ဒညင်းသီးဟာ စားစရာမဟုတ်ပါ
ဒညင်းသီးကို English လို Djenkol Bean လိုခေါ်ပြီး၊ သူ့ရဲ့ Scientific name ကတော့ Pithecolobium -lobatum လို့ဆိုပါတယ်။
တညင်းသီးမှာ လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ့မှာ ပါဝင်တာကတော့ လူကို ဒုက္ခပေးနိုင်တဲ့ အဆိပ်ဓာတ်ပါပဲ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ့ အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတာကြောင့် အဆိပ်သင့်တတ်တဲ့အစားအစာ တစ်ခုဖြစ်ပါတယ်။
ဒညင်းသီးအဆိပ်သင့်တာကို Djenkolism လို့ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာပါပဲ။
ဒညင်းသီးပေါတဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင်နဲ့ သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင့်မှု အများဆုံးတွေ့ရပါတယ်။ ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင့်မှုကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင့် အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီးစနစ်တကျကုသမှု မခံယူရင်သေဆုံးဖို့ လမ်းပိုများတယ်လို့ဆိုပါတယ်။
အဆိပ်သင့်ခြင်း
ဒညင်းသီးအဆိပ်ရဲ့ ဖွဲ့စည်းပုံမော်လီကျုးကတော့ အပ်ချောင်းပုံလေးတွေကို ပုတီးသီသလို သီထားတဲ့ ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ့တစ်ခုအလွယ်တကူချိတ်တွယ်နိုင်ပါတယ်။
ကျနော်တို့ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင် အသည်းကပျက်ပြယ်အောင်လုပ်ပေးပါတယ်။ ကျောက်ကပ်ကတော့ ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။ ဒညင်းသီးစားလိုက်ရင်ပါဝင်တဲ့ အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ့ အခါ အသည်းကိုရောက်ပါတယ်။
အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ့ အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ ပျက်ပြယ်အောင်မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။
အဲဒီအခါ ကျောက်ကပ် ကနေစွန့်ထုတ်ဖို့ကြိုးစားရပါတယ်။ ဒါပေမယ့် ဒညင်းသီးအဆိပ်မော်လီကျုးရဲ့ တည်ဆောက်ပုံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ်မော်လီကျုးတွေကထိုးလို့ သွေးကြောလေးတွေပေါက်တတ်ပါတယ်။
အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ့ အခါဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို့ မရဖြစ်လာပါမယ်။
ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Urea နဲ့ အဆိပ်အတောက်တွေများလာပြီး ဆေးရုံကိုအချိန်မီ တက်ရောက်ကုသမှု မခံယူရင် အသက်သေဆုံးနိုင်ပါတယ်။
ဒါကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute renal failure) လို့ခေါ်ပါတယ်။ ကျောက်ကပ်သန့်စင်စက် (Renal dialysis) နဲ့ အချိန်မီကုသနိုင်မှသာ အမြန်ဆုံး သက်သာမှာ ဖြစ်ပါတယ်။
ဒညင်းသီးစားမယ်ဆိုရင်
ဒညင်းသီးမှာပါတဲ့ အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ့အဆိပ်မျိုးဖြစ်ပါတယ်။ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ ဒညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာပျော်ဝင်ပြီး ပြည့်ဝသွားတဲ့အတွက် အဆိပ်တွေထပ်ပြီးမပျော်နိုင်ပါဘူး။
ဒါကြောင့် ရေနဲ့ပြုတ်တဲ့အခါ တစ်ကြိမ်တည်းနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ့ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီးတဲ့ ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ့ ထပ်ပြုတ်ရမှာပါ။
ဒါဆိုရင်တော့ အန္တရယ်တော်တော်လျော့သွားမှာပါ။ ဒညင်းသီး အဆိပ်ဟာ 300’C ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100’C သာရှိတာကြောင့်ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို့များ မီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော့ 100% ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
ဒညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီးစားရင်တော့ အဆိပ်တွေတော်တော်လေး လျော့နည်းသွားတယ်လို့ဆိုပါတယ်။ ဒညင်းသီး အဆိပ်ဟာ ဆားရည်မှာအလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။
အနံ့ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း ဒညင်းသီးစားပြီးတဲ့အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ့ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို့ ဆိုလိုတာပါပဲ။
ဒညင်းသီးအဆိပ်နဲ့ ပတ်သက်ပြီး WHO (1970),South East Journal of Tropical Medicine (1978) စသဖြင့်ထုတ်ပြန်ရေးသားထားတာတွေလည်းရှိပါတယ်လို့ဆိုတယ်။
ဒါကြောင့် စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ့ဆိုးပေးတဲ့ ဒီလိုအသီးကို အားလုံး တတ်နိုင်သမျှတော့ မစားသင့်ဘူးလို့ ထင်မြင်မိပါတယ်။
Ref; NCBI