သုံးလွန်းတင်ထမင်း

သုံးလွန်းတင်ထမင်း

“ပဲနောက်နှင့် ပြောင်းဆန်၊ ကောက်သားငယ်ရံ၊ ဝေဖန်နှောယှက်၊ ရောကာချက်လို့၊ ပြောဖက် ကယ်မမြင်၊ သြဇာပြွမ်းတဲ့သုံးလွန်းတင်ကို”၊ (ဦးကြီး၏ တောဓလေ့ လွမ်းချင်း)

သုံးမည်ရော၍ ချက်ရသော ထမင်းကို ‘သုံးလွန်းတင်ထမင်း’ဟု အညာဒေသတွင်ခေါ်ဆိုကြသည်။ ဤသုံးလွန်းတင်ထမင်းကို မရှိဆင်းရဲသူများ စားသောက်တတ်ကြရပုံအား ရှေးစာတို့၌ ရေးဖွဲ့ခဲ့သည်ကို တွေ့ရှိရလေသည်။

ဂျပန်မဝင်မီ စစ်ကြိုခေတ်သည်ကား အချို့သော တောလက်ကျေးရွာများအဖို့ လူလုံးမလှသော အချိန်အခါဖြစ်ခဲ့၏။ နယ်ချဲ့အင်္ဂလိပ်တို့၏ စီးပွားရေးဖိနှိပ်မှုကြောင့် တောသူတောင်သားများ လွန်စွာဆင်းရဲမွဲတေခဲ့ကြရပေသည်။

ဆန်ပေါများသော်လည်း ဆန်ဝယ်ရန်ငွေမရှိကြရှာ၊ ငစိန်ဆန်ကိုပင် ဆန်ကောင်းထား၍ စားကြရသည်။ ဆင်းရဲသားများအဖို့ကား ဆန်ကွဲသာလျှင် ဆန်ကောင်းဖြစ်သည်။ ယင်းဆန်ကွဲကိုပင် နပ်မှန်အောင်မစားနိုင်ကြသဖြင့် သုံးလွန်းတင်ထမင်းကို ချက်ပြုတ်၍ စားကြရသည်။

သုံးလွန်းတင်ထမင်းဖြစ်ဖို့ရန်ကား မလွယ်ကူလှပေ။ ပြောင်းဆန်သည် သုံးလွန်းတင်ထမင်းအတွက် အဓိကပစ္စည်းတစ်ခု ဖြစ်၏။ ပြောင်းဆန် ခေါ် ပြောင်း၊ သို့မဟုတ် နှံပြောင်း၊ တစ်နည်း နှံစားပြောင်းဟုလည်း ကျွန်တော်တို့အညာကျေးလက်များ၌ခေါ်ဝေါ် ကြသည်။

ပြောင်းပင်၏အရှည်မှာ သာမန်လူတစ်ယောက်၏ လက်ခုပ်တစ်ဖောင်မက ကျော်ကျော်ရှိလေသည်။ ခန့်မှန်းရလျှင် ဆယ်ပေကျော်၏။ သဲမြေပွပွများတွင် စိုက်ပျိုးသည်ကို မတွေ့မိပေ။ ကျစ်မြေများ၌သာ စိုက်ပျိုးလေ့ရှိသည်ကို မြင်တွေ့ဖူး၏။(ပြောင်းဖူးမှာ သဲမြေပွပွများ၌သာ အညာဒေသတွင် စိုက်ပျိုးလေ့ရှိကြသည်။)

ပြောင်းပင်သည် ပြောင်းဖူးပင်ကဲ့သို့ လုံးပတ် မကြီးထွားပေ။ ပြောင်းဖူးပင်က အခေါင်းပွ၍ ပြောင်းပင်က ကျစ်သည်။ ကျွန်တော်တို့ဒေသတွင် ကြံပင်မရှိသဖြင့် ကြံရိုးအစား ပြောင်း စိုးကိုစုပ်ကြရသည်။ ချိုသောအရသာရှိသဖြင့် ကျွန်တော်ငယ်ငယ်ကစုပ်ခဲ့ဖူး၏။

ကြံရိုးထက် အပေါ်ခွံမာသောကြောင့် မစုပ်တတ်လျှင် ရှိတတ်ပေသည်။ လက်ကိုလည်းရှတတ်သည်။ အာခေါင်ကိုလည်း ရှတတ်သည်။ ရှတတ်သည်ဆိုခြင်းမှာ သာမန်မဟုတ်ပေ။ ဓားထက်ထက်နှင့်ခွဲလိုက်ဘိသကဲ့သို့ ထင်မှတ်ရအောင်ပင် သွေးထွက်စေလေသည်၊

