ထူးခြားတဲ့ရာဇဝင်တွေရှိခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ပွင့်တွေ အကြောင်း

ထူးခြားတဲ့ရာဇဝင်တွေရှိခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ပွင့်တွေ အကြောင်း

ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ကျောက်မျက်ရတနာဟာ စိန်ရယ်လို့ လူအများက လက်ခံကြသလို စိန်ဆိုတာဟာလည်း အမျိုးသမီးများရဲ့ သည်းခြေကြိုက် ရတနာတစ်ပါးဖြစ်ပါတယ်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ကို ပိုင်ဆိုင်ခွင့်သာရမယ်ဆိုရင် ဘယ်အမျိုးသမီး မဆို လိုချင်ကြလိမ့်မယ် ထင်ပါတယ် ။ တကယ်လို့များ စိန်ထည် လက်ဝတ်ရတနာ လက်ဆောင် ပေးမယ်ဆိုရင်လည်း ငြင်းပယ်မဲ့သူ ဆိုတာ အင်မတန်မှ ရှားမယ် ထင်ပါတယ်။

စိန်ဆိုရင် ကြီးကြီးသေးသေး လေဒီမမတို့က ကြိုက်ပြီးသား ဖြစ်ကြပါတယ်။စိန်တစ်ပွင့်ဖြစ်လာဖို့ ကမ္ဘာမြေကြီးရဲ့ အောက်ခြေမှာ ဖိနှိပ်အားတွေနဲ့ ဖိနှိပ်ခံရပြီး နှစ်သန်းပေါင်းများစွာ အချိန်ကြာတဲ့အခါမှ စိန်ဆိုတာ ဖြစ်ပေါ်လာတာပါ။

စိန်ဟာ ရတနာအားလုံးထဲမှာ အမာကြောဆုံးနဲ့ အတောက်ပဆုံး ရတနာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း စိန်ကို ကျောက်မျက်ရတနာ လောကမှာ ရှားပါး တန်ဖိုးကြီးရတနာအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

စိန်စီသောညလို တန်ဖိုးကြီးမားတဲ့ စိန်အလုံးကြီးတွေ မဝတ်နိုင်ဘူးဆိုရင်တောင် စိန်သေးလေးတွေနဲ့ လှလှပပ ယှက်သွယ်ထားတဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်တတ်ကြသေးတယ်လေ။

စိန်ရဲ့အရောင်ဟာ အဖြူရောင်ရယ်လို့ လူသိများကြပေမဲ့ အရောင်မရှိတဲ့ အရောင်မဲ့ကနေ အရောင်မျိုးစုံ ရှိနိုင်ပါတယ်။ စိန်ကို တောင်အာဖရိက၊ အိန္ဒိယ၊ ဥရောပ စတဲ့ဒေသတွေက ထွက်ရှိပြီး အာဖရိက ကတော့ စိန်တွင်းတွေ များစွာရှိတဲ့ အရပ်ဒေသအဖြစ် နံမည်ကျော်ပါတယ်။

ကျောက်မျက်ရတနာတွေဟာ တန်ဖိုးကြီး လှပလာလေ လူတွေရဲ့ လိုချင်ရမ္မက်ဇော ပြင်းထန်လေဘဲ ဖြစ်ပါတယ်။ ပြီးတော့လည်း ကျောက်မျက် ရတနာတိုင်းမှာ အစွမ်းသတ္တိတွေ ကိုယ်စီ ရှိကြတယ်လို့လည်း မှတ်သားရဖူးပါတယ်။

ဝတ်ဆင်သူကို အကျိုးပေးတဲ့ အစွမ်းသတ္တိရှိသလို အချို့သော ရတနာတွေဟာ ဝတ်ဆင်သူကို ခိုက်စေတတ်တဲ့ ဂုဏ်သတ္တိ ရှိတယ်လို့ သိရပါတယ်။

အခု ပြောပြချင်တာက ကမ္ဘာပေါ်မှာ ထွက်ရှိပြီး စိန်တန်ချိန်များစွာထဲကမှ ရှေးနှစ်ပေါင်း များစွာကတည်းက ပေါ်ပေါက်ခဲ့ပြီး ပိုင်ဆိုင်သူ အဆက်ဆက်နဲ့အတူ ထူးခြားတဲ့ရာဇဝင်တွေ ရှိခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ပွင့်တွေ အကြောင်း ပြောပြချင်ပါသေးတယ်။

