၁၇ ရာစုက နစ်မြုပ်သွားခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောကြီး ဗာဆာ
Vasa ဆိုတာ ဆွီဒင်စစ်သင်္ဘောတစ်စင်းဖြစ်ခဲ့ပြီး ၁၆၂၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ၁၆၂၈ ခုနှစ်မှာ ပြီးစီးခဲ့တဲ့အတွက် တည်ဆောက်ချိန် ၂ နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။
သင်္ဘောမှာ အနုပညာလက်ရာမြောက်စွာ ထုထားတဲ့ ရုပ်တုပေါင်း ၁၀၀ ကျော်ပါဝင်ပြီး နေရာအနှံ့မှာ ပန်းချီကားတွေကိုလည်း ဆွဲထားပါသေးတယ်။ ဒီသင်္ဘောကြီးဟာ တစ်ချိန်က ဆွီဒင်ဘုရင်တွေရဲ့ ခမ်းနားကြီးကျယ်မှုကို ပြသနေရာလည်း ရောက်ပါတယ်။
ကြေးအမြောက်ကြီး ၆၄ လက်ကို တင်ဆင်ထားပြီး သင်္ဘောသား ၁၄၅ ယောက်နဲ့ စစ်သား ၃၀၀ ကို သယ်ဆောင်နိုင်တဲ့ ရွက်သင်္ဘောကြီးတစ်စင်းဖြစ်ခဲ့ပါတယ်။ ဆွီဒင်ဘုရင် Gustavus Adolphus က ပိုလန်–လစ်သူရေးနီယားတိုက်ပွဲအတွက် တည်ဆောက်စေခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီအချိန်ဟာ ကမ္ဘာမှာ အရွယ်အစားအကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံး သင်္ဘောဖြစ်ခဲ့ပါတယ်။ တည် ဆောက်ပြီးစီးတဲ့အခါမှာတော့ ဒီသင်္ဘောဟာ အဲဒီအချိန်က ကမ္ဘာမှာအင်အားအကြီးမားဆုံး အန္တရာယ်အပေးနိုင်ဆုံး သင်္ဘောဆိုပြီး ဂုဏ်ယူခဲ့ကြပါတယ်။
သင်္ဘောတည်ဆောက်ပြီးစီး လက်နက်တွေတပ်ဆင်ပြီးတဲ့အချိန်မှာ သင်္ဘောမှာ ပြဿနာရှိနေတယ်ဆိုတာကို တည်ဆောက်သူတွေဟာ သိထားပါတယ်။ သင်္ဘောပေါ်ကို အင်အားကြီးသထက် ကြီးမားအောင် အလေးချိန်များလွန်းတဲ့ လက်နက်တွေကို ဘုရင့်အမိန့်နဲ့ တပ်ဆင်ထားရလို့ပါ။
ဒါပေမယ့် သူတို့ဟာ ဒီအကြောင်းကို ဘုရင့်ထံ မလျှောက်ရဲပါဘူး။ ဘုရင်သိတာနဲ့ သူအသတ်ခံရမှာ စိုးလို့ဖြစ်ပါတယ်။သူက သင်္ဘောကို ထပ်မံပြင်ဆင်ချင်ပြီး ဘုရင့်အမိန့်နဲ့ အတင်းရေချခိုင်းမှာကို စိုးရိမ်နေခဲ့ပါတယ်။
သူစိုးရိမ်နေချိန်မှာပဲ ဘုရင်က အမိန့်ပေးတဲ့အတွက် သင်္ဘောကို ပင်လယ်ဆီကို စမ်းသပ်မောင်းနှင်ဖို့ ထွက်ခဲ့ရပါတယ်။ မီတာ ၁၃၀၀ ဝန်းကျင်အရောက်မှာတော့ သူထင်မှတ်ထားတဲ့အတိုင်းပဲ သင်္ဘောဟာ အလေးချိန်ဒဏ်နဲ့ သေနဝာ်ပေါက်တွေက ရေဝင်တဲ့ဒါဏ်ကို မခံနိုင်တော့ပဲ နစ်မြုပ်သွားကာ ရေအောက် ၃၂ မီတာ အနက်ကို ရောက်ရှိသွားပါတော့တယ်။
သူ့ရဲ့ပထမဆုံးနဲ့ နောက်ဆုံးခရီးဖြစ်ပါတယ်။ ဒီနစ်မြုပ်မှာ လူ ၃၀ ရဲ့အသက်ဆုံးရှုံးခဲ့ပါတယ်။
နစ်မြုပ်ပြီး ၃၅ နှစ်အကြာမှာတော့ အမြောက်တွေကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။ သင်္ဘောကိုဆယ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် နောက်ပိုင်းမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာ နှစ်ပေါင်း ၃၀၀ ကျော် ကြာမြင့်ခဲ့ပါတယ်။
၁၉၆၁ ခုနှစ်မှာတော့ ဆွီဒင်ရေအောက်သုတေသနပညာရှင် Anders Franzén က သင်္ဘောကြီးရဲ့ အကြောင်းကို သတင်းရခဲ့ပြီးတဲ့နောက် သင်္ဘောရဲ့နေရာကို ရှာဖွေစုံစမ်းခဲ့ပြီး နည်းပညာအကူအညီတွေနဲ့ ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။
နှစ်ပေါင်း ၃၀၀ ကျော် နစ်မြုပ်နေခဲ့ပေမယ့် သင်္ဘောကိုယ်ထည်ဟာ ဆိုးဆိုးရွားစွာပျက်စီးသွားခြင်း မရှိပါဘူး။ အဲဒီနောက်တော့ ဆွီဒင်ပညာရှင်တွေဟာ သင်္ဘောကြီးကို မူလပုံစံအတိုင်းဖြစ်စေဖို့ ကြိုးစားပြင်ဆင်ခဲ့ကြပါတယ်။ ဒီပြင်ဆင်ချိန်ဟာ နှစ်ပေါင်း ၂၀ ကြာမြင့်ပါတယ်။
ပြင်ဆင်ပြီးတဲ့နောက်မှာတော့ Wasavarvet ပြတိုက်မှာ အရင်ဆုံး ယာယီထားရှိခဲ့ပြီး ၁၉၈၈ ခုနှစ်မှာတော့ ဆွီဒင်နိုင်ငံ စတော့ဟုမ်း Vasa ပြတိုက်ကို ရွှေ့ပြောင်းထားရှိခဲ့ပါတယ်။
ဒီ ၁၇ ရာစု သင်္ဘောဟာ ဆွီဒင်နိုင်ငံရဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးအရာတစ်ခုဖြစ်ကာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သန်းနဲ့ချီပြီး လာရောက်ကြည့်ရှု့လေ့ရှိပါတယ်။
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။