စစ်ကိုင်းတောင်ရိုးချောင်မှ ယဉ်ကျေးမှုအမွေအနှစ် ရုပ်စုံကျောင်း

စစ်ကိုင်းတောင်ရိုးချောင်မှ ယဉ်ကျေးမှုအမွေအနှစ် ရုပ်စုံကျောင်း

မြန်မာနိုင်ငံတွင် ဘုရားစေတီပုထိုးများ မြောက်မြားစွာ ရှိကြပေသည်။ မြန်မာနိုင်ငံတွင် ပုဂံမြို့ဟောင်းမှအပ ရှေးဟောင်းစေတီပုထိုး အဆောက်အအုံများကို စစ်ကိုင်း တောင်ရိုးတွင် အကြွယ်ဝဆုံး နေရာဒေသတစ်ခုအဖြစ် တွေ့ရှိနိုင်သည်။

ရှေးခေတ်ကာလမှ ယနေ့တိုင်အောင် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် သာသနာတော်ထွန်းကားရာ အရပ်ဒေသတို့တွင် စေတီပုထိုးကျောင်းကန်ဇရပ်များကို ဆောက်လုပ် လှူဒါန်းခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ မရေမတွက်နိုင်သော အိုးအိမ်တိုက်တာ အဆောက်အအုံများနှင့် ရှေးဟောင်းစေတီပုထိုးကျောင်းကန်ဇရပ်များ ပျက်စီးယိုယွင်းခဲ့ကြသည်။

မြန်မာတစ်ပြည်လုံးတွင် စစ်ဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့ရသော်လည်း စစ်ကိုင်းတောင်ရိုးသည် သူတော်စင်များ ကိန်းအောင်းပျော်မွေ့ရာ နေရာအရပ်ဖြစ်သောကြောင့် ပြောပလောက်အောင် စစ်ဒဏ်ချက်ကို မခံစားခဲ့ရပေ။ စစ်၏ဒဏ်ချက်မှ လွတ်မြောက်ခဲ့ရသော ရှေးဟောင်းရုပ်စုံကျောင်းဟောင်းအဆောက်အအုံအချို့ကိုလည်း ယနေ့တိုင် မြင်တွေ့နိုင်ပေသည်။

အရိယာဝံသချောင်မှ ရုပ်စုံကျောင်း

စစ်ကိုင်းတောင်ရိုးတွင် သူတော်စင် ရဟန်း၊ သီလရှင်များ သီတင်းသုံးရာ ချောင်များစွာရှိသည့်အနက် ရှင်အရိယာဝံသချောင်သည် ရှေးအကျဆုံးသောချောင် မဟုတ်သော်လည်း အတော်အတန် ရှေးကျသော ချောင်တစ်ချောင် ဖြစ်ပေသည်။

ထိုချောင်အား အရိယာဝံသချောင်ဟု ခေါ်တွင်ခြင်းမှာ ချောင်ကို ရှေးဦးလက်မွန်တည်ထောင်သူ ရှင်မဟာအရိယာဝံသကို အစွဲပြုခေါ်တွင်ခြင်း ဖြစ်ပေသည်။ ရှင်မဟာအရိယာဝံသာသည် ထူပါရုံစေတီဒါယကာ နရပတိမင်းကြီး (၈၀၄-၈၃၀) လက်ထက်တွင် ကျမ်းတတ်အကျော်ဖြစ်သူ ရှင်မဟာအရိယာဝံသ ဖြစ်သည်။ ဆရာတော်အကြောင်းကိုကား သာသနာလင်္ကာရစာတမ်းတွင် လေ့လာတွေ့ရှိနိုင်ပေသည်။