(၁) Kohi Noor Diamond ကိုဟီးနူးစိန်

ပါရှန်ဘာသာအရ တောင်တန်းရဲ့ အလင်းရောင်လို့ အဓိပ္ပါယ်ရတဲ့ ကိုဟီးနူး Koh-i-Nur ခေါ် Koh-e Noor လို့လည်း စားလုံးပေါင်းကြတဲ့ စိန်ပွင့်ကြီးဟာ ယခုချိန်မှာတော့ ၁၀၅.၆ ကာရက်( ၂၁.၆ ဂရမ်) အလေးချိန်ရှိပြီး သန့်စင်တဲ့ အဖြူရောင် စိန်ပွင့်ကြီးဖြစ်ပါတယ်။

တစ်ချိန်က ၇၉၃ ကာရက် ရှိခဲ့တာကြောင့် ကမ္ဘာ့အကြီးဆုံး စိန်ပွင့်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ရတနာကုန်သည် Borgio လက်ထက်မှာ ၎င်းစိန်ကြီးကို ပိုမိုတောက်ပပြီး လင်းလက်လာစေရန်အတွက် ၁၈၆ ကာရက်အထိ ဖြတ်တောက်လိုက်ကာ ခုချိန်မှာတော့ ၁၀၅.၆ ကာရက်သာ ရှိတော့ကြောင်း သိရပါတယ်။

စိန်ကြီးကို ပိုင်ဆိုင်တဲ့ မူလပိုင်ရှင်တွေဟာ အိန္ဒယနိုင်ငံမှ ဖြစ်ပြီး ကမ္ဘာပေါ်မှာ စိန်တွေကို အစောဆုံး တူးဖော်ထုတ်လုပ်ခဲ့တဲ့ စိန်တွင်းတွေ ရှိတဲ့ ဒေသကနေ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အချို့သော ဟိန္ဒူကျမ်းဂန်များအရ ၎င်း စိန်ပွင့်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက ရာဇဝင်တွေထဲမှာ ပါဝင်ခဲ့တဲ့ စိန်ပွင့်ကြီးဖြစ်တယ်လို့ဖတ်ရဖူးပါတယ်။

အများနဲ့မတူ တမူထူးခြားတဲ့ ဒီစိန်ကြီးဟာ ကျိန်စာသင့်တဲ့စိန်လို့လည်း ဆိုကြပါသေးတယ်။

ဒီစိန်ကြီးကို စစ်နိုင်သူက အဆင့်ဆင့် သိမ်းပိုက်ခဲ့ကြတာကြောင့် ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြတဲ့ ဟိန္ဒူ၊ မဂိုရ်၊ အာဖဂန်၊ ဆခ် ဘုရင် မင်းညီမင်းသားများ၊ မဟာရာဇာ စော်ဘွားများ၊ ပါးရှန်းဘုရင်များဟာ ထီးနန်းလက်လွတ် ဆုံးရှူံးဆုံးရတာတွေ ကံဆိုးမိုးမှောင်ကျခဲ့တာတွေ ထူးဆန်းစွာ တိုက်ဆိုင်မှု ရှိခဲ့ကြတော့ ကိုဟီးနူးစိန်ဟာ ပိုင်ဆိုင်ထားတဲ့သူ (အမျိုးသားများ) ကို ခိုက်စေတယ်ဆိုတဲ့ ယုံကြည်မှုတွေ ပြင်းထန်ခဲ့ကြပါတယ်။

၎င်းစိန်ကို လက်ဝယ်ပိုင်ဆိုင်ထားသူ၊ ဝတ်ဆင်သူဟာ အမျိုးသမီးဖြစ်ခဲ့ရင်တော့ ကျိန်စာဟာ အကျိုးသက်ရောက်မှု မရှိဘူး လို့လည်း ဆိုကြပါတယ်..

အိန္ဒိယဟာ ကိုလိုနီနိုင်ငံအဖြစ် အင်္ဂလန်နိုင်ငံ လက်အောက် ကျရောက်ပြီးတဲ့နောက် ၎င်း ကိုဟီးနူးစိန်ဟာ အင်္ဂလန် ဘုရင်မ ဝိတိုရိယရဲ့ သရဖူမှာ တတ်ဆင်ဖို့ သိမ်းပိုက်ခြင်း ခံလိုက်ရပါတယ်။

ယခုချိန်ထိလည်း ဘုရင်မရဲ့ သရဖူမှာ တတ်ဆင်ထားတဲ့ နန်းစဉ်ရတနာအဖြစ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ထူးဆန်းတဲ့ တိုက်ဆိုင်မှုကတော့ ဘုရင်မ ဝိ တိုရိယ လက်ထက်မှာတော့ ကျိန်စာ အကျိုးသက်ရောက်မှုကို မတွေ့ခဲ့ရပါဘူး။ ပြီးတော့လည်း ဝိ တိုရိယဘုရင်မဟာ ဒီ ကိုဟီးနူးစိန် တတ်ဆင်ထားတဲ့ သရဖူကို ဆောင်းခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီး ဧကရာဇ်ဖြစ်ပါတယ်။