မြင့်မားလှသော ပြောင်းပင်၏ ထိပ်ဖျား၌ကား ပြောင်းနှံများသည် ကြာငုံဖူးကဲ့သို့ ပုံသဏ္ဌာန်ရှိသည်။ ပြောင်းနှံများပြားစွာရှိနေလျှင် အပင်မှာ ကိုင်းညွတ်၍နေတော့သည်။ ပြောင်းခင်းကို လေကလေးတစ်ချက် ဝှေ့လိုက်သည်နှင့် ယိမ်းကသည့်ပုံဟန် မြင်တွေ့နိုင်ပေသည်။

အပင်ထိပ်ဖျား၌ရှိနေသော အဆန်ကလေးများကို ပြောင်းဆန်ဟုမခေါ်သေးပေ။ အနှံဘဝ၌သာရှိနေခြင်းကြောင့် ပြောင်းနှံဟု ခေါ်ဆိုကြသည်။ ပြောင်းနှံနှင့် ရေကန်ထဲမှ ပုစွန်လုံး(ကဏန်းလုံး)ကိုမျှားလျှင် များစွာရတတ်၏။ ကျွန်တော် ငယ်စဉ်က ရေကန်ထဲတွင် ကဏန်းဖမ်းခဲ့ဖူး၏။ ကျွန်တော်တို့ထက် အသက်ကြီးသည့် လူတစ်ယောက်က ပြောင်းနှံကို အစာချည်မျှားသောအခါ ကဏန်းများစွာပါလာသည်ကိုတွေ့ ကြုံခဲ့ရပေသည်။ နောင်အခါ ကျွန် တော်လည်း ထိုနည်းတူပြုလုပ်ခဲ့ သောကြောင့် အချိန်မကုန်ဘဲ ခဏနှင့်ရရှိပါလေတော့သည်။

ဦးကြီး၏ တောဓလေ့လွမ်းချင်းတစ်ပုဒ်တွင် ပြောင်းဆန်၏ ပုံသဏ္ဌာန်မှာ အလုံးပုကလေးများ ဖြစ်ကြောင်းဆိုသည်။ “သန်းယံချိန်ကျော် သူငယ်ချင်းကိုလ အပျင်းပြေဖျော်ရအောင်၊ လုံးတော်ပုပြောင်းဆန်ကို၊ ပေါင်းလန်အောင် အဖျော်ဟင်းငယ်နှင့်”

ပြောင်းဆန်၏ပုံသဏ္ဌာန်မှာ ဘဲဥကဲ့သို့လည်းမဟုတ်၊ အလုံးအဝိုင်းလည်းမဟုတ်သည့် ပုံမျိုးဖြစ်သည်။ အရွယ်ပမာဏကား ဆန်ရွေးစေ့အနီခန့်မျှရှိ၏။ သို့သော် အရွယ် အစားစားရှိသည်။ အချို့မှာ မျက်ကွင်းပါ၍ အချို့မှာ မပါရှိတတ်ပေ။

ပြောင်းနှံများရင့်လာမှ အပင်များကို တံစဉ်နှင့်ရိတ်ယူကြသည်။ ပြောင်းရိုးကို နွားစာအဖြစ် စဉ်း၍ ကျွေးသည်။ ထိုပြောင်းဆန်ကိုမှ လူစားရန်ပြုပြင်လုပ်ကိုင်ရ၏ (ဝါ) ဖွပ်ရ၏။ ပြောင်းဆန်ကိုဖွပ်သည်ဆိုသည်မှာ မောင်း၌ထည့်၍ ထောင်းရခြင်းကိုခေါ်၏။ “ရွှေလမှာယုန်ဝပ်လို့၊ ဆန်ဖွပ်သည့်အဘိုးအို”ဆိုသည့် ကဗျာကိုထောက်လျှင် သိသာနိုင်ပြီ။

ပြောင်းဆန်လုံးကလေးများသည် အခွံမာ၍ ပြောင်သောကြောင့် မောင်းခွက်ထဲမှ ဘေးသို့မဖိတ်မစဉ်အောင် အဝတ်စုတ်သန့်သန့်ကို သော်လည်းကောင်း၊ ပြာကိုသော်လည်းကောင်း ထည့်၍ ထောင်းရ၏။ မောင်းထောင်းသူက ခပ်ရွရွကလေး သာ ထောင်းပေးရလေသည်။ ခပ်ကြမ်းကြမ်း ပုံမှန်အနေအထားဖြင့် ထောင်းလျှင် ဘေးသို့ဖိတ်စဉ်၍ သွားတတ်ပေသည်။

