ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတရာထူး နှစ်ခုလုံးကို ပိုင်ဆိုင်ခဲ့ပေမဲ့ နိုင်ငံကနေထွက်ပြေးခဲ့ရတဲ့ အာဏာရှင်တစ်ဦးအကြောင်း

ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတရာထူး နှစ်ခုလုံးကို ပိုင်ဆိုင်ခဲ့ပေမဲ့ နိုင်ငံကနေထွက်ပြေးခဲ့ရတဲ့ အာဏာရှင်တစ်ဦးအကြောင်း

ဗြိတိသျှနဲ့ အခြားဥရောပနိုင်ငံတွေဟာ သူတို့ရဲ့ နယ်ပယ်ချဲ့ထွင်ထားတဲ့ အင်ပါယာနိုင်ငံ (လက်အောက်ခံကိုလိုနီနိုင်ငံ)တွေကို လက်လွှတ်လိုက်ရတဲ့အခါ အဆိုးဝါးဆုံးအာဏာရှင်အချို့ မကြာသေးမီကာလက ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ အထဲကတစ်ယောက်ကတော့ ယူဂန္ဓာက ဗိုလ်ချုပ် အိုင်ဒီအာမင်(Idi Amin) ဖြစ်ပါတယ်။

သူ့ရဲ့ နာမည်အပြည့်အစုံကတော့ “အိုင်ဒီ အာမင် ဒါဒါ အူမီး” ဖြစ်ပါတယ်။ သူ့ကို ၁၉၂၅ ခုနှစ်က ယူဂန္ဓာမြောက်ပိုင်းက ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်မှာ သူဟာ ဗြိတိသျှ အင်ပါယာဟောင်းရဲ့ တပ်မတော်မှာ အမှုထမ်းဆောင်ခဲ့ဖူးပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာပြည်စစ်မြေပြင်မှာ သူက ဗြိတိသျှတပ်မတော်နဲ့အတူ ဂျပန်တွေကို တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ၁၉၄၆ ခုနှစ်မှာ ဘုရင့်အာဖရိက ရိုင်ဖယ်တပ်နဲ့ ပူးပေါင်းခဲ့ပါတယ်။ ၁၉၅၀ ဝန်းကျင်နှစ်တွေက ဆူပူပုန်ကန်မှုကို နှိမ်နင်းဖို့အတွက် ကင်ညာနိုင်ငံမှာ ဗြိတိသျှတွေကို သူက ကူညီခဲ့တယ်။

ယူဂန္ဓာကို နိုင်ငံရေးလွတ်လပ်ခွင့်ပေးလိုက်တဲ့အခါမှာတော့ ဒီကိုယ်လုံးကိုယ်ပေါက် ကြီးမားကြံ့ခိုင် ကြမ်းတမ်းတဲ့သူ (သူက လက်ဝှေ့ချန်ပီယံ တစ်ဦးလည်း ဖြစ်တဲ့)ဟာ အစိုးရကိုဖြုတ်ချဖို့ သူ့ရဲ့စစ်အတွေ့အကြုံကို အသုံးချခဲ့ပါတယ်။

၁၉၇၁ ခုနှစ်မှာ အာမင်က သူ့ကိုယ်သူ ဖီးမာရှယ်ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်ခဲ့တယ်၊ ပြီးတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးနဲ့ သမ္မတရာထူး နှစ်ခုလုံးကို ရရှိပိုင်ဆိုင်ထားတဲ့အတွက် မကြာခင်မှာပဲ အကြွင်းမဲ့အာဏာကို သူပိုင်ဆိုင်ရရှိ သွားခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ အိုင်ဒီအာမင်ဟာ အာဖရိကစည်းလုံးညီညွတ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်လာတော့ အထင်ကရနိုင်ငံရေးသမား၊ အမြော်အမြင်ရှိတဲ့ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီအချိန်တွေမှာပဲ သူရဲ့ထူးခြား ဆန်းပြားတဲ့ ယူနီဖောင်းတွေ ဘွဲ့ထူးတွေနဲ့ပတ်သက်ပြီး ဗြိတိသျှသတင်းစာတွေက ပြက်လုံးထုတ် လှောင်ပြောင်ခဲ့ကြပါတယ်။ သူ့ကို လူရွှင်တော် လူပြက်တစ်ယောက်အဖြစ် ဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ ယူဂန္ဓာပြည်သူလူထုကတော့ မကြာမီမှာပဲ သူတို့ခေါင်းဆောင်သစ်ရဲ့ ကွဲပြားခြားနားတဲ့ ပုံလွှာကို ဆည်းပူးသိရှိသွားခဲ့ကြရပါပြီ။ သူက လူမျိုးရေးမုန်းတီးမှု မူဝါဒပေါ်လစီကို လက်ကိုင်ပြု ကျင့်သုံးခဲ့ပါတယ်။ တိုင်းပြည်ကနေ အာရှတိုက်သားတွေနဲ့ အခြားနိုင်ငံခြားသားတွေကို နှင်ထုတ်ဖို့ သူက အမိန့်ထုတ်ပြန်တယ်။

