လက်ချင်စတိန်း သို့မဟုတ် ငြိမ်းချမ်းဘုံ
လက်ချင်စတိန်းနိုင်ငံ(Liechtenstein)ဟာ ထူးခြားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဘာတွေလဲဆိုတာကြည့်ကြရအောင်ပါ။
အလွန်ကြွယ်ဝချမ်းသာတဲ့ နိုင်ငံဖြစ်ပေမဲ့ ကိုယ်ပိုင်ငွေကြေး မရှိပါဘူးတဲ့။ ကိုယ်ပိုင်ဘာသာစကားလဲ မရှိပါဘူး။ ဒီနိုင်ငံငယ်လေးကို ဥရောပမှာ လာရောက်လည်ပါတ်သူ ဒုတိယအနဲဆုံးနိုင်ငံလို့ ဆိုပါတယ်။
လူဦးရေကိုလဲကြည့်ဦးလေ။ တစ်နိုင်ငံလုံးမှ ၃၈၀၀၀ တဲ့ဗျာ။ ကိုယ်ပိုင်ငွေကြေး ထုတ်လုပ်သုံးစွဲမှု မရှိပါဘူး။ ဆွစ်ဖရန့်ငွေကိုသုံးပြီး ဂျာမန်စကားပြောပါတယ်တဲ့။နိုင်ငံရဲ့အကြီးဆုံးမြို့ဟာ အိမ်ခြေ ၆၀၀၀ သာ ရှိပါတယ်။
ဒါပေမဲ့ နိုင်ငံရဲ့ GDP က ကမ္ဘာမှာ ဒုတိယအမြင့်ဆုံးပါ။ နိုင်ငံတကာ ကြွေးမြီဆိုတာ မရှိပါဘူး။ နိုင်ငံက နာမည်ကျော် အဲ့လ်( Alps ) တောင်တန်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။ လေဆိပ်လဲ မရှိသလို နယ်စပ်မျဉ်းလဲ မရှိပါဘူး။ နိုင်ငံရဲ့အနိမ့်ဆုံးမြေပြင်တောင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၄၀၀ မြင့်ပါတယ်။
ခိုင်မာတဲ့ ဓနအင်အားနဲ့အတူ စက်မှုလုပ်ငန်းများလဲ ရှိပါတယ်။ ထုတ်ကုန်တွေကတော့ လျှပ်စစ်ပစ္စည်းများ၊ သွားဖက်ဆိုင်ရာပစ္စည်းများ၊ အလင်းဆိုင်ရာပစ္စည်းများနဲ့ ဆေးဖက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်ပါတယ်။
ကမ္ဘာပေါ်က မှုခင်းအနဲဆုံး တိုင်းပြည်တစ်ခုလဲဖြစ်ပြီး နောက်ဆုံးမှတ်တမ်းအရ ၁၉၉၇ ခုနှစ်မှာ လူသဝာ်မှုတစ်ခုသာ ဖြစ်ခဲ့ပါတယ်တဲ့။ နှစ်နှစ်ထက်ပိုတဲ့ ပစ်ဒါဏ်ဆိုရင်လဲ ဩစတြီးယားကို လွှဲပြောင်းပေးပါတယ်။
၂၀၁၁ ခုနှစ်မှာ သင်ဟာတစ်နိုင်ငံလုံးကို ဒေါ်လာ ၇၀၀၀၀ လောက်နဲ့ ငှားရမ်းနိုင်တယ်လို့ ဆိုပါတယ်။ တစ်ညစာပါ။ သင်ဟာ ဧည့်သည် ၁၅၀ စာ အခန်းတွေ ရရှိမှာဖြစ်ပြီး အထိမ်းအမှတ် သော့တချောင်းလဲ လက်ဆောင်ရရှိမှာဖြစ်ပါတယ်။ ပြီးတော့ Prince Han-Adam II ရဲ့ဝိုင်ကို မြည်းစမ်းဖို့ ဖိတ်ကြားခံရပါလိမ့်မယ်။
ခုထိတော့ ဒီဖိတ်ခေါ်ချက်ကို ဘယ်သူမှလက်မခံရသေးပါဘူး။ လက်ချင်စတိန်းမှာ နေ့လည်စာစားချိန်ကို မွန်းတည့်ကနေ နေ့ခင်း ၁ နာရီ ခွဲအထိ တရားဝင် သတ်မှတ်ပေးထားပြီး အဲဒီအချိန်မှာ ဘယ်လိုဆူညံသံကိုမှ ခွင့်မပြုပါဘူး။ မြက်ရိတ်တာနဲ့ပါတီပွဲကျင်းပတာဟာလဲ တားမြစ်ထားပါတယ်။
