ကမ္ဘာ့အထင်ကရအဖြစ်ဆုံး အနမ်း

ကမ္ဘာ့အထင်ကရအဖြစ်ဆုံး အနမ်း

ပုံမှာ မြင်တွေ့ရတဲ့ အနမ်းကတော့ ကမ္ဘာကျော် အနမ်း ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ ညနေက ဖြစ်ပါတယ်။ ဂျပန်တို့ လက်နက်ချ အညံ့ခံလို့ စစ်ပြီးပြီဖြစ်ကြောင်း ရေဒီယိုက ကြေညာလိုက်တဲ့အခါ နယူးယောက်မြို့ထဲ လမ်းမပေါ်ကို ပြည်သူများ ထွက်လို့ အောင်ပွဲခံကြပါတယ်။

ယင်းအောင်ပွဲခံမှုထဲမှာ သင်္ဘောသားတစ်ဦးက သူနာပြုအမျိုးသမီးတစ်ဦးကို ထွေးပွေ့လို့ ဖက်နမ်းနေတဲ့ပုံကို Alfred Eisenstaedt အမည်ရဓာတ်ပုံဆရာက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

George Mendonsaနဲ့Edith Shain

တော်တော်လှပတဲ့ ပို့စ်(Pose)လေးမို့ Life မဂ္ဂဇင်းထဲမှာ ပုံကြီးကြီးနဲ့ ဖော်ပြရာ ကမ္ဘာကျော် သွားရပါတယ်။ V-J Day in Times Square, V-Day နဲ့ The Kiss ဆိုပြီး အမည်အမျိုးမျိုးနဲ့ ခေါင်းစဉ်တပ်လို့ တစ်ဆင့်ပြန်လည် ဖော်ပြကြပါတယ်။

ပုံထဲက လူ ၂ ဦးဟာ ဘယ်သူလဲဆိုတာ နှစ်အတော်ကြာ အငြင်းပွားခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာကျ ဘာ Personal အချက်အလက်မှ မဖော်ပြထားလို့ ဖြစ်ပါတယ်။

နောက်ဆုံး သိလိုက်တဲ့အဖြေကတော့ Edith Shain အမည်ရ အမျိုးသမီးက ဓာတ်ပုံထဲက သူနာပြုဖြစ်ပြီး ၂၀၁၀ ခုနှစ်က အသက် ၉၁ နှစ် အရွယ်မှာ အသဲကင်ဆာနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

သူ ရှိစဉ် ကာလပတ်လုံးလည်း ထင်ရှား ကျော်ကြားခဲ့ရပါတယ်။အမျိုးသားကတော့ ရေတပ်သင်္ဘောသား George Mendonsa ဖြစ်ပါတယ်။ ရေတပ်သား George ဟာ နယူးယောက်မြို့က ရုပ်ရှင်ရုံ တစ်ခုမှာ သူ့ချစ်သူနဲ့ ချိန်းလို့ ရုပ်ရှင်ကြည့်ဖို့လာပြီး နာ့စ်မ Shain ကတော့ ဆေးရုံကို အဖော်တစ်ဦးနဲ့ သွားနေပါတယ်။

ရုပ်ရှင်ရုံထဲမှာ ကြည့်ဖို့ စောင့်ဆိုင်းနေစဉ် ရေဒီယိုမှာ စစ်ပြီးပြီလို့ ကြေညာလိုက်တာကြောင့် အားလုံး အပြင်ထွက်လို့ အောင်ပွဲခံပါတယ်။သင်္ဘောသားရဲ့ ချစ်သူလည်း အောင်ပွဲခံလို့ လမ်းမှာ ရှာလို့တောင် မတွေ့ပါဘူး။ (နောက်တော့ သူ့ဇနီး ဖြစ်သွားပါတယ်)။

ဓါတ်ပုံဆရာ Alfred Eisenstaedt

ဒါနဲ့ လမ်းမမှာ ယူနီဖောင်း အဖြူရောင်နဲ့ နာ့စ်မကိုတွေ့တော့ ထွေးပွေ့ဖက်နမ်း လိုက်ပြီး ဓာတ်ပုံဘေးမှာ ဓာတ်ပုံရိုက်နေသံကိုလည်း ကြားလိုက်ပါတယ်။ နမ်းလို့အပြီးမှာတော့ အားလုံး အောင်ပွဲခံ ပျော်နေကြချိန်ဆိုတော့ ဘယ်သူမှ သတိမထားမိပါဘူး။

သူတို့နှစ်ယောက်လည်း တစ်ဦးကို တစ်ဦး သတိမထားမိခဲ့ကြပါဘူး။ အနမ်းပြီးဆုံးသွားတော့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက် စကားလေးတောင် မပြောခဲ့ကြပါဘူး။

နောက်မှသိရတာတော့ သင်္ဘောသားဖြစ်သူဟာ အရက်နည်းနည်း မူးနေပြီး ယူနီဖောင်းနဲ့ သူနာပြုဆိုတော့ တိုက်ပွဲတွေကြားမှာ ဆုံဖူးတယ်လို့ မှတ်ယူကာ နမ်းခဲ့ခြင်း ဖြစ်ပါတယ်။ သူနာပြု အမျိုးသမီးကလည်း တိုက်ပွဲကနေပြန်လာတဲ့ စစ်သားမို့လို့ မငြင်းဆန်ပဲ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဓါတ်ပုံဆရာ Alfred Eisenstaedt ဖလင်များ

ကမ္ဘာကျော်အနမ်း ဖြစ်ခဲ့ပေမယ့် တစ်ယောက်ကို တစ်ယောက် မသိပဲ နမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို အနောက်တိုင်းရဲ့ ပွင့်လင်းတဲ့ ယဉ်ကျေးမှုလို့ပဲ ဆိုရတော့ မလို ဖြစ်ပြီး ငိုအားထက် ရယ်အားသန်စရာ ဖြစ်ရပ် တစ်ခုအဖြစ် သမိုင်းထဲ ကျန်ရှိခဲ့ကြောင်း သိရပါတယ်။

အောင်ခမ်း(International News For Myanmar)

Leave a Reply

Your email address will not be published.