F-35 နဲ့ Su-35 ဘယ်သူသာသလဲ
F-35 Lighting ll ဆိုတာနဲ့ အမေရိကန်ရဲ့ နာမည်ကျော် ကိုယ်ပျောက်တိုက်လေယာဉ်ဆိုတာ သိကြမှာပါ။ သူက ပေါ့ပါးလျှင်မြန်ပါတယ်။လော့ဟိမာတင်က ထုတ်လုပ်ပြီး၂၀၀၆ ခုနှစ်မှာ စတင်သုံးပါတယ်။
SU-35 ကတော့ရုရှားရဲ့ လက်ရှိခေတ်မီတိုက်လေယာဉ်ပါ။၂၀၁၄ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဆီးရီးယားမှာ စတင်တိုက်ပွဲဝင်ပါတယ်။ ခုပြောချင်တာက ဒီလေယာဉ်နှစ်စီး ကောင်းကင်မှာ ယှဉ်ပြိုင်ရင် ဘယ်သူအောင်ပွဲဆင်နိုင်မလဲဆိုတာကို နှိုင်းယှဉ်မှာဖြစ်ပါတယ်။
F-35 ကို မျိုးကွဲသုံးမျိုး ထုတ်လုပ်ပြီး တစ်ခုစီရဲ့စွမ်းရည်က ကွဲပြားပါတယ်။Su-35 ကတော့ Su-27 ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ထုတ်လုပ်ထားတာပါ။လေကြောင်း ကာကွယ်ရေးအမျိုးအစားပါ။
F-35 ကအစီးရေ ၇၇၀ လောက် ထုတ်လုပ်ထားပါတယ်။ တစ်ယောက်မောင်း ဖြစ်ပြီး empty weight က ၂၉၃၀၀ ပေါင် ဖြစ်ပါတယ်။ Maximum take off weight အနေနဲ့ပေါင် ၇၀၀၀၀ သယ်ဆောင်နိုင်ပါတယ်။အင်ဂျင်တစ်လုံးတပ် အမျိုးအစားဖြစ်ပြီး ပေါင်၄၃၀၀၀ တွန်းကန်အား ရှိပါတယ်။
F-35
အသံထက် ၁.၆ ဆ မြန်ဆန်ပါတယ်။ မိုင်ဆိုရင် တစ်နာရီကို ၁၂၂၈ မိုင်လောက် ရှိပါတယ်။ မိုင် ၁၇၀၀ လောက် ပျံသန်းနိုင်တဲ့အပြင် တစ်မိနစ်ကို ပေ ၄၅၀၀၀ အထိ တက်နိုင်ပါတယ်။အမြင့်ဆိုရင်လဲ ပေ ၅၀၀၀၀ အထိ တက်နိုင်ပါတယ်။
အတွင်ပိုင်းမှာ လက်နက်သိုလှောင်ခန်း လေးနေရာပါရှိပါတယ်။ ပြင်ပမှာတော့ ၆ နေရာ ချိတ်ဆွဲနိုင်ပါတယ်။ စုစုပေါင်းလက်နက်အလေးချိန် ပေါင် ၁၈၀၀၀ လောက်သယ်နိုင်ပါတယ်။ ၂၅ မီလီမီတာ ပြောင်းလေးခုနဲ့ ဆုံလည်သေနတ် ပါရှိပါသေးတယ်။
SU -35 ဖက်ကို ကြည့်ရအောင်။ သူကများများစားစား မထုတ်ပါဘူး။အစင်း ၁၆၀ လောက် ပဲရှိပါတယ်။ တစ်ယောက်မောင်းဖြစ်ပြီး empty weight က ၄၁၈၈၈ ပေါင်ပါ။ maximum takeoff weight က ၇၆၀၅၉ ပေါင်ပါ။ After burner ပါတဲ့ turbo fan အင်ဂျင်နှစ်လုံးတပ်ဆင်ထားပါတယ်။
နှစ်လုံးပေါင်းတွန်းကန်အား ၆၄၀၀၀ ပေါင် ရှိပါတယ်။ တစ်နာရီ မိုင် ၁၅၀၀ နှုန်း ပျံသန်းနိုင်ပြီး ခရီးအကွာအဝေး ၂၈၀၀ မိုင် ထိသွားနိုင်ပါတယ်။တစ်မိနစ်ကို ပေ ၅၅၀၀၀ နှုန်းလောက် တက်နိုင်ပြီး ပေ၅၉၀၀၀ အမြင့်အထိ တက်ရောက်ပျံသန်းနိုင်ပါတယ်။ လက်နက်ချိတ်ဆွဲဖို့ အမာခံ ၁၂ နေရာပါရှိပြီး လက်နက်အလေးချိန် ပေါင် ၁၇၆၃၀ ကို သယ်ဆောင်နိုင်ပါတယ်။ ၃၀ မီလီမီတာ စက်အမြှောက်တပ်ဆင်ထားပါတယ်။
