွဲ့ဝင် ၁၇၀၀၀ (တစ်သောင်း ခုနစ်ထောင်)အတွက် ဘဝတစ်သက်သာ အေးချမ်းစွာဖြင့် ရပ်တည်နိုင်ရန် ဝှက်ထားသည့် ရတနာများအား တရားဝင်ခွင့် ပြုပေးရမည်ဟူ၍ ပါရှိပါတယ်။

စီခိုင်ဟာ တရုတ်အစိုးရနဲ့ စေ့စပ်မှုပြေလည်ပြီးနောက်ပိုင်း နောက်ထပ် နှစ်ပေါင်း ၃၀ ခန့် ချမ်းချမ်းသာသာနေထိုင်ပြီးမှ ကွယ်လွန်သွားခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ဒေသအတွင်း စီခိုင်ရဲ့ တစ်ချိန်က ပုံရိပ်များအား ပြန်လည်အမှတ်ရနေဆဲ ဖြစ်ပါတယ်။

စီခိုင်ဟာ သူမ ချမှတ်ထာတဲ့ စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သူ မည်သူကိုမဆို ပြင်းထန်ရက်စက်စွာ အပြစ်ပေးတတ်ပါတယ်။ ဥပမာအားဖြင့် ဖမ်းဆီးရမိသူ အမျိုးသမီးတစ်ဦးဦးအား ပင်လယ်ဓားပြတစ်ဦးက အဓမ္မ ပြုကျင့်ပါက ပြုကျင့်သူ အမျိုးသားအား 6သဒဏ်ပေးပါတယ်။

တစ်ဖန် အဖမ်းခံထားရသူ မိန်းကလေးအမျိုးသမီးတို့ဘက်က ကျေကျေနပ်နပ်ဖြင့် ပင်လယ်ဓားပြအမျိုးသားရဲ့ အလိုဆန္ဒကို လိုက်လျောသည် ဆိုပါကလည်း နှစ်ဦးစလုံးအား ခေါင်းဖြဝာ်ကွပ်မျက်ပြီး ပင်လယ်ထဲသို့ လွှင့်ပစ်စေပါတယ်။

စီခိုင်ရဲ့ ပင်လယ်ဓားပြလှေ၊ သင်္ဘောများမှာ တရုတ်ဝမ်းပြားရွက်လှေသင်္ဘော ၂၀၀ ကျော်ပါဝင်ပြီး၊ သင်္ဘောတစ်စင်းစီမှာ အမြောက် ၂၀ မှ ၃၀ အထိ တပ်ဆင် ထားပါတယ်။ ၎င်းပြင် ကမ်းရိုးတန်းသွား ရေယာဉ်ငယ်ပေါင်း ၈၀ဝ ကျော်နှင့် မြစ်ကူး လှေငယ် ဒါဇင်ပေါင်းများစွာ ပါရှိကြပါတယ်။

အမေရိကန်ရေတပ်မှ တပ်ဖွဲ့ဝင် ငါးသောင်းကျော်အား အမိန့်ပေးစေခိုင်းနေချိန်အတွင်းမှာပင် စီခိုင်ကလည်း သူရဲ့ ပင်လယ်ဓားပြ အဖွဲ့ဝင် ၅ သောင်းကျော်အား တစ်ပြိုင်နက်တည်း အမိန့်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

စီခိုင်ရဲ့ ပင်လယ်ဓားပြတပ်ဖွဲ့အား အမေရိကန်တပ်ဖွဲ့နှင့် နှိုင်းယှဉ်နိုင်ရုံမက စပိန်ရေတပ်မတော်နှင့်ပါ အန်တုနှိုင်းယှဉ်နိုင်ခဲ့ပါတယ်။

Source-အောင်လှိုင်(သမိုင်းကပြောသော အံ့ဖွယ်ဇာတ်လမ်း)

Leave a Reply

Your email address will not be published. Required fields are marked *