ရေအောက်ဖျော်ဖြေရေးပွဲများ ကျင်းပနိုင်တဲ့ ဘက်ထရီစွမ်းအင်သုံး ရေငုပ်သင်္ဘောအသစ်

ရေအောက်ဖျော်ဖြေရေးပွဲများ ကျင်းပနိုင်တဲ့ ဘက်ထရီစွမ်းအင်သုံး ရေငုပ်သင်္ဘောအသစ်

ဒတ်ခ်ျပုဂ္ဂလိက ရေငုပ်သင်္ဘောကုမ္ပဏီဖြစ်တဲ့ U-Boat Worx ဟာ ကမ္ဘာပေါ်ရှိ အခမ်းနားဆုံးနဲ့ အမှတ်ရဖွယ် ဖြစ်ရပ်များကို လက်ခံကျင်းပဖို့အတွက် ထူးခြားတဲ့ ရေငုပ်သင်္ဘောသစ်တစ်စီးကို တည်ဆောက်ခဲ့ပါတယ်။

ရေအောက်ဖျော်ဖြေရေး ပလက်ဖောင်း “Under Water Entertainment Platform” (UWEP) လို့ ခေါ်တဲ့ အဆိုပါ ရေငုပ်သင်္ဘောဟာ ဧည့်သည် ၁၂၀ ဦးအထိ လက်ခံနိုင်ပါတယ်။

ဧည့်သည်များဟာ ရေအောက် မီတာ ၂၀၀ အထိ သက်တောင့်သက်သာရှိပြီး စတိုင်လ်ကျကျနဲ့ ရေအောက် ရှု့ခင်းများကို ခံစားနိုင်မည်ဖြစ်ပြီး အပျော်စီးသင်္ဘောပေါ်မှာကဲ့သို့ လွတ်လပ်စွာ သွားလာနိုင်ပါတယ်။

ရေငုပ်သင်္ဘောသစ်ဟာ အရှည် ၁၁၅ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၂၃ ပေရှိပြီး ဖျော်ဖြေရေးကိစ္စများအတွက် အသုံးပြုနိုင်တဲ့ ကြမ်းပြင်အကျယ်အဝန်းဟာ ၁၅၀ စတုရန်းမီတာ (၁၆၀၀ စတုရန်းပေ) ကျော် ကျယ်ဝန်းပါတယ်။

ရေငုပ်သင်္ဘောရဲ့ အတွင်းပိုင်းမှာ ၆၄ ယောက်ဆံ့ စားသောက်ဆိုင်၊ ရေအောက်အားကစားရုံ၊ ကာစီနို၊ ဇိမ်ခံရေချိုးခန်းများနှင့် ကြီးမားတဲ့ ပြခန်းများကို ထည့်သွင်းတည်ဆောက်ထားပါတယ်။

UWEP ရေငုပ်သင်္ဘောကို ဖျော်ဖြေတင်ဆက်မှုများ၊ ပါတီပွဲများ၊ မင်္ဂလာပွဲများ၊ ကွန်ဖရင့်များ သို့မဟုတ် အခြားစင်မြင့်အခြေပြု ဖျော်ဖြေတင်ဆက်မှုများအတွက် နေရာတစ်ခုအဖြစ်လည်း ထူးထူးခြားခြားဖြစ်အောင် အသုံးပြုနိုင်ပါတယ်။

ဧည့်သည်တွေ ရေအောက် အလှတရားရှု့ခင်းတွေကို ကြည့်ရှု့ခံစားနိုင်ဖို့အတွက် ၁၅ ပေကျယ်တဲ့ မှန်ပြတင်းပေါက် ၁၄ ခု တပ်ဆင်ထားပါတယ်။ အထူးသဖြင့် ညပိုင်းတွေမှာ ပင်လယ်ပြင်ရဲ့ အမှောင်ထဲက အလှတရားတွေကို အံ့အားသင့်ဖွယ် ကြည့်ရှု့ခံစားနိုင်မှာ ဖြစ်ပါတယ်။

သင်္ဘောတည်ဆောက်သူတွေဟာလည်း ဒီ ရေအောက် အလှတရားတွေကို ကြည့်ရှု့ခံစားနိုင်စေဖို့ ရေအောက်မျက်နှာပြင်ကို အလင်းရောင်ပေးစွမ်းနိုင်တဲ့ ဧရာမမီးမောင်းကြီးတွေကို တပ်ဆင်ပေးထားပါတယ်။

၎င်းရေငုပ်သင်္ဘောကို တစ်နာရီ ၁ ဒသမ ၂ မဂ္ဂါဝပ်ရှိတဲ့ ဘက်ထရီနဲ့ စွမ်းအင်ပေးထားပါတယ်။ ဒီ ဘက်ထရီဟာ အားတစ်ခါသွင်းရုံနဲ့ ၁၈ နာရီကြာ မောင်းနှင်နိုင်ပါတယ်။ ရေအောက်မှာလည်း တစ်နာရီ ၃ မိုင်နှုန်းနဲ့ မောင်းနှင်နိုင်တဲ့အပြင် ပေ ၆၅၀ အနက်အထိ ဆင်းသက်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အရေးပေါ်ကိစ္စဖြစ်ပွားခဲ့လျှင်လည်း ကယ်ဆယ်ရေးတွေ ရောက်မလာခင် ၉၆ နာရီကြာအောင် အရေးကြီးတဲ့ စနစ်တွေကို အသက်သွင်းပေးနိုင်တဲ့ အရံဓာတ်အားပေးစနစ်တစ်ခုလည်း ပါရှိပါတယ်။

ရေမငုပ်ခင်မှာ ရေငုပ်သင်္ဘောရဲ့ ကျယ်ဝန်းလှတဲ့ ကုန်ပတ်ပေါ်မှာ လိုက်ပါစီးနင်းသူ ဧည့်သည်တွေအနေနဲ့ လေကောင်း လေသန့်ရှူပြီး ပင်လယ်ပြင်ရှု့ခင်းနဲ့ နေဝင်ချိန်‌တွေကို အပန်းဖြေ ကြည့်ရှု့လို့ ရပါတယ်။သင်္ဘောတစ်ခုလုံးမှာ လက်ရန်းတွေကို ကာရံထားတဲ့အတွက် လူတိုင်းဟာ ဘေးကင်းကင်းနဲ့ အနားယူအပန်းဖြေနိုင်ပါတယ်။

U-Boat Worx ကုမ္ပဏီဟာ UWEP ရေငုပ်သင်္ဘောရဲ့ ဈေးနှုန်းကို ဖော်ပြမထားပေမယ့် သာမန်လူတန်းစားတွေအတွက် အကုန်အကျ များလွန်နေမှာ သေချာပါတယ်။

ဒါပေမယ့် ခရီးသွား ကုမ္ပဏီတစ်ခုက ဒီလို ရေငုပ်သင်္ဘောတစ်စင်းကို ဝယ်ယူလိုက်မယ်ဆိုရင်တော့ ဒီသင်္ဘောပေါ်မှာ အကုန်အကျနဲနဲနဲ့ လူတိုင်းအပန်းဖြေနိုင်မှာဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

Knight News

Leave a Reply

Your email address will not be published. Required fields are marked *