ဤသို့ မောင်းထဲထည့်ထောင်းလိုက်ခြင်းကား အခွံမာသောကြောင့် အပေါ်ခွံချွတ်လိုက်ရခြင်းဖြစ်၏။ အခွံချွတ်ပြီး တစ်ဖန် ရေစိမ်ရပြန်သည်။ တစ်ညတာမျှ ရေစိမ်ထားသောပြောင်းဆန်ကို ကျောက်ပျဉ်ပေါ်တင်၍လည်းကောင်း၊ သို့မဟုတ် အသင့်ပြုလုပ်ထားသော စဉ်းတုံးပေါ်တင်၍လည်းကောင်း တစ်ခုခုနှင့်ကြိတ်ရသည်။ ပုလင်း၊ သို့မဟုတ် ကျောက်တုံးကြီးကြီးနှင့် ကြိတ်ခွဲပစ်ရ၏။ ဤသို့ကြိတ်မှသာ အခြမ်းကွဲတော့သည်။

ဤမျှလက်ဝင်အောင်လုပ်ရသည့် ပြောင်းဆန်ကို ဘာကြောင့် အပင်ပန်းခံကာ စားချင်ရသနည်းဟု တွေးကောင်းတွေးမိပါလိမ့်မည်။ကျွန်ခေတ်က တောသူ တောင်သားတို့ကား အလွန်ဆင်းရဲကြပါသည်။ ဆင်းရဲသည်ဟူသောစကားထက် ငတ်မွတ်ခေါင်းပါးသည်ဟုဆိုက ပို၍မှန်ကန်ပါလိမ့်မည်။

မြန်မာပြည်သူများ ငတ်မွတ်ခေါင်းပါးအောင် နယ်ချဲ့အင်္ဂလိပ်က ဖန်တီးခဲ့သော ခေတ်ကို ကျွန်တော်တို့တွေ့ကြုံခဲ့ ရဖူးပါသည်။ ဆန်ကွဲစျေးထက် ပြောင်းဈေးကသက်သာခဲ့ပါသည်။ အသက်ကို အသေမခံနိုင်ကြသောကြောင့် မည်မျှပင်ပြောင်းဆန် မာစေကာမူ အဆင်းရဲခံကာ ကြံဖန်၍ လုပ်ကိုင်စားသောက်ကြရပေတော့သည်။ မတွေ့မကြုံဖူးသူများ ယုံကောင်းမှယုံကြည်ပေမည်။

စာဆိုဦးဆောင်းက လက်ပံပွင့် လွမ်းချင်းတွင် ပြောင်းဆန် မာသဖြင့် မျိုမကျနိုင်ကြောင်း ဤသို့စာဖွဲ့ခဲ့သည်။ ‘သားရေနှင့်အမဲနံ၊ လက်ပံနှင့် ချိုင်ရလျှင်
ကျိုနိုင်လေမွမွပျောင်းတာမို့ ပြောင်းဆန်အို မျိုမကျရယ်နှင့် မြိန်လှတယ်လေး။”

စာဆိုကျော် ဦးပုညက ရေသည်ပြဇာတ်တွင် ဆင်းရဲမွဲတေကြောင်း ဤသို့စာဖွဲ့ခဲ့သည်။ “ဆင်းရဲခန်းကို နိဒါန်းသွယ်လို့ ဘယ့်နှယ်ပင်ပြီးသော်လည်း ဆန်နီးမယ်မဟုတ်၊ ရေကြပ်ကြပ် ရောင်းနိုင်မှ ပြောင်းဆန်ကို ကုပ်မိမယ်။”

အမည်မသိ စာဆိုတစ်ဦးကမူ ပြောင်းဆန်ကို ဆန်ကောင်းနှင့် မယှဉ်သင့်ကြောင်း စောင်းမြောင်း၍ ရေးခဲ့ဖူးသည်။ “မလျှော်အင်၊ တော်မဝင် နှံပြောင်းက၊ဆန်ကောင်းကို သုန်တမာန်နှင့်၊ ဂုဏ်ခံပြန်ခဲ့”(ဦးဖိုးလတ်၏ သီချင်းပဒေသာမှ)

အထက်တွင်ဆိုခဲ့ပြီးသော အလွန်အခွံမာသည့် ပြောင်းဆန် ခွဲကြိတ်ပြီး အခြမ်းများကို ပဲနောက်၊ သို့မဟုတ် ပဲလွန်းနှင့်လည်းကောင်း၊ဆန်(ဆန်ကွဲ)နှင့် လည်းကောင်း ရော၍ချက်ပြုတ်ရ၏။ ဤသည်ကိုပင် သုံးလွန်းတင်ထမင်းဟု ခေါ်လေသည်။