ခုချိန်မှာတော့ အဲလီဇဘက် ဘုရင်မကြီးက ဒီသရဖူကို ဆက်ခံသူဖြစ်နေပါပြီ။ ကိုဟီးနူး စိန်ကြီးဟာ အရည်အသွေးအားဖြင့်ရော သမိုင်းဝင် ရတနာအဖြစ်ပါ တန်ဖိုးကြီးမားလှတာကြောင့် ဘယ်ရွေ့ ဘယ်မျှရယ်လို့ တန်ဖိုးဖြတ်မရတဲ့ ကမ္ဘာ့ အဖိုးထိုက်တန်ဆုံး စိန်ကြီးတစ်ပွင့်အဖြစ် သတ်မှတ်ထားကြရပါတယ်။

(၂) Sancy Diamond

ဒီစိန်ပွင့်ကြီးဟာ အဝါရောင်ဖျော့ဖျော့ရှိပြီး ၅၅ ကာရက် အလေးချိန် ရှိပါတယ်။ ထူးခြားတဲ့ အရှေ့ရော အနောက် မျက်နှာစာပါ သရဖူပုံကဲ့သို့ နှစ်ဖက်ချွန် စိန်တစ်ပွင့် ဖြစ်ပါတယ်။

ရှေ့ကကြည့်လျှင် ဒိုင်း ပုံသဏ္ဍာန်ရှိပြီး အိန္ဒိယနိုင်ငံကနေ တူးဖော်တွေ့ရှိခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။၁၅ရာစုနှစ်မှာ မြို့စားကြီး ချာလ်းဘိုလ်းက ၎င်းစိန်ကြီးကို ပိုင်ဆိုင်ခဲ့ပြီး ကံကောင်းစေတဲ့ အဆောင် ကျောက်မျက်ရတနာအဖြစ် အသုံးပြုခဲ့သော်လည်း စစ်ပွဲမှာ ကျရှုံးခဲ့ပြီးတဲ့နောက် သူပိုင်ဆိုင်တဲ့ စိန်ကြီးကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။

ဒီစိန်ကြီးကို ပိုင်ဆိုင်ခဲ့သူတစ်ဦးဖြစ်တဲ့ Nicholas Harlai de Sancy ဟာ ကျောက်မျက်ရတနာတို့ရဲ့ ဂုဏ်သတ္တိကို နားလည်သူဖြစ်ပါတယ်။

သူဟာ ၎င်းစိန်ကြီးကို ပြင်သစ်ဘုရင်ထံ လူယုံတော် သံတမာန်လွှတ်ပြီး ဆက်သစေခဲ့ရာ လူယုံတော် သံတမန်ဟာ နန်းတွင်းသို့ ရောက်ချိန်တန်လို့မှ ရောက်မလာတဲ့အတွက် သံတမာန်ဟာ ဘုရင်ထံမရောက်ဘဲ စိန်ကြီးကို ခိုးယူထွက်ပြေးသွားတယ်လို့ ယူဆခဲ့ကြပါတယ်။

သို့သော်လည်း သူ့လူယုံတော်ရဲ့ သစ္စာရှိမှုကို ယုံကြည်တဲ့ de Sancy ဟာ လူယုံသွားတဲ့ လမ်းအတိုင်း ပြန်လိုက်တဲ့အချိန်မှာ ဓားပြတွေသတ်လို့ သေနေတဲ့ အလောင်းကို တွေ့ရပါတယ်။

အလောင်းကို ဗိုက်ခွဲစစ်ဆေးကြည့်တော့ အစာအိမ်ထဲမှာ ဒီစိန်ကြီးကို ပြန်တွေ့ခဲ့ရပါတယ်။လူယုံဟာ ဓားပြတွေ ရန်ကနေ ကာကွယ်ဖို့ စိန်ကြီးကို မျိုချပြီး ကာကွယ်ခဲ့ပုံရပါတယ်။ Nicholas Harlai de Sancy ကို အစွဲပြုပြီး ၎င်းစိန်ကိုလည်း Sancy Diamond လို့ အမည်မှည့်ခေါ်ခဲ့ကြပါတယ်..

