အရောင်းသွက်နေပေမယ့် ပြဿနာကြီးနဲ့ ရင်ဆိုင်နေရတဲ့ လျှပ်စစ်ကားဈေးကွက်

အရောင်းသွက်နေပေမယ့် ပြဿနာကြီးနဲ့ ရင်ဆိုင်နေရတဲ့ လျှပ်စစ်ကားဈေးကွက်

ကမ္ဘာကြီးမှာ စွမ်းအင်ဆာလောင်မွတ်သိပ်မှု ပြင်းထန်လာတာနဲ့အမျှ လူသားတွေဟာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် အသုံးပြုတဲ့ သမားရိုးကျယာဉ်တွေ နေရာမှာ လျှပ်စစ်ကားတွေကို အစားထိုး အသုံးပြုလာကြပါပြီ။

ဒီအတွက် လျှပ်စစ်ကားဈေးကွက်မှာ ဝယ်လိုအားအခြေအနေက ပြီးခဲ့တဲ့နှစ်မှာ မထင်ထားလောက်အောင်ကို မြင့်တက်လာခဲ့ပြီး ဒီနှစ်သာမက နောက်နှစ်များမှာလည်း ဆက်လက်မြင့်တက်သွားမယ့်အခြေအနေ ရှိနေပါတယ်။

ဒါပေမဲ့ လျှပ်စစ်ကားဝယ်လိုအားများသလောက် ရောင်းလိုအားက မလိုက်နိုင်ပြန်ပါဘူး။ ဒီလိုရောင်းလိုအားမလိုက်နိုင်ရတဲ့ အခြေအနေအတွက် ပြဿနာကြီးတစ်ရပ် ရှိပါတယ်။

အဲဒါကတော့ လျှပ်စစ်ကားထုတ်လုပ်မှုမှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုပစ္စည်းတွေရဲ့ ဈေးနှုန်းမြင့်တက်မှုနဲ့ ထောက်ပံ့ရေးကွင်းဆက် ကြန့်ကြာမှုအခြေအနေတို့ပဲ ဖြစ်ပါ တယ်။

လျှပ်စစ်ကားဈေးကွက်မှာ ဝယ်လိုအား မြင့်တက်လာရတဲ့ အကြောင်းရင်းက မပြောင်းလဲတဲ့ ဈေးကွက်မူဝါဒများနဲ့ အများပြည်သူရဲ့ ငွေကြေးသုံးစွဲမှု မြင့်တက်လာခြင်းအပြင် မက်လုံးပေးဆွဲဆောင်မှုများက နှစ်ဆမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီနဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အပြည့်အဝလျှပ်စစ်ကားနဲ့ တစ်ပိုင်း လျှပ်စစ်ကားရောင်းချရမှုပမာဏက ၂၀၂၀ ပြည့်နှစ်ထက်စာရင် ၂၀၂၁ ခုနှစ်မှာ နှစ်ဆမြင့်တက်လာကာ တစ်နှစ်ပတ်လုံး ရောင်းချရတဲ့ ပမာဏကတော့ ၆ ဒသမ ၆ သန်းအထိ ရှိပါတယ်။

၂၀၁၂ ခုနှစ်မှာတုန်းက တစ်နှစ်လုံးနေမှ လျှပ်စစ်ကားအစီးရေ ၁၂၀၀၀၀ သာ ရောင်းချရပေမယ့် ၂၀၂၁ ခုနှစ် အရောက်မှာတော့ ဒီပမာဟာ အပတ်စဉ် ရောင်းချရတဲ့အရေအတွက် ဖြစ်လာပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ မော်တော်ကား ရောင်းချရမှုစုစုပေါင်းပမာဏအနက် ၁၀ ရာခိုင်နှုန်းနီးပါးက လျှပ်စစ်ကားများသာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ်ကထက် ဈေးကွက်ဝေစု လေးဆကျော် ပိုမိုရရှိလာတာကိုဖော်ပြနေပါတယ်။

ယနေ့ လမ်းမပေါ်မှာမောင်းနှင်နေတဲ့ လျှပ်စစ်ကားအစီးရေ စုစုပေါင်း ၁၆ သန်းခွဲ ရှိပြီး ဒါဟာ ၂၀၁၈ ခုနှစ်ကထက် သုံးဆ ပိုများလာတာ ဖြစ်ပါတယ်။

အခု ၂၀၂၂ ခုနှစ်မှာလည်း လျှပ်စစ်ကားရောင်းချရမှုက မြင့်တက်လာနေဆဲဖြစ်ပြီး ပထမသုံးလပတ်အတွင်းမှာတင် လျှပ်စစ်ကားအစီးရေ နှစ်သန်းအထိ ရောင်းချထား ရတာပါ။ ဒီပမာဏဟာဆိုရင် ၂၀၂၁ ခုနှစ် အလားတူ ကာလကထက် ၇၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒီလိုရောင်းချရမှုတွေအနက် တရုတ်နိုင်ငံမှာ လျှပ်စစ်ကားရောင်းချရမှုက အများဆုံးဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း အစီးရေ ၃ ဒသမ ၃ သန်းအထိ ရောင်းချခဲ့ရတာပါ။ အလားတူ ဥရောပဒေသက ၂ ဒသမ ၃ သန်း၊ အမေရိကန်ပြည်ထောင်စုတို့က ၆၃၀၀၀၀ တို့နဲ့ လျှပ်စစ်ကားအများဆုံး ရောင်းချရတဲ့ ဒေသတွေအဖြစ် ရပ်တည်နေပါတယ်။

ဒါပေမဲ့ ဘက်ထရီထုတ်လုပ်မှုမှာအသုံးပြုတဲ့ အရေးကြီးသတ္တုပစ္စည်းတွေ ဈေးနှုန်း မြင့်တက်မှုနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ပိတ်ဆို့မှုတို့က ရေတိုကာလအတွက် အကြီးမားဆုံးသော အခက်အခဲတွေ ဖြစ်နေပါတယ်။

အထူးသဖြင့်တော့ ဘက်ထရီ နည်းပညာအတွက်လိုအပ်တဲ့ သတ္တုပစ္စည်းတွေထောက်ပံ့ပေးနိုင်မှုအခက်အခဲကြောင့်ပါပဲ။ ဒီအတွက်ကြောင့် ဈေးကွက်ဝယ်လိုအား ကောင်းနေချိန်မှာ ရောင်းလိုအားက လိုက်နိုင်စေဖို့အတွက် မူဝါဒချမှတ်သူတွေ၊ စက်မှုလုပ်ငန်းအကြီးအကဲတွေနဲ့ ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ အခုဖြစ်ပေါ်နေတဲ့ကိစ္စကို အဓိကထားပြီး ဦးစားပေးဆောင်ရွက်ဖို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီက တိုက်တွန်း ထားပါတယ်။

Ref: Oilprice
Author-ကိုထက်

Leave a Reply

Your email address will not be published.