ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီး Antonov An-225 Mriya ကို ပြန်လည်အသက်သွင်းမည်

ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီး Antonov An-225 Mriya ကို ပြန်လည်အသက်သွင်းမည်

ရှရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ယခုနှစ်အစောပိုင်းမှာပဲ ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီးဟာ ဖျက်စီးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီဧရာမလေယာဉ်ကြီးရဲ့ အရိုက်အရာကိုဆက်ခံမဲ့ အရွယ်အစားတူ လေယာဉ်ကြီးကို ကောင်းကင်ယံမှာ ပြန်လည်မြင်တွေ့ရဖို့ ရှိနေပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်ပြီး တစ်စီးတည်းရှိတဲ့ Antonov An-225 Mriya လေယာဉ်ကြီးဟာ ဖေဖော်ဝါရီလနှောင်းပိုင်းက ယူကရိန်းမြို့တော်၊ ကိယက်ဗ်မြို့အနီးရှိ လေယာဉ်ကွင်းတစ်ခုမှာ ရှရှားလက်ချက်ကြောင့် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ဒုတိယမြောက် Antonov An-225 Mriya လေယာဉ်ကြီးကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း မကြာသေးမီက ကြေငြာခဲ့ပါတယ်။

သမ္မတ ဇီလန်စကီးက ပြန်လည်တည်ဆောက်မဲ့ ‌လေယာဉ်သစ်ဟာ စစ်ပွဲအတွင်း ကျဆုံးခဲ့ လေယာဉ်မှူးများအတွက် ရည်စူးကြောင်း ၊ အထူးသဖြင့် မာရီယူပိုလ်မြို့ကို ကာကွယ်ရင်း ကျဆုံးသွားသူတွေအတွက် ဖြစ်တယ်လို့ ယူကရိန်း ကျောင်းသားများနဲ့ အွန်လိုင်းတွေ့ဆုံမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဘာသာစကားနဲ့ အမ်ရီယာ(Mriya) လို့ အမည်ပေးထားပြီး အိပ်မက်လို့ အဓိပ္ပါယ်ရတဲ့ လေယာဉ်ကြီးကို ၁၉၈၀ ခုနှစ်နှောင်းပိုင်းမှာ ဆိုဗီယက် ယူနီယံရဲ့ အန်တိုနော့ (Antonov) ဒီဇိုင်းဗျူရိုက တည်ဆောက်ခဲ့တဲ့ ဧရာမ ကုန်တင်လေယာဉ်ကြီး ဖြစ်ပါတယ်။

တည်ဆောက်တဲ့ရည်ရွယ်ချက်က ဆိုဗီယက်အာကာသအစီအစဉ်အတွက် ဖြစ်ပါတယ်။ Buran Orbiter အမည်ရ အာကာသဒုံးပျံနှင့် ယာဉ်များကို သယ်ဆောင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတာပါ။ ပထမဆုံး ပျံသန်းနိုင်ချိန်ကတော့ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပါတယ်။

လေယာဉ်ကြီးကို ပန်ကာတပ် တာဘိုအင်ဂျင်(၆)လုံးတပ်ဆင်ထားပြီး အလေးချိန်တန်ချိန် ၂၅၀ လေးပါတယ်။  အရှည် ၂၅၇.၆ပေ၊ ဘေးတောင်ပံပါ အကျယ် ၂၉၀ပေ ၂လက်မ၊ အမြင့် ၅၉.၃ပေ၊ အထိ အတိုင်းအတာရှိပြီး လေယာဉ်နှင့်ပတ်သက်လို့ ကမ္ဘာ့စံချိန်များစွာ တင်ထားခဲ့ပါတယ်။

အန်တိုနော့ ကုမ္ပဏီဟာ Mriya လေယာဉ်ကြီးကို နှစ်စီးတည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပြီး ဒုတိယ တစ်စီးကတော့ နှောင့်နှေးခဲ့ပါတယ်။ ဒုတိယ တစ်စီးကို ၁၉၈၈ ခုနှစ် နှောင်းပိုင်းမှာ တည်ဆောက်ခဲ့ပြီး ဆိုဗီယက်ပြိုကွဲချိန်ကြောင့် ဘဏ္ဍာငွေ မလုံလောက်တဲ့အတွက် ၇၀ ရာခိုင်နှုန်းသာ ပြီးစီးခဲ့ပြီး တစ်ဝက် တစ်ပျက်နဲ့ ၁၉၉၄ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။

ဒုတိယ Mriya ကို ပြန်လည်အသက်သွင်းဖို့ အီလက်ထရွန်းနစ်စနစ်နှင့် အခြား အစိတ်အပိုင်းများ တပ်ဆင်ရန် လိုအပ်နေပြီး ပြန်လည်နိုးထဖို့အတွက် အချိန်နဲ့ငွေအမြောက်အများ လိုအပ်နေပါတယ်။သမ္မတ ဇီလန်စကီးကတော့ ဒေါ်လာ သန်း ၈၀၀ လောက်ကုန်ကျမယ်လို့ ပြောကြားထားပါတယ်။

ယူကရိန်းကာကွယ်ရေးလုပ်ငန်းစုဖြစ်တဲ့ Ukroboronprom က Mriya အသစ်တည်ဆောက်ဖို့ ဒေါ်လာ ၃ ဘီလီယံကျော်ကုန်ကျမည်ဖြစ်ပြီး ပြီးမြောက်ရန် ငါးနှစ်အချိန်ယူရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်းက ပြောကြားခဲ့ပါတယ်။

Mriya လေယာဉ်ကြီး ပြန်လည်တည်ဆောင်ဖို့ ကုန်ကျစရိတ်များပြားတာကြောင့် ရင်းနှီးမြှုပ်နှံသူရှာမှာလား၊ ယူကရိန်းနိုင်ငံကပဲ စိုက်ထုတ်ပြုလုပ်သွားမှာဆိုတာ မသိသေးပေမဲ့ ယူကရိန်း သမ္မတကတော့ Mriya လေယာဉ်ကြီးကို ပြန်လည် တည်ဆောက်ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့တော့ ပြောကြားထားပါတယ်။

ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီး Mriya အမှန်တကယ် ပြန်လည်နိုးထ ပျံသန်းနိုင်ဖို့ မျှော်လင့်လျက်။

Leave a Reply

Your email address will not be published.