ထိုင်ဝမ်အရေးနဲ့ အမေရိကန်-တရုတ်စစ်ပွဲ ဘယ်လိုဆက်စပ်နေသလဲ

ထိုင်ဝမ်အရေးနဲ့ အမေရိကန်-တရုတ်စစ်ပွဲ ဘယ်လိုဆက်စပ်နေသလဲ

ဒီမိုကရေစီစနစ်ကျင့်သုံးသော၊ ချမ်းသာကြွယ်ဝသော ထိုင်ဝမ်ဟာ တရုတ်ကမ်းလွန်ဒေသမှာ မဟာဗျူဟာမြောက်စွာ တည်ရှိနေပါတယ်။ ထိုင်ဝမ်အရေးက အမေရိကန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးအတွက် အမြဲတမ်း ဆူးညှောင့်ခလုတ် ဖြစ်ခဲ့ပါတယ်။

တရုတ်နှင့်အမေရိကန်တို့ဟာ ထိုင်ဝမ်အရေးကို ဘေးဖယ်ထားကာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အပြန်အလှန် အကျိုးရှိခဲ့ကြပါတယ်။ သို့သော်လည်း ယခုနောက်ပိုင်းမှာတော့ ထိုင်ဝမ်အရေးဟာ ဘေးဖယ်ထားဖို့ မလွယ်ကူတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။

စီးပွားရေး၊ စစ်ရေး အင်အားလည်း တောင့်တင်းလာတဲ့ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ပိုမိုစိတ်အားထက်သန်လာခဲ့ပါတယ်။ အမေရိကန်ကလည်း တရုတ်-ထိုင်ဝမ်စစ်ပွဲ ပေါက်ပါက ထိုင်ဝမ်ဘက်မှ ရပ်တည်ကာ တရုတ်ကို ရင်ဆိုင် တိုက်ခိုက်မဲ့သဘော ပိုမိုထင်ရှားစွာ ပြသလာခဲ့ပါတယ်။

ထိုင်းဝမ်ပြည်သူများဟာ လူမျိုးအရ တရုတ်လူမျိုးဖြစ်သော်လည်း ဒီမိုကရေစီ လူ့အခွင့်အရေးတို့နဲ့ အသားကျနေပြီဖြစ်ရာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့ တရုတ်အစိုးရလက်အောက်မှာ မနေထိုင်လိုကြပါဘူး။

၁။ ထိုင်ဝမ်ရဲ့ ထူးခြားသော သမိုင်းကြောင်း

ကင်မင်းဆက်၌ တရုတ်လက်အောက်ခံနယ်မြေ ဖြစ်မလာမီမှာ စပိန်နှင့်နယ်သာလန်တို့ရဲ့ ကိုလိုနီနယ်မြေ ဖြစ်ခဲ့ပါတယ်။ တရုတ်ကင်မင်းဆက်ဟာ ၁၈၉၅ ခုနှစ်မှာ ဂျပန်ကို စစ်ရှုံးတော့ ထိုင်ဝမ်ဟာ ဂျပန်လက်အောက်ခံနယ်မြေ ဖြစ်လာခဲ့ရပြန်ပါတယ်။

တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ရရှိပါက မိမိတို့ရဲ့ ပင်လယ်ကုန်သွယ်ရေးလမ်းကြောင်းများကိုပါ နှောင့်ယှက်တိုက်ခိုက်လာမည်ကို အမေရိကန်နှင့်ဂျပန်က စိုးရိမ်ပါတယ်။ တရုတ်ကို စစ်ရေးအရ ထိန်းချုပ်ဟန့်တားရာမှာလည်း ထိုင်ဝမ်ကျွန်းစုတန်းဟာ အမေရိကန်အတွက် အရေးပါပါတယ်။

အမေရိကန်ရဲ့ ကာကွယ်စောင့်ရှောက်ပေးမှုကို ရရှိတဲ့ ထိုင်ဝမ်ဟာ ဆီမီးကွန်ဒတ်တာကဲ့သို့သော ကွန်ပျူတာအစိတ်အပိုင်းများ ထုတ်လုပ်နိုင်စွမ်း ရှိသဖြင့် ကမ္ဘာ့စီးပွားရေးအတွက်လည်း အရေးပါသည်။

