ကမ္ဘာ့ ကြောက်စရာအကောင်းဆုံးအဖွဲ့အစည်း သို့မဟုတ် မော့ဆက်

ကမ္ဘာ့ ကြောက်စရာအကောင်းဆုံးအဖွဲ့အစည်း သို့မဟုတ် မော့ဆက်

ဟုတ်ပါတယ်။ မော့ဆက်( Mossad)ဆိုတာ အကြမ်းဆုံး အရက်စက်ဆုံးနဲ့ အတိကျဆုံးလူသဝာ်အဖွဲ့တခုပါ။ သူတို့ရဲ့မိခင်နိုင်ငံကတော့ အစ္စရေးပါ။ ဆိုရိုးစကားတခုရှိပါတယ်။အဲဒါကတော့ တစုံတယောက်က သင့်ကိုသဝာ်ဖို့လာနေရင် သူ့ကို အရင်ဦးအောင် သဝာ်လိုက်ပါတဲ့။ ဂျူးတို့ရဲ့ လျှို့ဝှက် စကားပုံတခုပါ။

ဒီစကားပုံဟာ မော့ဆက်အတွက် ရည်ညွှန်းထားသလိုပါဘဲ။ မော့ဆက်ရဲ့အေးဂျင့်တွေဟာ စစ်ဆင်ရေးပေါင်း ၈၀၀ ကျော်ကို လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း ဆင်နွှဲခဲ့ပြီးပါပြီ။ သူတို့သုတ်သင်ခဲ့သူအရေအတွက်ဟာ သူတို့တပ်ဖွဲ့ဝင်ဦးရေထက် များပါတယ်။

သုတ်သင်ခံရသူ အရေအတွက် ထောင်ချီရှိပါတယ်။ မော့ဆက်ဟာ ကမ္ဘာ့အကြီးဆုံးထောက်လှမ်းရေးအဖွဲ့ကြီးပါ။ဒါ့အပြင် သီးခြားလွပ်လပ်စွာ လှုပ်ရှားနိုင်တဲ့အဖွဲ့လဲဖြစ်ပါတယ်။ တနှစ်ပျမ်းမျှ အသုံးစရိတ်တင် ဒေါ်လာ ၂ .၇၃ ဘီလီယံရှိပါတယ်။

မော့ဆက်ကို ၁၉၄၈ ခုနှစ်မှာ စတင်ဖွဲ့စည်းပါတယ်။စတင်တဲ့ အစောပိုင်းနှစ်တွေမှာ မော့ဆက်ဟာ နောက်ကွယ်ကပဲ သိုသိပ်စွာ လှုပ်ရှားခဲ့ပါတယ်။ မော့ဆက်အကြောင်း စတင်ဖေါ်ထုတ်ခဲ့သူကတော့ ဂျာနယ်လစ်တဦးဖြစ်တဲ့ Ronen Bergman ပါ။

သူက မော့ဆက်ကို Deep State လို့အမည်ပေးခဲ့ပါတယ်။ဒါကလဲ မော့ဆက်ရဲ့လူသဝာ်ခွင့်လိုင်စင် ကိုရည်ညွှန်းတာပါ။ မော့ဆက်ရဲ့ဆောင်ပုဒ်ကတော့ ဟီဗရူး ဘိုင်ဘယ်ကျမ်းထဲက စာပိုဒ်ကို ကိုးကားထားတာပါ။ အဲဒါကတော့ လမ်းညွှန်သူမရှိတဲ့တိုင်းပြည်ဟာ ပြိုလဲနိုင်ပေမဲ့ အကြံဉာဏ်ကောင်းပေးနိုင်သူများရင် လုံခြုံစိတ်ချမှုကိုရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

မော့ဆက်ရဲ့လှုပ်ရှားမှုတွေထဲမှာ ဒဏ္ဌာရီဆန်ဆန် တွေလဲရှိခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ ကမ္ဘာ့အလိုရှိဆုံးလူဖြစ်တဲ့ Wadie Haddad ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။သူဟာ ပါလက်စတိုင်းလစ်ဘရေးရှင်းအဖွဲ့ကို ဖွဲ့စည်းတည်ထောင်သူပါ။
သူက ကားလို့စ်လို့အမည်တွင်တဲ့ အကြမ်းဖက်သမားတစ်ယောက်ကို လေ့ကျင့်ပေးခဲ့ပါတယ်။ ပြီတော့ အဲယားဖရန့်စ် လေယာဉ်ကို အပိုင်စီးဖို့ လုပ်ခဲ့ပါတယ်။ Haddad ဟာပါးနပ်သူပါ။ သူ့ကို ဖမ်းဖို့မလွယ်ပါဘူး။ သူကဘက်ဂဒက်မှာနေတာပါ။

