ရုရှားသမ္မပူတင် ဆင်နွှဲခဲ့သော စစ်ပွဲများ

ရုရှားသမ္မပူတင် ဆင်နွှဲခဲ့သော စစ်ပွဲများ

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆိုဗီယက်နယ်မြေဟောင်း အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ယူကရိန်းစစ်ပွဲမတိုင်မီတွင် ပူတင်သည် ချေချင်းညာစစ်ပွဲနှင့် ဂျော်ဂျီယာစစ်ပွဲကိုလည်း ဆင်နွှဲခဲ့ဖူးသူ ဖြစ်သည်။

ကိုးနှစ်နီးပါးကြာမြင့်ခဲ့‌သော ချေချင်းညာစစ်ပွဲ

ချေချင်းညာဒေသသည် ရုရှားနိုင်ငံ၏ အနောက်တောင်ပိုင်း၊ ကက်စပီယန်ပင်လယ်အနီးတွင် တည်ရှိသည်။ ဂျော်ဂျီယာနိုင်ငံနှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်နေသည်။

၁၉၉၁ ခုနှစ်၌ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသောအခါတွင် ချေချင်းညာဒေသကလည်း လွတ်လပ်ရေးရယူကြောင်း ကြေညာသည်။ သို့သော် လွတ်လပ်ရေး မယူလိုသူများလည်းရှိသဖြင့် ရုရှားသည် ၁၉၉၄ ခုနှစ်တွင် ချေချင်းညာဒေသသို့ တပ်ဖွဲ့များစေလွှတ်ခဲ့ရာ ပထမချေချင်းညာစစ်ပွဲ ပေါ်ပေါက်ခဲ့သည်။

နှစ်နှစ်နီးပါးကြာမြင့်ခဲ့သော ထိုစစ်ပွဲတွင် လူတစ်သိန်းကျော် ဆုံးပါးခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် နှစ်ဘက် အပစ်အခတ်ရပ်စဲပြီး ရုရှားတပ်ဖွဲ့များ ဆုတ်ခွာခဲ့သည်။ နှစ်ဘက် အပစ်အခတ်ရပ်စဲခဲ့သော်လည်း တင်းမာမှုများက ဆက်ရှိနေခဲ့သည်။

ထိုသို့ဖြင့် သမ္မတဘောရစ်ယဲ့လ်ဆင်လက်ထက် ၁၉၉၉ ခုနှစ် ဩဂုတ်လနှောင်းပိုင်းတွင် ရုရှားသည် အကြီးစားလေကြောင်းတိုက်ခိုက်မှုများဖြင့် ဒုတိယ ချေချင်းညာစစ်ပွဲကို စတင်ခဲ့သည်။

သို့သော် ကိုးနှစ်နီးပါးကြာမြင့်ခဲ့သော ထိုစစ်ပွဲတွင် ဘောရစ်ယဲ့လ်ဆင်သည် လအနည်းငယ်သာ ဦးဆောင်ခဲ့ပြီး ၎င်း၏ နေရာဆက်ခံသော သမ္မတပူတင်က အဓိက ဦးဆောင်ခဲ့သူဖြစ်သည်။

သမ္မတဘောရစ်ယဲ့လ်ဆင်လက်ထက်၌ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေသော ပူတင်သည် လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်ထိုးစစ်လည်း စတင်ကြောင်း ၁၉၉၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်၌ ကြေညာသည်။

ရုရှားက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ချေချင်ဒေသ၏ မြို့တော်ဂရိုဇနီကို သိမ်းပိုက်ရရှိခဲ့သည်။ ပူပူနွေးနွေးသမ္မတဖြစ်ခါစ ပူတင်အတွက် အောင်ပွဲဖြစ်ခဲ့သည်။

ရုရှားသည် မြို့တော် ဂရိုဇနီကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ချေချင်းညာသူပုန်များက ဆက်လက်၍ လက်နက်ကိုင် တော်လှန်ခဲ့ရာ စစ်ပွဲသည် ၂၀၀၉ ခုနှစ် အထိ ဆက်လက်ဖြစ်ပွားခဲ့ရသည်။

ချေချင်းညာစစ်ပွဲကို စတင်ခဲ့သူမှာ သမ္မတ ဘောရစ်ယဲ့လ်ဆင်ဖြစ်သော်လည်း စစ်ပွဲကို ရေရှည်ဆက်လက်ဆင်နွဲတိုက်ခိုက်ခဲ့သူမှာ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် သမ္မတဖြစ်လာသော ပူတင်ဖြစ်သည်။ စစ်ပွဲအပြီးတွင် ချေချင်းညာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တွင် ရုရှားလိုလားသော အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။

ဂျော်ဂျီယာစစ်ပွဲ

၁၉၉၁ ခုနှစ်၌ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသောအခါတွင် ဂျော်ဂျီယာနိုင်ငံသည် လွတ်လပ်ရေး ရရှိလာခဲ့သည်။ သို့သော် ရုရှားလူမျိုးအများစု နေထိုင်ရာ ဒေသအချို့သည် ရုရှားနှင့်ပူးပေါင်းလိုသဖြင့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကျော်ဂျီယာသည် ရုရှားနှင့်ဆွေးနွေးညှိနှိုင်းကာ အပစ်အခတ်ရပ်စဲနိုင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်၌ သဘောထားတင်းမာသော ပူတင် ဒုတိယအကြိမ် ရုရှားသမ္မတ ဖြစ်လာသလို ၂၀၀၃ ခုနှစ်၌ ဂျော်ဂျီယာတွင်လည်း အနောက်အုပ်စု လိုလားသော အစိုးရသစ်တက်လာခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာခဲ့သည်။ ရုရှား၏ ကြိုးကိုင်မှုများကြောင့် ဂျော်ဂျီယာတွင် ငြိမ်သက်နေသော ပြည်တွင်းစစ်မီးပြန်လည် တောက်လောင်လာခဲ့သည်။

ရုရှားသမ္မတပူတင်သည် ဂျော်ဂျီယာရှိ မိမိတို့ ရုရှားလူမျိုးများ ဖိနှိပ်ခံ သဝာ်ဖြတ်ခံနေရပြီဟု အကြောင်းပြကာ ၂၀၀၀ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် ဂျော်ဂျီယာကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။

စစ်ပွဲသည် ၁၂ ရက်သာ ကြာမြင့်ခဲ့သော်လည်း ခွဲထွက်ရေးသူပုန်များ အားကောင်းရာဒေသနှစ်ခုကို ဂျော်ဂျီယာ လက်လွတ်ခဲ့ရသည်။ ထိုဒေသနှစ်ခုကို ရုရှားက လွတ်လပ်သော နိုင်ငံအသစ်များအဖြစ် ကြေညာကာ ဂျော်ဂျီယာမှ ခွဲထုတ်ခဲ့သည်။

Leave a Reply

Your email address will not be published.