F-35 က ကိုယ်ပျောက်စွမ်းရည်ရှိပေမဲ့ SU-35 ကတော့ မရှိပါဘူး။ လေယာဉ်နှစ်မျိုးစလုံး ပျံသန်းတိုက်ခိုက်နိုင်မှုစွမ်းရည် မြင့်ပါတယ်။ ဒါပေမဲ့မြေပြင် ပစ်မှတ်ကိုတိုက်ခိုက်ရာမှာတော့ F-35 က ပိုတိကျပါတယ်။ ဝေဟင်မှဝေဟင်ပစ်ခတ်ဖို့အတွက်လဲ F-35 မှာ တပ်ဆင်ထားတဲ့ လက်နက်က ပိုအဆင့်မြင့်ပါတယ်။
F-35 မှာ AN/APG-81 အမျိုးအစား ရေဒါတပ်ဆင်ထားပါတယ်။ဒီရေဒါက ပစ်မှတ် ၂၃ ခုကို ၉ စက္ကန့်အတွင်း ခြေရာခံနိုင်ပြီး အဲဒီထဲက ၁၉ ခုကို ၂.၄ စက္ကန့်အတွင်း လော့လုပ်နိုင်ပါတယ်။ ရေဒါရဲ့ ထောက်လှမ်းနိုင်တဲ့ အကွာအဝေးဟာ ကန့်သတ်ချက်ရှိပေမဲ့ မိုင် ၃၀၀ အထိဆိုတော့လဲ လုံလောက်တာထက် ပိုပါတယ်။
SU -35 ကတော့ Irbis-E ရေဒါ တပ်ဆင်ထားပါတယ်။ မိုင်၂၅၀ အထိ ထောက်လှမ်းနိုင်ပြီး ပစ်မှတ် ၃၀ ကို ခြေရာခံနိုင်ပါတယ်။ ပစ်မှတ် ၈ ခုကို လော့လုပ်နိုင်ပြီး ဒုံးကျည် ၁၂ ခု သယ်ဆောင်နိုင်လို့ F-35 ထက် နှစ်ခုပိုသယ်နိုင်ပါတယ်။
SU-35
ဒါပေမဲ့ ramjet အင်ဂျင်သုံး ဒုံးကျည်တပ်ဆင်ထားတဲ့ F-35 ဟာ ပိုမိုဝေးကွာတဲ့ပစ်မှတ်ကို ပစ်ခတ်နိုင်ပါတယ်။ နောက်ထပ် သာလွန်တဲ့အချက်ကတော့ F-35 ရဲ့ကိုယ်ပျောက်စွမ်းရည်ပါ။
ရေဒါမှာ F-35 ရဲ့ cross- section ဟာ ၀.၀၀၅ မီတာစကွဲယားသာရှိပြီး ပြောရရင် ဂေါက်သီးတစ်လုံးစာပမာဏ ပဲရှိပါတယ်။ SU-35 ရဲ့ cross-section ဧရိယာက ၁ မှ ၃ မီတာ စကွဲယားလောက်ရှိနေတော့ ရေဒါမှာအလွယ်တကူ သိမြင်နိုင်ပါတယ်။
F-35 မှာ တပ်ဆင်ထားတဲ့ AIM120D/AMRAAM ဒုံးကျည်ဟာ အကွာအဝေး မိုင် ၁၆၀ ထိ ပစ်ခတ်နိုင်ပါတယ်။ ဒါဟာ SU-35 က ထောက်လှမ်းနိုင်တဲ့အကွာအဝေးထက် များပါတယ်။ dog fight လို့ခေါ်တဲ့ အနီးကပ်တိုက်ပွဲမှာဆိုရင်တော့ SU-35 က သာသလို ရှိပါတယ်။
အခုတင်ပြခဲ့တာကတော့ လေယာဉ်နှစ်မျိုးလုံးရဲ့ စွမ်းရည်တွေကို နှိုင်းယှဉ်ပြခဲ့တာပါ။ လက်တွေ့မှာတော့ SU-35 ဟာ F-35 အနားကို ဘယ်လိုမှ ကပ်မလာနိုင်ပါဘူး။ ရေဒါစွမ်းရည်က မယှဉ်နိုင်လို့ပါဘဲ။
ဒီတော့လဲ dog fight ဆိုတာဖြစ်လာမှာမဟုတ်လို့ အမေရိကန်ရဲ့ F-35 ကသာ ပိုမိုအစွမ်းထက်ပါတယ်လို့ တင်ပြလိုက်ရပါတယ်။ Knight News