တစ်နှစ်ပတ်လုံး လေထဲမှာ ပျံဝဲနေနိုင်မယ့် အမေရိကန်‌ရေတပ်ရဲ့ မောင်းသူမဲ့လေယာဉ်သစ်

တစ်နှစ်ပတ်လုံး လေထဲမှာ ပျံဝဲနေနိုင်မယ့် အမေရိကန်‌ရေတပ်ရဲ့ မောင်းသူမဲ့လေယာဉ်သစ်

အမေရိကန်ရေတပ်ဟာ Skydweller လို့ ခေါ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့လေယာဉ်တစ်စင်း ဖြစ်ပေါ်လာရေးအတွက် အမေရိကန်-စပိန် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Skydweller Aero ကုမ္ပဏီနဲ့ ပူးပေါင်းဖန်တီး တည်ဆောက်နေပါတယ်။

အမေရိကန်အနေနဲ့ မောင်းသူမဲ့လေယာဉ်နည်းပညာမှာ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ပေမယ့် ရေတပ်က Skydweller မောင်းသူမဲ့လေယာဉ် ရရှိရေးလုပ်ဆောင်နေတာကတော့ Skydweller လေယာဉ်ဟာ သာမန်မောင်းသူမဲ့လေယာဉ်တွေလိုမဟုတ်ပဲ လေထဲမှာ အချိန်အတော်ကြာ မောင်းနှင်နိုင်စွမ်းရှိလို့ ဖြစ်ပါတယ်။

Skydweller ဟာ သူရဲ့တောင်ပံနှစ်ဖက်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြားတွေဆီကနေ နေရောင်ခြည်စွမ်းအင်ကိုရယူပြီး မြေပြင်ပေါ်ကို တစ်ချက်မှပြန်မဆင်းရပဲ ရက်ပေါင်း ၉၀ ကြာတဲ့ အထိ လေထဲမှာ ပျံဝဲနေနိုင်ပါတယ်။

ဒါမှသာ အမေရိကန် ရေတပ်ဟာ ၎င်းတို့ရဲ့ သင်္ဘောများပတ်လည်ရှိ နေရာများကို အစဉ်အမြဲစောင့်ကြည့်နေနိုင်မှာ ဖြစ်ပါတယ်။

Skydweller မောင်းသူမဲ့လေယာဉ်ဟာ ဆန်းသစ်တီထွင်မှုအရှိဆုံးဖြစ်တာကြောင့် အမေရိကန်ရေတပ်ဟာ ဒီမောင်းသူမဲ့လေယာဉ် ရရှိရေးအတွက် Skydweller Aero ကုမ္ပဏီနဲ့ ဒေါ်လာ ၁၄ သန်းတန် သဘောတူစာချုပ်ကို ချုပ်ဆိုထားပါတယ်။

“အနာဂတ်မှာ မျိုးဆက်သစ်အစိုးရ တစ်ရပ်အနေနဲ့ ပြဿနာရပ်တွေကို စောင့် ကြည့်ဖြေရှင်းဖို့အတွက် အဆက်မပြတ် ပျံသန်းနေနိုင်တဲ့လေယာဉ်မျိုးက နိုင်ငံ တော်လုံခြုံရေးအတွက် အလွန်ကိုအရေးပါလာပါပြီ။

အခုပူးပေါင်းဆောင်ရွက်မှုက ကျွန်တော်တို့ရဲ့ပလက်ဖောင်းကို အချိန်တိုအတွင်း အဆင့်မြှင့်တင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် လေယာဉ်အနေနဲ့ ရည်မှန်းချက် တာဝန်တွေကို အခုထက်ပိုမိုထမ်းဆောင်နိုင်စေဖို့အတွက် အလားအလာကောင်းတွေရှိပြီး ကာဗွန်ထုတ်လွှတ်မှုကင်းစင်တဲ့ နည်းလမ်းတွေကို ပိုမိုဖော်ဆောင်သွားနိုင်မှာဖြစ် ပါတယ်” လို့ Skydweller Aero ကုမ္ပဏီအမှု ဆောင်အရာရှိချုပ် ဒေါက်တာရောဘတ်မေလာက ပြောကြားထားပါတယ်။

Skydweller မောင်းသူမဲ့လေယာဉ်ဟာ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်အသုံးပြုနိုင်တဲ့ ဟန်ဆောင်ဂြိုဟ်တုအဖြစ် လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နိုင်တယ်လို့ သိရပါတယ်။

ဟန်ဆောင်ဂြိုဟ်တုဆိုတာကတော့ လေယာဉ်တစ်စင်းဖြစ်ပြီး လေထဲမှာ အချိန်အကန့်အသတ်မရှိ ပျံဝဲနေတာမျိုး ဖြစ်ပါတယ်။ ဆိုလိုတာက လေထဲမှာ ရက် ၃၀ ၊ရက် ၆၀၊ရက် ၉၀ ကနေ တစ်နှစ်ပတ်လုံးအထိနေနိုင်ပြီး ဂြိုဟ်တုတစ်လုံးအနေနဲ့ လုပ်ဆောင်နိုင်တဲ့ အခြေခံဆောင်ရွက်ချက်တွေကို ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။

တကယ်လို့များ လေယာဉ်အနေနဲ့ မြေပြင်ပေါ်ဆင်းသက်စေဖို့ အော်ပရေတာက ဆန္ဒရှိမယ်ဆိုရင်လဲ ယနေ့အချိန်အခါမှာ ဂြိုဟ်တုအများအပြား ရင်ဆိုင်နေရတဲ့ အာကာသအမှိုက်တွေနဲ့ တိုက်မိတာမျိုး ရှိလာနိုင်မှာ မဟုတ်ပါဘူးလို့ သိရပါတယ်။

အမေရိကန်ရေတပ်ဟာ ဒီ Skydweller မောင်းသူမဲ့လေယာဉ်ကို ၂၀၂၃ ခုနှစ်မှာ တပ်တော်ဝင်ပြီး လုပ်ငန်းတာဝန်တွေ ထမ်းဆောင်သွားနိုင်ရန် ရည်မှန်းထားကြောင်း ဆိုပါတယ်။

Leave a Reply

Your email address will not be published.