မော့ဆက်အေးဂျင့်တွေဟာ Haddad ရဲ့အတွင်းစည်းအထိ ထိုးဖေါက်ဝင်ရောက်နိုင်ခဲ့ကြပါတယ်။ Haddad ရဲ့သွားပွတ်တန်မှာ အဆိပ်ခတ်နိုင်ခဲ့ပါတယ်။အဆိပ်ဟာ နဲနဲချင်းသာထွက်တာကြောင့် Haddad ဟာ သွားတိုက်တိုင်း သူ့ကိုယ်သူအဆိပ်ပြန်ခတ်နေသလိုဖြစ်သွားပါတယ်။ ဝေဒနာခံစားပြီး Haddad ဆုံးပါးခဲ့ရပါတယ်။

နောက်ထပ် ထင်ရှားတဲ့စစ်ဆင်ရေးတစ်ခုကတော့ ၂၀၁၀ ခုနှစ်အတွင်း ဒူဘိုင်းမှာလုပ်ခဲ့တာပါ။မော့ဆက်အေးဂျင့်တွေဟာ ကမ္ဘာလှည့်ခရီးသည်နဲ့ တင်းနစ်ကစားသမားတွေလို ပုံဖျက်ပြီး ပါတ်စပို့စ် အတုတွေနဲ့ ဒူဘိုင်းကို လေကြောင်းကဝင်ရောက်ခဲ့ကြပါတယ်။ အမှန်ကတော့ ဟားမတ် အဖွဲ့ခေါင်းဆောင် Mahmoud Al-Mabhouh ကိုသုတ်သင်ဖို့ လာခဲ့ကြတာပါ။

ဒီလူကို Al-bustan ဟိုတယ်ရဲ့အခန်းတစ်ခုထဲမှာ လည်ပင်းကို အဆိပ်အပ်ထိုးထည့်ပြီးသုတ်သင်လိုက်ပါတယ်။နောက်လေးနာရီအကြာမှာတော့ မော့ဆက်တွေဟာ ဒူဘိုင်းမှာ မရှိတော့ပါဘူး။လေယာဉ်နဲ့အေးအေးဆေးဆေးထွက်ခွာသွားကြပါပြီ။၊

၁၉၆၀ ခုနှစ်တုန်းကလဲ နာဇီ ရာဇဝတ်ကောင်တစ်ဦးဖြစ်တဲ့ အဒေါ့ အိုက်ခမန်းကို မော့ဆက်က ဖမ်းဆီးနိုင်ခဲ့ပါတယ်။သူ့ကို အစ္စရေးနိုင်ငံကို ခေါ်ဆောင်ကြိုးပေးပြီး စီရင်ခဲ့ပါတယ်။တခါတလေမှာ မော့ဆက်ဟာ ရန်သူကို ဘက်ပြောင်းလာအောင်လဲဆောင်ရွက်တတ်ပါတယ်။အီရတ်ပိုင်းလော့တစ်ဦးကို လေယာဉ်တစီးနဲ့အတူ အစ္စရေးကို ရောက်လာအောင်လုပ်နိုင်ခဲ့တာပါ။

မော့ဆက်ဟာ ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်ကိုလုပ်ကြံဖို့ကြိုးစားဘူးပါတယ်။ အကျဉ်းသားတစ်ဦးကို brainwash လုပ်ပြီး လေ့ကျင့် ပေးပါတယ်။ အာရာဖတ်ရဲ့ဓါတ်ပုံကို ပစ်မှတ်လုပ်အကျဉ်းသားကိုပစ်ခတ်‌စေပြီးလေ့ကျင့်ပေးတာပါ။ စိတ်ချရပြီဆိုမှ သူ့ကိုပါလက်စတိုင်းကိုပို့လိုက်ပါတယ်။

ကံဆိုးစွာဘဲ အကျဉ်းသားဟာ အာရာဖတ်ကိုမတွေ့ဘဲ ရဲစခန်းကို တည့်တည့်မတ်မတ် ရောက်သွားပြီး အဖမ်းခံလိုက်ရသလို မော့ဆက်ရဲ့စစ်ဆင်ရေးလဲ ပျက်သွားပါတော့တယ်။မော့ဆက်ဟာ အီရန်-ကွန်ထရာအရှုပ်တော်ပုံမှာလဲ ပါဝင်ပါတ်သက်ခဲ့ဘူးပါတယ်။

အဲတုန်းက အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာခိုမေနီနဲ့ သူ့မဟာမိတ်တွေကို အမေရိကန်က လက်နက်ထောက်ပံ့ရာမှာ ကြားလူအနေနဲ့ပါဝင်ခဲ့တာပါ။နောက်ထပ် အမဲစက်တစ်ခုကတော့ အီဂျစ်နဲ့ဆီးရီးယား ကအစ္စရေးကို ဝင်တိုက်မှာကို သတိပေးဖို့ပျက်ကွက်ခဲ့တာပါ။ဒါက ယွန်ကစ်ပူးစစ်ပွဲကိုဖြစ်ပွားစေခဲ့ပါတယ်။

အောင်မြင်သည်ဖြစ်‌စေ ဆုံးရှုံးသည်ဖြစ်စေ မော့ဆက်အဖွဲ့ကတော့ အစ္စရေးနဲ့အတူ လျှို့ဝှက်စွာ ဆက်လက်ချီတက်နေဦးမှာပဲ ဖြစ်ပါတယ်ခင်များ။

Leave a Reply

Your email address will not be published. Required fields are marked *