ယင်းအရိယာဝံသချောင်သည် အကြမ်းအားဖြင့် သက်တမ်းနှစ်ပေါင်း ၄၅ဝ ကျော်မျှရှိခဲ့ပြီဟု ခန့်မှန်းရပေသည်။ ယင်းချောင်တွင်ရှိသော အဆောက်အအုံများမှာ ချောင်တည်စကနဦးကပင် ဆောက်လုပ်ထားသော အဆောက်အအုံများ မဟုတ်ကြချေ။ ၎င်းအဆောက်အအုံများအနက် ချောင်မြောက်ဘက် ကုန်းပြင်မြင့်ပေါ်တွင် တည်ဆောက်ထားသော အသားရုပ်စုံကျောင်းငယ်သည် ကြည့်ရှုမှတ်သားလေ့လာသင့်သော အဆောက်အအုံတစ်ခုဖြစ်ပေသည်။

ထိုကျောင်းငယ်သည် တစ်ပါးနေကျောင်းငယ်တစ်ဆောင်သာ ဖြစ်သည်။ အဆောက်အအုံအားဖြင့် သေးငယ်သော်လည်း ရတနာပုံခေတ် ကျောင်းတိုက်ကြီးများဖြစ်သော မြတောင်ကျောင်း၊ သမီးတော်ကျောင်း၊ ရွှေနန်းတော်ကျောင်း စသောကျောင်းတိုက်ကြီးများနည်းတူ ဆောက်လုပ်ထားသည်။

တောင်မြောက်အလျား ၄၃ ပေ ၉ လက်မ၊ အရှေ့အနောက် အကျယ် ပေ ၃ဝ ရှိသည်။ တောင်ဘက်အစွန်ဆုံးတွင် ကျောင်းဦးပြာသာဒ်ဆောင်၊ ထို့နောက် ဆောင်မကြီး၊ ထို့နောက် ဘောဂဆောင် စသည်ဖြင့် တောင်မြောက်တန်းလျက် ဆောက်ထားပေသည်။ ယခုအခါတွင်တော့ ကျောင်းဦးပြာသာဒ်ဆောင်သည် ပြိုပျက်သွားသဖြင့် မတွေ့မြင်နိုင်တော့ပေ။

ကျောင်းဆောင်တစ်ခုလုံးသည် ပြောင်မြောက်သော ပန်းပုလက်ရာများဖြင့် မွမ်းမံထားသည်ကို တွေ့နိုင်ပေသည်။ ကျောင်းဆောင်ဆင်ကပ်ပတ်လည်၏ လက်ရန်းများတွင် သုဝဏ္ဏသာမဇာတ်နှင့်ဝေဿန္တရာဇာတ် ရုပ်စုံများကို တွေ့မြင်နိုင်ပေသည်။

အရိယာဝံသရုပ်စုံကျောင်းအဝင်နေရာ ကျောက်ခင်းလမ်းမှာ ဘုရင်မင်းခေါင် ကောင်းမှုဖြစ်ပြီး ဧရာဝတီမြစ်ဆိပ်အထိရောက်အောင် ခင်းလှူခဲ့ကြောင်း သိရှိရပေသည်။ ယခုအခါတွင်တော့ အရိယာဝံသချောင်မှ ရုပ်စုံကျောင်းအား ၂၀၀၃-၂၀၀၄ ခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ရှေးမူအတိုင်း အင်္ဂါစုံပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိပေသည်။ ဤရုပ်စုံကျောင်းသည် စစ်ကိုင်းတောင်ရိုးချောင်မှ ကောင်းစွာကျန်ရှိနေသေးသော ရုပ်စုံကျောင်းတစ်ကျောင်းပင် ဖြစ်ပေသည်။

အထက်မင်းဘူးချောင်မှ ရုပ်စုံကျောင်း

စစ်ကိုင်းတောင်ရိုးသည် အရညဝါသီတောမှီသော သူတော်စင်များ တရားအားထုတ် နေထိုင်ရာဒေသဖြစ်သောကြောင့် ယေဘုယျအားဖြင့် ရှေးကဆောက်လုပ်သော ကျောင်းများသည် တစ်ပါးနေကျောင်းဆောင်များသာ ဖြစ်ပေသည်။