ဒီနိုင်ငံမှာ စစ်တပ်မရှိတာ ၁၈၆၈ ခုနှစ်ကထဲက ဖြစ်ပါတယ်။ အိမ်နီးခြင်း ဆွစ်ဇာလန်နိုင်ငံက မတော်တဆ ကျူးကျော်ခဲ့ဘူးပါတယ်။ ဒါကလဲ နှစ်နိုင်ငံနယ်စပ် သစ်တောထဲမှာ စစ်ရေးလေ့ကျင့်နေတဲ့ ဆွစ်တပ်ဖွဲ့တွေက မတော်တဆ ဝင်ရောက်မိတာပါ။
နိုင်ငံရဲ့လုပ်အား ၄၅ ရာနှုန်းဟာ ပြည်ပမှာသွားရောက်လုပ်ကိုင်သူများ ဖြစ်ပါတယ်။အများစုက ဆွစ်ဇာလန် ဩစတြီးယားနဲ့ဂျာမနီမှာ လုပ်ကိုင်နေကြပါတယ်။ ဒါပေမဲ့သူ့နိုင်ငံမှာလဲ အလုပ်လက်မဲ့ဆိုတာ မကြားဘူး သလောက်ပါဘဲတဲ့။
၂၀၁၆ ခုနှစ် ကြမှသာ အလုပ်လက်မဲ့ ၄၀၆ ဦးသာ တရားဝင်မှတ်ပုံတင်စာရင်း ရှိပါတယ်။ ဒီထဲမှာ မီးဖွားခွင့် ယူသူတွေကိုပါထည့်သွင်း တွက်ချက်ထားပါတယ်တဲ့။ ရာခိုင်နှုန်းနဲ့ကြည့်ရင် ၂.၁ ပဲရှိပါတယ်။ အခွန်အခကလဲ မရှိသလောက်ဆိုရလောက်အောင်နည်းပါတယ်။ ပျမ်းမျှ လူ့သက်တမ်းကို ၈၂ နှစ်နဲ့စံပြုထားပါတယ်။
သက်ဦးဆံပိုင် ဘုရင်စနစ်ပေမဲ့ ဒီမိုကရက်ဆန်တဲ့ အုပ်ချုပ်မှုစနစ်ပါ။ဆုံးဖြတ်ချက်တွေကိုလဲအများဆန္ဒနဲ့သာ ချမှတ်ပါတယ်။ တော်ဝင်မိသားစုဟာ ဥရောပမှာအချမ်းသာဆုံး ဖြစ်ပါတယ်။ ဗြိတိန်တော်ဝင်မိသားစုနဲ့ကွဲပြားစွာပဲ သူတို့ပိုင်ဆိုင်မှုအစုစုဟာ ဒေါ်လာ ၅ ဘီလီယံအထိ ရှိပါတယ်။
တခြားနိုင်ငံရဲ့ လူဦးရေနဲ့ ဆုတံဆိပ်ရရှိမှုကို အချိုးချကြည့်ရင်လဲ လက်ချင်စတိန်းက သာပါတယ်။ လူဦးရေ ၃၈၀၀၀ နဲ့ အိုလံပစ် ရွှေတံဆိပ်ဆယ်ခုတိတိ ရရှိထားလို့ပါ။ အယ်ပိုင်းတောင်တန်း စကိတ်ပြိုင်ပွဲတွေကရတဲ့ ဆုတွေဆိုတော့လဲ အံ့ဩစရာတော့မဟုတ်ဘူးပေါ့နော်။
ဩဂုတ် ၁၅ ရက်ဟာ လက်ချင်စတိန်းရဲ့ အမျိုးသားနေ့ပါ။ အဲဒီနေ့မှာ နိုင်ငံသားတိုင်းဟာ Vaduz Castle ကို ဖိတ်ကြားခံရမှာဖြစ်ပြီး ပန်းခြံထဲမှာ အိမ်ရှေ့မင်းသားရဲ့တည်ခင်းဧည့်ခံမှုကို ရရှိမှာဖြစ်ပါတယ်။ တော်ဝင်မိသားစုကိုလဲ လွတ်လပ်စွာတွေ့ဆုံခွင်ရမှာ ဖြစ်ပါတယ်။
ဒီနိုင်ငံသေးသေးလေးမှာ စည်ပင်အုပ်ချုပ်မှု ၁၁ ဖွဲ့ရှိပါတယ်။ လုပ်ငန်းမှာ မပျော်ပိုက်ရင် အချိန်မရွေး နှုတ်ထွက်နိုင်တယ်ဆိုပေမဲ့ ဘယ်သူမှ မထွက်ကြပါဘူးတဲ့။ ကမ္ဘာ့အပျော်ရွှင်ရဆုံးနေရာဆိုတော့လဲ ဘယ်သူက အလုပ်ထွက်ချင်မှာလဲဗျာ။
ကဲ…စာရှု့သူတို့ရော ဒီနိုင်ငံလေးကို မသွားခြင်ကြဘူးလားဗျာ။