ပိုပြီးတော့တောင် ကြောက်မက်ဖွယ်ရာကောင်းသေးတဲ့ အရာတစ်ခုကတော့ သူ့လူမျိုးတွေအပေါ်မှာထားတဲ့ သူ့ရဲ့ကလဲ့စားချေ လက်တုံ့ပြန်မှုပဲဖြစ်ပါတယ်။ သူ့ရဲ့ ကာကွာလူမျိုးစုရဲ့ ရန်သူတွေ၊ တစ်ချိန်က ပြိုင်ဘက်ဖြစ်ခဲ့တဲ့ လူမျိုးစုတွေ ဖြစ်ပျက်တွေ့ကြုံရတာပါပဲ။

ဒုက္ခသည်တွေဟာ အိမ်နီးနားချင်း ကင်ညာနဲ့ တန်ဇားနီးယားနိုင်ငံများသို့ ထွက်ပြေးကြရတယ်။ ထွက်ပြေးရသူတွေဟာ သူတို့နဲ့အတူ အာမင်ရဲ့အစုလိုက်အပြုံလိုက် သဝာ်ဖြတ်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေစတဲ့ ကြောက်မက်ဖွယ်သတင်းတွေကို သယ်ဆောင်လာခဲ့ကြပါတယ်။

ယူဂန္ဓာပြည်ထဲမှာလည်း အာမင်ကို ဆန့်ကျင်ပြီး လှုပ်ရှားဖို့ ဘယ်သူမှ မလုပ်ရဲခဲ့ပါဘူး။ ဒါပေမဲ့ ထွက်ပြေးလွတ်မြောက်သွားသူတွေကတော့ စစ်သားစုဆောင်းပြီး စစ်တပ်ကြီး တစ်တပ်ကို ဖွဲ့စည်းခဲ့ကြပါတယ်။

ပြီးတော့ တန်ဇားနီးယားကနေပြီး ယူဂန္ဓာထဲသို့ နောက်ဆုံးမှာ ချင်းနင်းဝင်ရောက်ခဲ့ကြပါတယ်။ သူတို့တွေဟာ မြို့တော် ကမ်ပါလာကို သိမ်းပိုက်မိတဲ့အခါမှာတော့ အာမင်ဟာ တိုင်းပြည်ကနေ ထွက်ပြေးရပါတယ်။

သူက လစ်ဗျားမှာ ခိုလှုံတယ်။ ယူဂန္ဓာကို ပြန်သိမ်းမယ်လို့ ကြိမ်းဝါးသစ္စာဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူကြိမ်းဝါးသလို မလုပ်နိုင်ခဲ့ပဲ ၂၀၀၃ ခုနှစ်မှာ ဆော်ဒီအာရေဗီးယားနိုင်ငံက ဆေးရုံမှာပဲမှာ ကွယ်လွန်သွားခဲ့ပါတယ်။

အာဏာရှင်တွေဟာ ကာကွယ်ရေးဦးစီးချုပ် ရာထူးနဲ့ သမ္မတရာထူး နှစ်ခုလုံးကိုဘဘယ်လိုပဲ ရရှိပိုင်ဆိုင်ထားပါစေ နောက်ဆုံးမှာတော့ အရှုံးပေး ထွက်ပြေးရ‌တာပဲဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *