မြေနေရာမရွေး သွားလာနိုင်ပြီး ရေထဲမှာပါ မောင်းနှင်နိုင်မယ့် လျှပ်စစ်ဆိုင်ကယ်

မြေနေရာမရွေး သွားလာနိုင်ပြီး ရေထဲမှာပါ မောင်းနှင်နိုင်မယ့် လျှပ်စစ်ဆိုင်ကယ်

ရိုဘိုဆစ်စတမ်(Robo Systems)ဆိုတဲ့ ကုမ္ပဏီဟာ Ultra Bike လို့အမည်ပေးထားထားတဲ့ နှစ်ဘီးယက် လျှပ်စစ်ဆိုင်ကယ်တစ်မျိုးကို တီထွင်ဖန်းတီးလိုက်ပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ အဲဒီဆိုင်ကယ်ဟာ မြေနေရာမရွေးမောင်းနှင်နိုင်တယ်လို့ သိရပါတယ်။

မြေနေရာမရွေးဆိုတဲ့နေရာမှာ သဲကန္တာရမှာရော၊ နှင်းတောထဲမှာရော ဘယ်လိုမြေအမျိုးအစားမဆို မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ သူရဲ့အားသာချက်က ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အဲဒီဆိုင်ကယ်ဟာ ရေထဲမှာပါ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။

ဒီလိုမောင်းနှင်နိုင်ဖို့အတွက် လုပ်ပေးရမဲ့တစ်ခုတည်းသောအရာကတော့ ကုန်း၊ရေနှစ်သွယ်သွား နည်းလမ်းကို ပြောင်းပေးလိုက်ရုံပဲ ဖြစ်ပါတယ်။

Ultra Bike ဆိုင်ကယ်ရဲ့ တာယာတွေက အလွန်ကြီးမားပါတယ်။ သာမန်ဆိုင်ကယ်တွေမှာ တပ်ဆင်ထားတဲ့ တာယာတွေနဲ့ လုံးဝမတူပါဘူး။ နောက်ပြီးတော့ သာမန်ဆိုင်ကယ်တွေလို နောက်ဘီးယက် စနစ်မဟုတ်ပဲ နှစ်ဘီးယက်စနစ်ဖြစ်တာကြောင့် လမ်းကြမ်းနေရာတွေမှာပါ သွားလာရအဆင်ပြေစေပါတယ်။

ဆိုင်ကယ်ရဲ့ ဘော်ဒီပိုင်းမှာတော့ ဘာအဆင်တန်ဆာမှ မပါပါဘူး။ ဒါ့ကြောင့်လည်း ဒီဆိုင်ကယ်ဟာ ရေပေါ်မှာ သွားလာလို့ ရနိုင်တာ ဖြစ်ပါလိမ့်မယ်။ ရှော့ဘားတွေကိုတော့ ပုံမှန်ဆိုင်ကယ်တွေအတိုင်း နောက်မှာတပ်ဆင်ထားတာ တွေ့ရပါတယ်။

ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ဆိုင်ကယ်ကို သူများတွေနဲ့မတူအောင် ၊သူများတွေထက်ထူးခြားအောင် ဖန်တီးထားတဲ့ အဓိကအကြောင်းအရာကတော့ လျှပ်စစ်စွမ်းအင်ကို အသုံးပြုမောင်းနှင်နိုင်ခြင်း ဖြစ်ပါတယ်။

အဲဒီဆိုင်ကယ်မှာ LiFePo4 ဘက်ထရီ တပ်ဆင်ထားပြီး ရေစိုခံနည်းပညာကို အသုံးပြုပေးထားပါတယ်။ ဒါ့အပြင် အပူချိန် အနုတ် ၂၀ ဒီဂရီ စင်တီဂရိတ်ကနေ ၆၀ ဒီဂရီစင်တီဂရိတ်အထိကို ခံနိုင်ရည်ရှိပါတယ်။

အားသွင်းနိုင်တဲ့ အကြိမ်ပေါင်းကတော့ ၂၀ဝ၀ ဖြစ်ပါတယ်။ ၁ ဒသမ ၆ ကီလိုဝပ် နာရီရှိတဲ့ အဲဒီဘက်ထရီကို တစ်ခါအားအပြည့်သွင်းထားပြီးပြီဆိုရင် မိုင် ၄၀ လောက်အထိ ခရီးသွားလာနိုင်တယ်လို့ သိရပါတယ်။ သူ့ရဲ့အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို မိုင် ၃ဝ နှုန်းဖြစ်ပါတယ်။

တကယ်လို့များ တောကြီးမျက်မည်းထဲမှာ ဘက်ထရီအားကုန်သွားပြီဆိုရင်လည်း Ultra Bike ဆိုင်ကယ်မှာ ဓာတ်ဆီစွမ်းအင်သုံး မီးစက်ငယ်တစ်လုံးပါပါသေးတယ်။ အဲဒီ မီးစက်ကိုတော့ ပုံမှန်ဆိုင်ကယ်တွေမှာပါတဲ့ ဆီတိုင်ကီနေရာမှာထားရှိထားပါတယ်။

အဲဒီမီးစက်ကနေထွက်ရှိတဲ့ မီးအားက ၈၀၀ ဝပ်သာရှိပေမယ့် ဒီပမာဏက ဆိုင်ကယ်မှာပါတဲ့ ဘက်ထရီကို အားသွင်းဖို့နဲ့ စိုးရိမ်ကြောင့်ကြမှုကင်းစွာ ခရီးဆက်နိုင်ပါတယ်။

ဆီတိုင်ကီကိုတော့ တာယာကွင်းတွေနဲ့ အလယ်တိုင်ကြားက လွတ်နေတဲ့နေရာမှာ ထားရှိထားပါတယ်။ အဲဒီဆီတိုင်ကီတစ်လုံးဟာ ဓာတ်ဆီ ၅ ဂါလန်ကျော်ဆံ့ပါတယ်။

ဆိုင်ကယ်နဲ့ ဘီးတွေမှာ ၁ ကီလိုဝပ်ကို ပုံမှန်ထုတ်ပေးနိုင်တဲ့ လျှပ်စစ်မော်တာတွေ တပ်ဆင်ထားပါတယ်။ ဒါကြောင့် သဲပြင်တွေ၊ နှင်းဟောတွေထဲမှာ ခရီးသွားလာမှုကိုပုံမှန် အတိုင်းအခက်အခဲမရှိ လုပ်ဆောင်နိုင်ပါတယ်။

တကယ်လို့များ လမ်းကြမ်းခရီးသွားနေရင်းနဲ့ ရေကိုဖြတ်ကျော်ရဖို့ဖြစ်လာပြီ ဆိုရင်တော့ ရေပေါ်လေမှုတ်ကူရှင်ကို တပ်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။ အဲဒီရေပေါ်မှုတ်ကူရှင်းကို ကွန်ပရက်ဆာမှာတပ်လိုက်တဲ့အခါ ဆိုင်ကယ်က ရေပေါ်သွားဆိုင်ကယ်လို ဖြစ်လာမှာဖြစ်ပြီး ဘီးတွေရဲ့ ရေယက်အားနဲ့ ရှေ့ကိုသွားနိုင် စေမှာ ဖြစ်ပါတယ်။

တကယ်လို့များ စွမ်းအင်ချွေတာ လိုတယ်ဆိုရင်တော့ နှစ်ဘီးယက်စနစ်ကို နောက်ဘီးယက်စနစ်အဖြစ် ပြောင်းလဲပြီးတော့လည်း မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒီဆိုင်ကယ်ကို အော်ဒါတင်ထားမယ်ဆိုရင် လုပ်ဆောင်ချက် အားလုံးပါဝင်တဲ့ Ultra Bike တစ်စီးကို အမေရိကန်ဒေါ်လာ ၂၇၉ဝ ကျသင့်မှာ ဖြစ်ပြီး ပစ္စည်းကိုတော့ ဒီနှစ်ဩဂုတ်လမှာ ပေးပို့သွားမယ်လို့ ရိုဘိုဆစ်စတမ်ကုမ္ပဏီက
ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *