ကမ္ဘာ့အသေးဆုံး တိရစ္ဆာန်လေးများ

ကမ္ဘာ့အသေးဆုံး တိရစ္ဆာန်လေးများ

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တွေ့မြင်နေကျ အရွယ်အစား မဟုတ်တဲ့ အသေးဆုံးတိရစ္ဆာန်လေးတွေကို တင်ဆက်လိုက်ပါတယ်။ အချို့တိရစ္ဆာန်လေးတွေမှာ ရှိတယ်လို့ မထင်ရလောက်အောင် အလွန်သေးငယ်တဲ့ အရွယ်အစားနဲ့ တည်ရှိနေကြပြီး မျိုးသုဉ်းရှားပါး တိရစ္ဆာန်တွေဖြစ်နေကြပါတယ်။

ကမ္ဘာပေါ်မှာ တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာရှိတဲ့အထဲကမှ ထူးထူးကဲကဲ သေးကွေးနေကြတဲ့ တိရစ္ဆာန်မျိုးစိတ်တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ အဲဒီလို တင်ပြရာမှာ မြန်မာအခေါ်အဝေါ်သတ်မှတ်ဖို့အတွက် အင်္ဂလိပ်-မြန်မာအဘိဓာန်မှာရှာဖွေပေမဲ့လဲ မတွေ့ရှိရတဲ့အတွက် မူရင်းအမည်အတိုင်း ဖော်ပြပေးလိုက်ရပါတယ်။

(၁) Bumblebee Bat

ပိတုန်းလင်းနို့လို့ခေါ်ကြတဲ့ ဒီလင်းနို့လေးတွေဟာ ကမ္ဘာ့အသေးဆုံး လင်းနို့ဖြစ်သလို ကမ္ဘာ့အသေးဆုံး နို့တိုက်သတ္တဝါလဲ ဖြစ်ပါတယ်။ မျမ်းမျှအားဖြင့် ခန္ဓာကိုယ်အလျားဟာ ၁ ဒသမ ၂ လက်မ (၃၃ မီလီမီတာ)သာ အရှည်ရှိကြပြီး ၂ ဂရမ်သာ အလေးချိန်ရှိပါတယ်။

(၂) Royal Antelope

သမင်နဲ့ဆင်တူပြီး အပြေးပြန်တဲ့ တောဆိတ်မျိုးဖြစ်တဲ့ Royal Antelope လေးတွေဟာ ဂါနာနိုင်ငံနဲ့ ဆီယာရာလီယွန်နိုင်ငံတွေမှာရှိတဲ့ မိုးသစ်တောတွေထဲမှာ နေထိုင်ကျက်စားကြပါတယ်။

အသေးဆုံး တောဆိတ်မျိုးလဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အလျားဟာ ၁ဝ လက်မ(၂၅ စင်တီမီတာ)ခန့်သာ အရှည်ရှိကြပြီး ၅ ဒသမ ၅ ပေါင် (၂ ဒသမ ၄၉၇ ကီလိုဂရမ်) အလေးချိန်ရှိကြပါတယ်။

(၃) Etruscan Shrew

နို့တိုက်သတ္တဝါမျိုးစုထဲပါဝင်တဲ့ ဒီတိရစ္ဆာန်လေးတွေကလဲ ၁ ဒသမ ၅ လက်မ (၄ စင်တီမီတာ) လောက်သာအရွယ်ရှိကြပြီး ၂ ဂရမ်အောက်သာ အလေးချိန်ရှိကြပါတယ်။

ဒီတိရစ္ဆာန်လေးတွေဟာ သူတို့ခန္ဓာကိုယ် အလေးချိန်ရဲ့ နှစ်ဆလောက်ရှိတဲ့အစားအစာကို နေ့စဉ်စားသုံးတတ် ကြပါတယ်။

(၄) Dwarf Lantern Shark

ငါးမန်းဆိုရင် အကောင်ကြီးကြီးကြောက်စရာလို့ ထင်မှတ်တတ်ကြပေမဲ့ အခု Dwarf Lantern ငါးမန်းမျိုးတွေကတော့ အရွယ်ရောက်ချိန်မှာတောင် လူရဲ့လက်ပေါ်မှာ ကိုင်ထားနိုင်ရုံသာ ကြီးမားကြပါတယ်။

ဒီငါးမန်းမျိုးတွေဟာ ရှားပါးမျိုးစိတ်ဖြစ်ပြီး တွေ့မြင်ရဖို့လဲ မလွယ်ပါဘူး။ တောင်အမေရိကတိုက်အနီးက သမုဒ္ဒရာရေပြင်အောက်ပေ ၁၄၄၀ (၄၃၉ မီတာ)အနက်မှာ နေထိုင်ကျက်စားကြပါတယ်။

(၅) Smallest Lizard

သိပ္ပံပညာရှင်တွေက အဲဒီမျိုးစိတ်ကို ဒိုမီနီကန်နိုင်ငံမှာ အသေးဆုံး အိမ်မြှောင်မျိုးစိတ်အဖြစ် တွေ့ရှိခဲ့ကြတာပါ။ မျိုးစိတ်ကို Sphaerdactylus ariasae လို့ အမည်ပေးထားပြီး ခန္ဓာကိုယ်အလျားကတော့ ၁ လက်မအောက်သာ အရွယ်အစားရှိကြပါတယ်။

(၆) Brookesia Micra Chameleon

မာဒါဂါစကာကျွန်းမှာတွေ့ရှိခဲ့တဲ့ Brookesia Micra ပုတ်သင်ညိုလေးတွေဟာ ရှာဖွေတွေ့ရှိပြီးသမျှ ပုတ်သင်ညိုမျိုးနွယ်တွေထဲမှာ အသေးဆုံးလို့ သတ်မှတ်ထားကြပါတယ်။

ဘယ်လောက်သေးလဲဆိုတာ ပုံမှာတွေ့ရသလို မီးခြစ်ဆံခေါင်းကလေးပေါ်မှာ တင်ထားနိုင်လောက်အောင် သေးငယ်လှပါတယ်။

(၇) Pygmy Rabbit

ပစ်ဂမီယုန်လေးတွေဟာ ကမ္ဘာ့အသေးဆုံးနဲ့ အရှားပါးဆုံး ယုန်မျိုးစိတ် ဖြစ်ပါတယ်။ အရွယ်အစားကတော့ ၉ လက်မကနေ ၁၁ လက်မ (၂၂ ဒသမ ၉ စင်တီမီတာကနေ ၂၇ ဒသမ ၉ စင်တီမီတာ) သာ ရှိကြပါတယ်။ အလေးချိန်ကတော့ တစ်ပေါင်အောက်သာ လေးပါတယ်။

Source :Yadanarpon news
ကိုးကား :world smallest animals by Wikipedia

Leave a Reply

Your email address will not be published.