အဆင့်ဆင့် ပိုင်ရှင် ပြောင်းလဲလာပြီးနောက် ပြင်သစ်ဘုရင် လူဝီ ၁၄လက်ထက်မှာ ပြင်သစ်တော်လှန်ရေးကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်ချိန်မှာ ၎င်းစိန်ဟာ အခိုးခံလိုက်ရပြီး နှစ်အနည်းငယ် ကြာတဲ့အခါမှာတော့ ပြန်လည်ပေါ်ထွက်လာပြီး ရုရှား မင်းသားတစ်ပါးထံ ရောင်းချခြင်းခံရပြန်ပါတယ်။

၁၉၀၆ခုနှစ်မှာ Waldorf Astor ဟာ သူ့သားအတွက် မင်္ဂလာလက်ဖွဲ့အဖြစ် ဝယ်ပေးခဲ့ပြီး ခုချိန်မှာတော့ ပြင်သစ်နိုင်ငံရဲ့ အကျော်ကြားဆုံး လုဗ် ပြတိုက်မှာ ခင်းကျင်းပြသထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။တန်ဖိုးအားဖြင့် မခန့်မှန်းနိုင်တဲ့ စိန်တစ်ပွင့်ဖြစ်ပါတယ်။

(၃) Cullinan Diamond

အဖြူရောင်ရှိ Cullinan Diamond ကို ၁၉၀၅ခုနှစ် ဇန်နဝါရီလ ၂၆ရက်နေ့မှာ Premier Diamond Mining Company က စိန်တွင်းမန်နေဂျာ Frederick Wells က တောင်အာဖရိက စိန်တွင်းကနေ တူးဖော်ရရှိခဲ့တာ ဖြစ်ပါတယ်။

၎င်း စိန်အရိုင်းတုံးကို တောင်အာဖရိက ကနေ အင်္ဂလန်ကို ပို့ဆောင်တဲ့အခါမှာ စိန်ကြီးကို လိုချင်တပ်မက်တဲ့ သူခိုးဓားပြ ရန်ကနေ ကာကွယ်ဖို့အတွက် လုံးခြုံရေးအခြေအနေအရ သင်္ဘောနဲ့ သယ်ဆောင်မယ်လို့ သတင်းလွှင့်လိုက်ကြပါတယ်။

တကယ်တမ်း သင်္ဘောပေါ်မှာ စိန်အတုသာ ပါသွားခဲ့ပြီး စိန်အစစ်ဟာ စာတိုက်ကနေ မထင်မရှား ပို့ပြီး လမ်းကြောင်းလွှဲခဲ့ကြပါတယ်။စိန်တွင်းပိုင်ရှင် Sir Thomas Cullinan ကို အစွဲပြုပြီး Cullinan Diamond လို့ အမည်ပေးခဲ့ပြီး ၎င်း စိန်ပွင့်ကြီးဟာ တူးဖော်ရသမျှ စိန်တွေထဲမှာ ကမ္ဘာပေါ်မှာ အကြီးဆုံး အရိုင်းတုံးဖြစ်ပါတယ်။

Great of Africa ခေါ် Cullinan Diamond ခန့်မှန်းတန်ဖိုး ဒေါ်လာသန်းလေးရာဖြစ်ပါတယ်။မသွေးခင် အရိုင်းတုံးအဖြစ် ၃၁၀၆ ကာရက် ( ၆၂၁.၃၅ ဂရမ်) ရှိပြီး စိန်တုံးကြီးရဲ့ အလယ်မှာ အနက်ရောင် အစက်များ ထင်ထင်ရှားရှား ပါရှိနေတာကြောင့် ဖြတ်တောက် သွေးလိုက်တဲ့ အချိန်မှာတော့ အရွယ်အစားကြီးမားတဲ့ စိန်ပွင့် ၉ပွင့်နဲ့အတူ သေးငယ်သော စိန်ပွင့်ပေါင်းများစွာ ပေါ်ထွက်လာပါတယ်။

၎င်းတို့ထဲမှာ အကြီးဆုံးစိန်၂ပွင့်က ၅၃၀.၄ ကာရက်( ၁၀၆.၁ ဂရမ်) ရှိနေတဲ့ တောက်ပလင်းလက်နေသော စိန်ပွင့်ကြီး Great of Africa သို့မဟုတ် Cullinan I Diamond နဲ့ ၃၁၇.၄ ကာရက်ရှိ Cullinan II သို့မဟုတ် Lesser Star of Africa လို့ ဖြစ်ပါတယ်။

၁၉၈၅ ခုနှစ် Golden Jubliee Diamond မတွေ့ခင် အချိန်ထိ Great of Africa ဟာ ကမ္ဘာ့အကြီးဆုံး စိန်ပွင့်ကြီးအဖြစ် ရပ်တည်ခဲ့ပါတယ်။Cullinan II ကတော့ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အကြီးဆုံး စိန်ပွင့်ဖြစ်ပါတယ်.. ယခုချိန်မှာ ၎င်း စိန်ပွင့်ကြီး ၂ခုလုံးဟာလည်း အင်္ဂလန်ပြည့်ရှင်ဘုရင်မကြီးရဲ့ သရဖူမှာ တတ်ဆင်ထားတာ ဖြစ်ပါတယ်။

ခရက်ဒစ်- အစိမ်းရောင်လွင်ပြင် (ချော)

Leave a Reply

Your email address will not be published.