ဂျိုးဇက်စတာလင်ကတောင် ကြောက်ရသူ
ရုရှားအင်ပါယာကြီးကို တည်ထောင်သူ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေကို နိုင်အောင်တိုက်ခဲ့သူ၊ လူသန်းပေါင်းများစွာ သေဆုံးမှုအတွက် တာဝန်ရှိသူ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တဲ့ ဂျိုးဇက်စတာလင်ကို ကြားဖူးကြမှာပါ။
အခုတင်ပြမှာကတော့ စတာလင်ကိုယ်တိုင် ကြောက်ရွံရတဲ့သူတစ်ဦးအကြောင်းပါ။ သူ့ဇနီးလို့ ပြောမလို့လား။ မဟုတ်ပါဘူးနော်။ သူကတော့ စတာလင်လိုဘဲ အာဏာပါဝါကြီးမားခဲ့ပေမဲ့ သက်ရှိထင်ရှား မရှိတော့တဲ့ သူတစ်ယောက်ပါ။
သူ့နာမည်က Timur ပါ။ အခု ဥဇဘက်ကစ္စတန်လို့ခေါ်တဲ့ နိုင်ငံနဲ့ လူမျိုးတို့ရဲ့ခေါင်းဆောင်ပါ။ သူဟာ ဂျင်ဂစ်ခန်ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ သူ့ရဲ့ စစ်နည်းဗျူဟာကလဲ ဂျင်ဂစ်ခန်ရဲ့ နည်းလိုဘဲ ရက်စက်ကြမ်းတမ်းလှပါတယ်။
၁၃ ရာစုလောက်မှာ သူဟာ အစ္စလာမ်နိုင်ငံတော်ထူထောင်ဖို့ တခြားနယ်မြေတွေကို တိုက်ခိုက်ခဲ့ပါတယ်။ မြို့ရွာတွေနဲ့ လက်မှုအနုလက်ရာတွေအားလုံး ဖျက်ဆီးခံရပါတယ်။ သူ့ရဲ့အင်ပါယာဟာ အာရှအလယ်ပိုင်းကနေ အီရန်၊ တူရကီ အပြင် တရုပ် အစိတ်အပိုင်းတချို့အထိ ပါဝင်ပါတယ်။
သူက အိမ်နီးချင်းနယ်မြေတွေကို သိမ်းပိုက်ရင်း အင်ပါယာကို ချဲ့ထွင်တာပါ။ ၁၄၀၅ ခုနှစ်မှာ Timur ကွယ်လွန်ပါတယ်။ သူ့ကို ဥဇဘက်ကစ္စတန်ရဲ့ စမာခန် Samarkand မှာ ဂူသွင်းမြုပ်နှံခဲ့ပါတယ်။ သူရဲ့အုတ်ဂူဟာ ၁၉၄၁ ခုနှစ်အထိ အဲဒီမှာရှိနေခဲ့ပါတယ်။
ရုရှားပညာရှင်တွေဟာ သူ့အုတ်ဂူကို တူးဖေါ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူ့ရဲ့အလောင်းကို လေ့လာဖို့ပါ။ သူ့ရဲ့ မူလပုံစံအတိအကျကို ဖန်တီးချင်လို့ပါ။ ဒီသတင်းဟာ ဒေသခံတွေကြားကို ပျံ့နှံ့သွားပါတယ်။ ဒေသခံတွေက ဒီအုတ်ဂူဟာ ကျိန်စာတိုက်ထားတယ်လို့ ယုံကြည်ကြပါတယ်။ သူတို့က ပညာရှင်များကို ကန့်ကွက်ကြပါတယ်။
ဒါကိုထိပါးရင် သေဆုံးခြင်း၊ပျက်ဆီးခြင်းတွေကလွဲလို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ဒေသခံတွေကပြောကြပါတယ်။ စတာလင်ဟာ Timur ရဲ့ အောင်မြင်မှုနဲ့ ကျိန်စာအကြောင်းတွေကို သိထားပြီးသူ ဖြစ်ပါတယ်။
ဒါပေမဲ့ သူက အုတ်ဂူကို ဆက်လက်တူးဖေါ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ရုရှားတွေကလဲ သတိပေးချက်တွေကို ဂရုမစိုက်ကြပါဘူး။ သူတို့ဟာ Timur ရဲ့ အခေါင်းမှာထွင်းထားတဲ့စာကြောင်းနှစ်ခုကို တွေ့ခဲ့ကြပါတယ်။
တစ်ကြောင်းက ကျွန်ုပ် ပြန်လည်နိုးထလျင် ကမ္ဘာကြီးတုန်ခါလိမ့်မည် လို့ရေးထားပါတယ်။ နောက်တစ်ကြောင်းကတော့ အခေါင်းရဲ့အတွင်းပိုင်းမှာ ရေးထားတာပါ။ အဲဒါက မည်သူမဆို ကျွန်ုပ်၏ အုတ်ဂူကိုဖျက်ဆီးပါက ကျွန်ုပ်ထက်ဆိုးရွားသော ကျူးကျော်သူများနှင့်တွေ့ရ၍ သေကြေ ပျက်ဆီးရလိမ့်မည် လို့ရေးထားပါတယ်။