စာဆိုကျော် ဦးပုညက ရေသည်ပြဇာတ်တွင် သုံးလွန်းတင် ထမင်းကို ဤသို့စာဖွဲ့ခဲ့သည်။ “ပဲစေ့တစ်ဝက်၊ ပြောင်းတစ်ဝက်နှင့်ဆန်ပြက်သိကာ၊ ပါကောင်းရုံ ပါတော့တယ်”၊ ပဲစေ့ဆိုသည်မှာ ပဲနောက်စေ့ကိုလည်းခေါ်၏။ ပဲလွန်းစေ့ကိုလည်း ခေါ်၏။ ပဲပိစပ်စေ့ကိုလည်း ခေါ်၏။ ဤသုံးမျိုးတွင် ပဲပိစပ်မှာ မာသဖြင့် ပဲနောက်နှင့် ပဲလွန်း မရှိမှသာ သုံးလွန်းတင်ထမင်းတွင် အသုံးပြုကြသည်။

သုံးလွန်းတင်ထမင်းချက်ရာတွင် ရှေးဦးစွာ ရေနွေးဆူစေရသည်။ ရေနွေးဆူလျှင် ပြောင်းဆန်အခြမ်း ကွဲများကို ထည့်ရ၏။ ပြောင်းဆန် ပျော့လာမှ ဆန်(ဆန်ကွဲ)ကို ခတ်ရသည်။ ထို့နောက်မှ ပဲတစ်မျိုးမျိုးကို ခတ်ရသည်။

ထိုခတ်သည့် ပဲမှာ အစိမ်းမဟုတ်၊ အသင့်ပြုတ်ပြီးဖြစ်သော ပဲဖြစ်၏။ ပဲနောက်၊ ပဲလွန်းတို့သည် ပြောင်းဆန်ကဲ့သို့ အခွံမမာသဖြင့် ဖွပ်စရာမလို၊ ထောင်းစရာ မလို၊ ကြိတ်စရာမလိုပေ။ ပြုတ်၍ အခြောက်လှန်းထားခြင်းဖြင့် ပြည့်စုံလေသည်။ ဤသို့ပစ္စည်းသုံးမည် (သုံးခု)ရောနှော၍ ချက်ပြုတ်ရခြင်းကြောင့် သုံးလွန်းတင် ထမင်းဟု ခေါ်ဆိုကြပါသည်။

တောဓလေ့ထုံးစံအရ သုံးလွန်းတင်ထမင်းကို ဖားခြောက်ကင်၊ ငရုတ်သီးထောင်း၊ ခရမ်းသီးခြောက်နှင့် ပုံးရည်ရောသည့် ဟင်းချက်များနှင့် စားသောက်ကြကြောင်း ဦးကြီး၏ တောဓလေ့လွမ်းချင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။

ထို့ပြင် ဦးဆောင်း၏ လွမ်းချင်းတစ်ပုဒ်တွင် ချဉ်ပေါင်ရွက်နှင့် ယင်ပေါင်စာ ငါး ကလေးများ ရောချက်သည့်ဟင်းနှင့် စားသောက်ကြကြောင်းကိုလည်း တွေ့ရှိရသည်။ တစ်ဖန် လက်ပံပွင့်နှင့် အမဲနံရိုးသားရောချက်သည့် ဟင်းနှင့်လည်း စားသောက်နိုင်ကြောင်း တွေ့ရှိရပြန်ပါသည်။

ကျွန်တော်တို့အရပ်ဒေသများတွင် ငါးပိချက်၊ ငါးပိကောင်ချက်၊ အမဲရိုးချက်၊ အမဲအူချက်၊ ပဲသီးစပ် စပ်ချက်၊ ခရမ်းသီးချက်၊ ငရုတ်သီး စိမ်းချက်စသည့် ဟင်းချက်များနှင့် မြိန်ရှက်စွာ စားသောက်ကြသည်ကို တွေ့ရဖူးပါ၏။

သုံးလွန်းတင်ထမင်းကို ပြောင်းဖူးစေ့ပြုတ်ကဲ့သို့ ဆီဆမ်း ဆားဖြူး၍ စားလျှင်လည်း စားနိုင်၏။ သို့သော် အရသာမရှိလှပေ။ နယ်၍ စားရသောဟင်းချက်မျိုးနှင့် စားသောက်မှသာ သုံးလွန်းတင်ထမင်း၏အရသာမှာ ပို၍ခံတွင်းတွေ့ နိုင်ပါသတည်း။

ပန်တျာမြင့်အောင် (၁၉၇ဝ ပြည့်နှစ်၊ အောက်တိုဘာလ၊ ငွေတာရီမဂ္ဂဇင်း)

Leave a Reply

Your email address will not be published. Required fields are marked *