ဆီမီးကွန်ဒတ်တာ ထုတ်လုပ်တဲ့ နည်းဗျူဟာက တန်ဖိုးဖြတ်၍ မရတဲ့ ထိပ်တန်းနည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လူဦးရေ ၂၄ သန်းသာရှိတဲ့ ထိုင်ဝမ်ဟာ အမေရိကန်နဲ့တရုတ်တို့အတွက် အရေးပါနေခြင်းဖြစ်ပါတယ်။

၂။ သီးခြားနိုင်ငံတစ်ခုသဖွယ် ရပ်တည်နေတဲ့ ထိုင်ဝမ်

၁၉၁၂ ခုနှစ်၌ ကင်မင်းဆက်ကို ဖယ်ရှားပြီး တရုတ်အစိုးရဖြစ်လာခဲ့တဲ့  အမျိုးသားရေးပါတီရဲ့ ခေါင်းဆောင် ချန်ကေရှိတ်က ပြည်တွင်းစစ်မှာ မော်စီတုန်းရဲ့ ကွန်မြူနစ်တပ်များကို ၁၉၄၉ ခုနှစ်တွင် ရှုံးနိမ့်ခဲ့တာ‌ကြောင့် ထိုင်ဝမ်သို့ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ အမေရိကန်အစိုးရက ထိုင်ဝမ်အခြေစိုက် ချန်ကေရှိတ်ရဲ့အစိုးရကိုသာ တရုတ်အစိုးရအဖြစ် ဆက်လက်အသိ အမှတ်ပြုခဲ့ပါတယ်။

သမ္မတ ရစ်ချတ်နစ်ဆင်လက်ထက်၊ ၁၉၇၀ ပြည့်လွန်နှစ်များသို့ ရောက်ရှိလာမှသာ အမေရိကန်ဟာ ပြည်မကြီးမှ တရုတ်အစိုးရကို စတင်အသိ အမှတ်ပြု ဆက်ဆံလာခဲ့ပါတယ်။ ပြည်မကြီးမှ အစိုးရသာ တရားဝင် တရုတ်အစိုးရဖြစ်ကြောင်း ပြောင်းလဲအသိအမှတ်ပြု ခဲ့ပါတယ်။

သို့သော် အမေရိကန်ဟာထိုင်ဝမ်အစိုးရနဲ့တရားဝင်မဟုတ်တဲ့ ဆက်ဆံရေး ဆက်လက်ထားရှိခဲ့ပါတယ်။ ထိုင်ဝမ်ကို တရုတ်က မသိမ်းပိုက်နိုင်စေရန်လည်း ဟန့်တားကာကွယ်ပေးခဲ့ပါတယ်။ အမေရိကန်ထံမှ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ရရှိလိုတဲ့ တရုတ်ကလည်း ထိုင်ဝမ်အရေးမှာ အမေရိကန်ကို သည်းခံခဲ့ပါတယ်။

၃။ ဂျိုးဘိုင်ဒန်လက်ထက်မှာ ပိုမိုဆိုးရွားလာတဲ့ ထိုင်ဝမ်အရေး ပြဿနာ

တရုတ်နှင့်အမေရိကန်ဟာ စီးပွားရေးအရ လက်တွဲပူးပေါင်းဖို့ ထိုင်ဝမ်အရေးကို ဘေးဖယ်ထားခဲ့ကြပါတယ်။ သို့သော်လည်း ယခုနောက်ပိုင်းမှာ တင်းမာမှုများ ရှိလာခဲ့ပါတယ်။ အထူးသဖြင့် လက်ရှိ အမေရိကန်သမ္မတ ဂျိုးတိုင်းဒန်က ထိုင်ဝမ်ကို စစ်ရေးအရ အကာအကွယ်ပေးမည်၊ တရုတ်-ထိုင်ဝမ် စစ်ပွဲပေါ်ပေါက်လာပါက ထိုင်ဝမ်ဘက်မှ ကူညီတိုက်ခိုက်မည်ဟု သုံးကြိမ်ခန့် ထုတ်ဖော်ပြောဆိုလာခဲ့ရာ တရုတ်ကို ဒေါသထွက် လျက်ရှိပါတယ်။