သူ့ရဲ့ အခေါင်းကိုဖွင့်လိုက်တာနဲ့ အထဲ့က အနံ့တမျိုးပါတဲ့အငွေ့တွေ ထွက်လာပါတယ်။ လူတွေက ဒါဟာ ကျိန်စာရဲ့ နိမိတ်လို့ ယုံကြည်ကြပါတယ်။ အခေါင်အတွင်းမှာ ဆီတစ်မျိုးထဲ့ထားတာကိုလဲ တွေ့ရပါတယ်။ ရုရှားတွေက အလောင်းကို မော်စကိုမြို့ကို သယ်ယူသွားကြပါတယ်။
၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်မှာတော့ ဂျာမန်တပ်တွေဟာ ဟစ်တလာရဲ့အမိန့်နဲ့ ဆိုဗီယက်ကို ရုတ်တရက်ကျူးကျော်တိုက်ခိုက်ပါတယ်။ အတိအကျဆိုရရင် တူးဖေါ်မှုအပြီး နောက်နှစ်ရက်အကြာမှာ ဖြစ်ပါတယ်။
ကျူးကျော်မှုအတွက် ဆိုဗီယက်နိုင်ငံသားလူ ၂၅ သန်း အသက်ပေးခဲ့ကြရပါတယ်။ စတာလင်ဟာ ကျူးကျော်မှုကို ခုခံဖို့ အစွမ်းကုန် လုပ်ပါတယ်။ ဆိုဗီယက်တွေကလည်း ကျိန်စာဟာ ဖြစ်နိုင်တယ်လို့ ယုံကြည်လာကြပါတယ်။
ဒီကျိန်စာအကြောင်းဟာ နိုင်ငံရေးထိပ်ပိုင်းခေါင်းဆောင်တွေအထိ ပျံ့နှံ့နေပါပြီ။ စတာလင်ကိုယ်တိုင်လဲ ကျိန်စာကိုယုံကြည်သွားပါတယ်။ သူလဲကြောက်ရွံ့နေပါတယ်လို့ အနီးကပ်လူတွေက ပြောပါတယ်။
သူဟာ ချက်ခြင်းပဲ Timur ရဲ့ အလောင်းကို မူလနေရာကို ပြန်ထားဖို့အမိန့်ထုတ်ခဲ့ရပါတယ်။ လေယာဉ်နဲ့ သယ်ဆောင်ပြီး ပြန်ထားဖို့စီစဉ်ကြပါတယ်။ ၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာလမှာ Timur ဟာ စမာခန်ကို တဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီး မူလအတိုင်း အုတ်ဂူထဲပြန်ရောက်လာပါတယ်။
သူ့ကို အစ္စလာမ်တို့ရဲ့ ဓလေ့ထုံးစံနဲ့ မြှုပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။ ဂူဗိမာန်ကိုသေချာသော့ပိတ် ထားပါတယ်။ တိုက်ဆိုင်စွာပဲ ဆိုဗီယက်တွေဟာ Timur ကို ပြန်ပို့ပြီးနောက်မှာ စတာလင်ဂရက်မြို့တိုက်ပွဲကစလို့ နာဇီဂျာမန်တွေကို အောင်နိုင်ခဲ့ကြပါတယ်။
စတာလင်ဂရက် တိုက်ပွဲဟာ ကမ္ဘာ့သွေးမြေအကျဆုံး တိုက်ပွဲဖြစ်ခဲ့ရပါတယ်။ ဒဏ္ဍာရီလား၊ တကယ်လား မပြောနိုင်ပေမဲ့ Timur ဟာ စတာလင်ဂရက်တိုက်ပွဲမှာ ရှေ့ဆုံးက တိုက်ခိုက်ခဲ့တယ်လို့ ပြောကြပါတယ်။
ဆိုဗီယက်တပ်နီတော်ရဲ့ရှေ့တန်းက တိုက်ခိုက်နေတဲ့ မွတ်စလင်တပ်သားတွေဟာ ဒီလိုနဲ့စိတ်အားတက်ကြွပြီး ဂျာမန်တွေကို ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဆိုဗီယက်တွေ အောင်နိုင်ပြီး ကမ္ဘာစစ်လဲပြီးဆုံးသွားပါတယ်။
Timur ရဲ့ အုတ်ဂူဟာလဲ စမာခန်မှာ ငြိမ်းချမ်းစွာတည်ရှိနေပါတယ်။ ခရီးသွားများကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်နေပါပြီ။ သင်ရော ကျိန်စာဆိုတာ ဘယ်လိုယူဆပါသလဲ။
The Only Man Joseph Stalin Feared