ပါရီလွတ်မြောက်ရေးကာလက ထင်ရှားခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေး

ပါရီလွတ်မြောက်ရေးကာလက ထင်ရှားခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေး

သေနဝာ်ကိုင်ထားတဲ့ အမျိုးသမီးငယ်လေးတစ်ဦးရဲ့ပုံရိပ်ဟာ ကမ္ဘာ့သမိုင်း မှတ်တမ်းဓာတ်ပုံတွေထဲမှာ ထင်ရှားတဲ့ ဓာတ်ပုံတစ်ပုံပဲ ဖြစ်ပါတယ်။ သူမရဲ့ အမည်ကတော့ ဆီမွန်ဆက်ဂွန် (Simone Segouin) ဖြစ်ပြီး၊ နီကိုးမင်းနက်(Nocole Minet)လို့လည်း လူသိများပါတယ်။

ဒီအမျိုးသမီးငယ်လေးဟာ ပြင်သစ်မြို့တော်၊ ပါရီကို ဂျာမန်တွေ သိမ်းပိုက်ထားခဲ့တဲ့ ပါရီလွတ်မြောက်ရေး တိုက်ပွဲကာလအတွင်းမှာ ထင်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သူမရဲ့ အသက်ဟာ ၁၈ နှစ်သာ ရှိပါသေးတယ်။

သူမကို ၁၉၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်က ပြင်သစ်နိုင်ငံ ရှာ့ထ်နယ်မှာ မွေးဖွားခဲ့ပါတယ်။ ၁၄ နှစ်အရွယ်ထိသာ ကျောင်းတက်ခဲ့ပြီးတဲ့နောက် စိုက်ခင်းထဲမှာ မိသားစုနဲ့အတူ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

၁၉၄၄ ခုနှစ်မှာ ဂျာမန်တွေက ပြင်သစ်ကို ဝင်ရောက်ကျူးကျော်ခဲ့ချိန်မှာတော့ သူမဟာ တက်ကြွတဲ့လူငယ်တစ်ဦးအနေနဲ့ ပြင်သစ်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။ အဲဒီအဖွဲ့ကတော့  Francs-Tireurs et Partisans group ဆိုတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဂျာမန်တွေကို ဆန့်ကျင်တဲ့အနေနဲ့ သူမ ပထမဆုံးလုပ်ခဲ့တာကတော့ ဂျာမန်အုပ်ချုပ်ရေးက စက်ဘီးတစ်စီးကို ခိုးယူခဲ့တာဖြစ်ပြီး သူမနောက်ကို မလိုက်နိုင်အောင် စက်ဘီးတွေ၊ ဆိုင်ကယ်တွေရဲ့ တာယာတွေကို လှီးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ 

နောက်သူမ တော်လှန်ရေးအဖွဲ့ထဲရောက်ပြီး သတင်းပို့ဆောင်သူတစ်ဦးအနေနဲ့ ဆောင်ရွက်တဲ့အခါ အဲဒီစက်ဘီးကို အသုံးချခဲ့ပါတယ်။ အဖွဲ့ကိုဝင်ရောက်စဉ်က သူမရဲ့ မိသားစုလုံခြုံရေးအတွက် သူမရဲ့အမည်ရင်းနဲ့ မဟုတ်ပဲ နီကိုးမင်းနက် ဆိုတဲ့ အမည်နဲ့ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သူမဟာ အစပိုင်းမှာတော့ သတင်းသမားအနေနဲ့ ကိစ္စငယ်လေးတွေကိုသာ ဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် သူမဟာ သင်လွယ်တတ်လွယ်တာကြောင့် မကြာခင်မှာပဲ သေနဝာ်ပစ်ခြင်းနဲ့ ဖောက်ခွဲရေးလုပ်ငန်းစဉ်တွေမှာ ကျွမ်းကျင်တတ်မြောက်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူမဟာ ရှာ့ထ်မြို့ လွတ်မြောက်ရေးတိုက်ပွဲနဲ့ ပါရီမြို့ လွတ်မြောက်ရေးတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ အမျိုးသမီးငယ်တစ်ဦးဖြစ်ပေမယ့် ရန်သူတွေကို လက်ရ ဖမ်းဆီးခြင်း၊ ဂျာမန်ရထားတွေကို လမ်းချော်စေခြင်း၊ ထောင်ချောက်များတပ်ဆင်ခြင်းနဲ့ ဂျာမန်စစ်လက်နက်များကို ဖျက်ဆီးခြင်းစတဲ့  အန္တရာယ်အလွန်များတဲ့ စစ်ဆင်ရေးများမှာ တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ရှာ့ထ်နယ်မြေမှာ ဂျာမန် ၂၅ ဦးကို လက်ရ ဖမ်းဆီးမိအပြီးမှာ MP40 ကိုင်ထားရင်း ရိုက်ကူးထားတဲ့ သူမရဲ့ ပုံရိပ်ဟာ ထင်ရှားကျော်ကြား ခဲ့ပါတယ်။ ၁၉၄၄ ခုနှစ် LIFE မဂ္ဂဇင်းမှာတော့ The Girl Partisan of Chartres ဆိုပြီး ဖော်ပြခဲ့ပါတယ်။

တိုက်ပွဲနဲ့ စစ်ဆင်ရေးတွေမှာ ဖိုက်တာတစ်ဦးအနေနဲ့ ပါဝင်ခဲ့တဲ့သူမကို ဂျာမန်တွေ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ သူမရဲ့ စွမ်းဆောင်ရည်တွေကြောင့် သူမကို ဗိုလ်လေး အဆင့်အထိ ရာထူးတိုးမြှင့်ပေးခံရပြီး စစ်ဘက်ဆိုင်ရာဆုတံဆိပ်ဖြစ်တဲ့ Croix de Guerre ဆုတံဆိပ်အပါအဝင် အခြား ဆုတံဆိပ်များစွာ ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

သူမနေထိုင်တဲ့ Courville-sur-Eure နယ်မြေက လမ်းတစ်လမ်းကိုလည်း သူမရဲ့အမည်ကို ပေးအပ်ဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။

စစ်ကြီးပြီးတဲ့နောက်မှာ သူမဟာ ဆေးပညာကိုလေ့လာခဲ့ပြီး ကလေးသူနာပြုတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်က သူမကို တော်လှန်ရေးထဲမှာ ပါဝင်လာစေခဲ့သူ တော်လှန်ရေးဗိုလ်ကလေး ရိုလန်ဘော်စီယာ(Roland Boursier)နဲ့အတူ ကလေး ၆ ယောက် ရရှိခဲ့ပါတယ်။

ဆက်ဂွန်ဟာ ယခုအချိန်ထိ သက်ရှိထင်ရှား ရှိနေဆဲဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တို ဘာလမှာ ၉၇ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

Source-neonews

Leave a Reply

Your email address will not be published. Required fields are marked *