ရှင်မဟာအရိယာဝံသချောင်ရှိ ရုပ်စုံကျောင်းနည်းတူ ကြည့်ရှုလေ့လာဖွယ်ကောင်းသော အသားရုပ်စုံကျောင်းတစ်ဆောင်မှာ ယခင်က အထက်မင်းဘူးချောင်ရှိ ရုပ်စုံကျောင်းငယ်ပင်ဖြစ်သည်။ ယခုအခါတွင်တော့ ထိုကျောင်းမှာ များစွာပျက်စီးယိုယွင်းလျက် မရှိနိုင်တော့ဟုသာ ပြောရတော့မည်ဖြစ်သည်။

၎င်းကျောင်းဆောင်ငယ်၏ ကောင်းမှုကုသိုလ်ရှင်မှာ ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီး၏ ရေပွဲတိုက်စားမိဖုရား ပုဏ္ဏာဒေဝီဖြစ်သည်ဟု ယူဆရပေသည်။ ယင်းချောင်တွင် ရေပွဲတိုက်စားမိဖုရား ပုဏ္ဏာဒေဝီ၏ ကောင်းမှုစေတီတော်တစ်ဆူရှိပေသည်။

၎င်းရုပ်စုံကျောင်းသည် ပျက်စီးယိုယွင်းနေသောကြောင့် မူလနေရာမှ ဖယ်ရှားကာ အခြားတစ်နေရာတွင် ကျောင်းဆောင်မှ အသားများ၊ ပန်းပုများနှင့် ပြန်လည်တည်ဆောက်ထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

မူလအမျိုးအစား၊မူလပုံစံ၊မူလအနေအထားစသည်တို့ကို မတွေ့မြင်နိုင်တော့သော်လည်း အပြောက်အမွမ်း၊ ပန်းပုရုပ်လုံးများကိုတွေ့ မြင်နိုင်ပေသေးသည်။ ကျန်ရှိသေးသော ရုပ်လုံးများတွင် ဝေဿန္တရာဇာတ်၊ဝိဓူရဇာတ်၊ဘူရိဒတ်ဇာတ်တော်များအပြင် လူပျံရုပ်ကလေးများ ထုလုပ်ထားသည်ကို ယခင်က တွေ့မြင်လေ့လာနိုင်ခဲ့သည်။

အာကာသကျချောင်မှ ရုပ်စုံကျောင်

ကုန်းဘောင်ခေတ်နောက်ပိုင်း၊ သို့မဟုတ် ရတနာပုံခေတ်ပိုင်းတွင် ဆောက်လုပ်ထားသော ရုပ်စုံကျောင်းတစ်ဆောင်ကို စစ်ကိုင်းတောင်ရိုး အာကာသကျချောင်တွင် တွေ့မြင်နိုင်ပေသည်။

၎င်းအသား ရုပ်စုံကျောင်းကို ကျောက်ကုန်သည် ဦးမှတ်ကလေး ဆိုသူ ဆောက်လုပ်ခဲ့သည်ဟု မှတ်သားရပေသည်။ ၎င်းကျောင်းသည် အစောင့်အရှောက်ကင်းမဲ့လျက်ရှိသဖြင့် ကြမ်းခင်းများ ဖရိုဖရဲဖြစ်ကာ လက်ရန်းများ ပြုတ်ကျလျက်ရှိသည်ကို တွေ့မြင်ရသော်လည်း မူလပုံသဏ္ဌာန်အချိုးအစားများမှာ မပျက်စီးသေးပေ။