ထိုင်ဝမ်အရေးပြဿနာ ကြီးထွားလာရမှုမှာ တရုတ်ရဲ့ပယောဂလည်း မကင်းပါဘူး။ တရုတ် သမ္မတရှီကျင့်ဖျင်ဟာ ထိုင်ဝမ်အရေးမှာ ပိုနေမြဲ ကျားနေမြဲအခြေအနေကို လက်မခံလိုတော့ဘဲ သိမ်းပိုက်လိုတာကြောင့် ထိုင်ဝမ်ကျွန်းစုအနီးသို့ စစ်သင်္ဘောနှင့်စစ်လေယာဉ်များ ပုံမှန်စေလွှတ်ပြီး ဖိအား ပေးခြိမ်းခြောက်လာခဲ့ပါတယ်။

ရှီကျင့်ဖျင်ရဲ့ အဆိုပါ ဖိအားပေး ခြိမ်းခြောက်မှုများကြောင့်ပဲ ဂျိုးဘိုင်ဒန် ကလည်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်လို့ သတိပေးပြောဆိုလာခြင်းဖြစ်ပါတယ်။

၄။ ထိုင်ဝမ်အတွက် တရုတ်နဲ့စစ်ခင်းဖို့ အမေရိကန် ဆုံးဖြတ်လိုက်ပြီလား

အမေရိကန်ဟာ နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် ယခင်သမ္မတထရန့်လက်ထက်မှာ ထိုင်ဝမ်ကို တိုက်လေယာဉ်များ ပြန်လည်ရောင်းချ ထောက်ပံ့လာခဲ့ပါတယ်။

ယခု ဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန်ဟာ ထိုင်ဝမ်အတွက် တရုတ်နှင့်စစ်ခင်းဖို့ ဝန်မလေးတဲ့သဘောပင် ပြောဆိုလာပါတယ်။ ယခင် အမေရိကန်အစိုးရအဆက်ဆက်က တရုတ်-ထိုင်ဝမ်စစ်ပွဲ ပေါ်ပေါက်လာပါက ထိုင်ဝမ်ဘက်မှ ကူညီတိုက်ခိုက်မည်ဆိုတဲ့ မေးခွန်းကို မဖြေကြားဘဲ အမြဲတမ်းရှောင်ရှားခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒန် လက်ထက်ရောက်မှသာ အမေရိကန်က ထိုင်ဝမ်အရေး၌ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်ဖြစ်ကြောင်း ရှင်းရှင်းလင်း လင်း ပြောဆိုလာခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကန်ဟာ တရုတ်ကိုအဓိကပြိုင်ဘက် အဓိက အန္တရာယ်လို့ သတ်မှတ်ထားပါတယ်။ တရုတ်က စီးပွားရေးနဲ့စစ်ရေးအင်အားအရ အမေရိကန်ကိုခြေရာ တိုင်းလာခဲ့ရာ အမေရိကန်ကို စိုးရိမ်စေပါတယ်။

ထိုင်ဝမ်သာ တရုတ်လက်အောက် ကျရောက်သွားပါက မိမိတို့အား တရုတ်က ပိုမို ပုခုံးချင်းယှဉ် ယှဉ်ပြိုင်မှာကို အမေရိကန်က အထူး စိုးရိမ်ပါတယ်။ ဒါ့ကြောင့်လည်း ထိုင်ဝမ်အရေးမှာ အမေရိကန်အစိုးရရဲ့ သဘောထားပိုမိုတင်းမာ လာခြင်းဖြစ်ပါတယ်။

တရုတ်အစိုးရမှာလည်း မိမိတို့ဟာ တန်းတူ စူပါပါဝါနိုင်ငံဖြစ်ကြောင်း ကမ္ဘာကို ကြေညာရေးအတွက် ထိုင်ဝမ်ကို တိုက်ခိုက်သိမ်းပိုက်ရန် လိုအပ်နေပါတယ်။

တရုတ်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာသည်ဖြစ်တာကြောင့် ထိုင်ဝမ်အရေးမှာ အမေရိကန်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဝန်မလေးတဲ့သဘောများ ပြသလာနေပါတယ်။

အဆိုပါ ထိုင်ဝမ်အရေးကြောင့် အမေရိကန်-တရုတ်စစ်ပွဲ ပေါ်ပေါက်လာမယ်လို့ သတိပေးမှုများ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Source-MYANMAR NEWSWEEK

Leave a Reply

Your email address will not be published. Required fields are marked *