ထိုင်ဝမ်ကို တရုတ်သိမ်းပါက အမေရိကန်ကလည်း စစ်ရေးအရ ကြားဝင်တိုက်ခိုက်မည်

ထိုင်ဝမ်ကို တရုတ်သိမ်းပါက အမေရိကန်ကလည်း စစ်ရေးအရ ကြားဝင်တိုက်ခိုက်မည်

ယူကရိန်းအရေးကဲ့သို့ မဟုတ်ဘဲ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်တိုက်ခိုက်လာခဲ့ပါက အမေရိကန်ကလည်း စစ်ရေးအရ အင်အားသုံး ကြားဝင်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သမ္မတအဖြစ် တာဝန်ယူပြီးနောက် ၎င်းရဲ့ အရှေ့အာရှခရီးစဉ် ဒုတိယအကျော့အဖြစ် ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် တနင်္လာနေ့က ယင်းသို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါနှင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်ဝမ်နှင့်ပတ်သက်တဲ့ သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ဘိုင်ဒင်က ထိုင်ဝမ်ကို ကာကွယ်ဖို့ဟာ အမေရိကန်တို့ရဲ့ ကတိကဝတ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“တရုတ်တစ်နိုင်ငံတည်း ပေါ်လစီ”ကို အမေရိကန်က သဘောတူသော်လည်း ထိုင်ဝမ်ကို အင်အားသုံးရန် တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုမှန်သမျှမှာ မသင့်လျော်ဘဲ ၎င်းဟာ ဒေသတစ်ခုလုံးကို လှုပ်ခတ်စေမည်ဖြစ်ပြီး ယူကရိန်းမှာ ဖြစ်ပျက်ခဲ့တဲ့ လုပ်ရပ်နဲ့ အလားတူ လုပ်ဆောင်ချက်တစ်ခု ဖြစ်လာမည်ဟု ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်ရဲ့ “ထိုင်ဝမ်အပေါ် ခိုင်မာသောကတိကဝတ်”ကို ထပ်မံအတည်ပြုတဲ့အတွက် ဘိုင်ဒင်ရဲ့ မှတ်ချက်ကို ကြိုဆိုကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အမေရိကန်နှင့် ဂျပန်အပါအဝင် နိုင်ငံများနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

၁၉၇၉ ခုနှစ် ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေတွင် အမေရိကန်နှင့် ဆက်ဆံရေးကို ထိန်းချုပ်ထားပြီး တရုတ်ကျူးကျော်လာပါက ထိုင်ဝမ်အား ခုခံကာကွယ်ရန် အမေရိကန်က စစ်ရေးအရ ဝင်ရောက်ရန် မလိုအပ်ပေ။

သို့သော် ထိုင်ဝမ်က လုံလောက်သည့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်စေရန် ထိုင်ဝမ်အတွက် ကာကွယ်ရေးလက်နက်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို လိုအပ်သလောက်ပမာဏ ရရှိစေရန် အမေရိကန်က ပံ့ပိုးရမည်ဟု အက်ဥပဒေတွင် ဖော်ပြထားပါတယ်။

ဘိုင်ဒင်ရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ မူဝါဒမှာ ပြောင်းလဲခြင်းမရှိကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ဘေဂျင်းရဲ့ ပြည်နယ်တစ်ခုအဖြစ် အခိုင်အမာပြောဆိုထားပြီး အင်အားသုံး၍ ပေါင်းစည်းရန် ဝန်လေးမည်မဟုတ်ကြောင်း အရင်ကတည်းက ခြိမ်းခြောက်ပြောဆို ထားပါတယ်။

Leave a Reply

Your email address will not be published.