၎င်းကျောင်းဆောင်သည် တစ်ပါးနေ ကျောင်းဆောင်တစ်ဆောင်ဖြစ်သည်။ တစ်ကျောင်းလုံးပင် အပြောက်အမွမ်းပန်းပုများဖြင့် မွမ်းမံထားသည်။ ၎င်းကျောင်းဆင်ကပ်ပတ်လည် လက်ရန်းတွင် ထုလုပ်ထားသော ရုပ်စုံများမှာ ဇာတ်တော်များမဟုတ်ဘဲ ဇော်ဂျီများကို ပုံဟန်အမျိုးမျိုးနှင့် ထုလုပ်ထားသည်ကို စိတ်ရွှင်လန်းကြည်နူးဖွယ်ရာ တွေ့မြင်နိုင်ပေသည်။ယခုအခါတွင်တော့ ထိုကျောင်းဆောင်နှင့်တကွ ရုပ်စုံများကို မတွေ့ရှိနိုင်တော့ပေ။

ဓမ္မိကချောင်မှ မှန်စီရွှေချကျောင်း

စစ်ကိုင်းတောင်ရိုး၏ မြောက်ဘက်အစွန်ဆုံးချောင်ဖြစ်သော ဓမ္မိကချောင်တွင်ရှိသော ကျောင်းဆောင်သည် မင်းတုန်းမင်းကြီး၏ အလယ်နန်းမတော် ဆင်ဖြူမရှင်မိဖုရားကြီး ကောင်းမှုဖြစ်သည်။

၎င်းကျောင်းဆောင်ကို မူလက ကျောင်းဦးပြာသာဒ်ဘောဂဆောင်၊ စနုဆောင်များနှင့်တကွ မှန်စီရွှေချကာ ဆောက်လုပ်ထားခဲ့သော်လည်း ယခုအခါတွင်တော့ အပျက်အစီးများသာလျှင် ကြွင်းကျန်ရစ်ပေသည်။ ၎င်းကျောင်းဆောင်ကို ထွတ်ခေါင်ဆရာတော်အား တင်လှူကိုးကွယ်ခဲ့ပေသည်။

စစ်ကိုင်းတောင်ရိုးချောင်သည် ရှေးယခင်အခါကပင် သူတော်စင်များ ကိန်းအောင်းပျော်မွေ့ရာနေရာ အရပ်ဖြစ်သောကြောင့် မေတ္တာဓာတ်များဖြင့် အေးချမ်းသာယာလျက်ရှိပေသည်။

ထိုအရပ်ဒေသ၌ ဗုဒ္ဓ၏တရားတော်ကို သက်ဝင်ယုံကြည်ကြသောသူများကမူ သူတော်စင်များအတွက် ကျောင်းကန်ဇရပ်များကို ခံ့ညားစွာ တည်ဆောက်လှူဒါန်းခဲ့ကြသည်။

ထိုလှူဒါန်းခဲ့သော တစ်ပါးနေကျောင်းများရှိ ရုပ်စုံရုပ်များသည် မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာများဖြစ်သည့်အတွက် တန်ဖိုးမဖြတ်နိုင်သော အရာများဖြစ်ကြပေသည်။

ထို့ပြင် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ် နေရာဒေသတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ ထိုရုပ်စုံရုပ်များကို ယခုအခါတွင်တော့ အရိယာဝံသကျောင်းမှလွဲ၍ ကျန်သောနေရာတို့တွင် မတွေ့ရှိနိုင်တော့ပေ။

သို့သော်လည်း စစ်ကိုင်းတောင်ရိုးချောင်များမှ ရုပ်စုံကျောင်း အဆောတ်အအုံတို့ကို တွေ့မြင်ရသည်မှာ အတိတ်အချိန်ကာလမှ မြန်မာလူမျိုးတို့၏ ကြည်ညိုသဒ္ဓါပွားများစွာ လှူဒါန်းနိုင်မှုစွမ်းအားကို ချီးကျူးထောမနာ ပြုနိုင်ပါတော့သည်။

Author- မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)
From-Knowledge Light Magazine

Leave a Reply

Your email address will not be published.