စပါးကြီးမြွေတွေက တကယ်ပဲ ညို့တတ်လား၊ စပါးကြီးမြွေများအကြောင်း တစေ့တစောင်း
ကျွန်တော်တို့တွေရဲ့ နေထိုင်ရာပတ်ဝန်းကျင်က လူကြီးမိဘတွေရဲ့ စကားအရ စပါးကြီးမြွေတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာတဲ့အခါ သူတို့တွေရဲ့မျက်လုံးတွေကို တည့်တည့်မကြည့်ဖို့၊ သူတို့တွေနဲ့ အကြည့်ချင်းဆုံမိတဲ့အခါ လှုပ်မရတော့ပဲ ညို့ယူခံလိုက်ရပြီး အသက်ဆုံးရှုံးသွားစေနိုင်တယ်လို့ အများက ယုံကြည်ထားကြပေမဲ့ တကယ်တမ်းမှာတော့ ဒီစကားတွေက အမှန်မဟုတ်ကြပါဘူး။
စပါးကြီးမြွေ၊ စပါးအုံးမြွေတို့လို ပေ ၂၀ ကျော်လောက်ရှည်လျားတဲ့ မြွေကြီးတွေက လူတစ်ယောက်ကို တစ်ကိုယ်လုံးမြိုလေ့ရှိတတ်တာဟာ မှန်ကန်ပေမဲ့ ညို့တဲ့အချက်ကတော့ မှားယွင်းလို့နေပါတယ်။
ဒါ့အပြင် သူတို့နဲ့မျက်လုံးချင်း ဆုံတွေ့မိရာမှာလည်း ရုန်းမရတော့တာတို့၊ လှုပ်မရတော့တာတို့ဟာလည်း မှားယွင်းပါတယ်။ အဆိုပါမြွေကြီးတွေဟာ ညို့လည်းမညို့တတ်သလို၊ မျက်လုံးချင်းဆုံရင်လည်း ဘာမှမဖြစ်ပါဘူးနော်။
ဒါပေမဲ့ သူတို့ရဲ့အလေ့အထအရတော့ နို့တိုက်သတ္တဝါတွေကို အမဲလိုက်လေ့ရှိတာကြောင့် လူအပါအဝင် ခွေး၊ နွား၊ ဆိတ်တို့ဟာ သူတို့ရဲ့သားကောင်ပစ်မှတ်စာရင်းမှာ ပါဝင်လို့နေပါတယ်။
သူတို့တွေရဲ့ အစာစာရင်းမှာ တွားတွားသတ္တဝါတွေနဲ့ ငှက်ငယ်လေးတွေလည်း ပါဝင်လို့နေပေမဲ့ နို့တိုက်သတ္တဝါတွေကတော့ သူတို့ရဲ့အကြိုက်နှစ်သက်ဆုံး သားကောင်တွေဖြစ်ကြပါတယ်။
သူတို့ရဲ့ခန္ဓာကိုယ်က အကွက်အပျောက်တွေဟာလည်း သစ်ရွက်ခြောက်၊ သစ်ကိုင်းအခတ်အလတ်တွေနဲ့ ဆင်တူလို့နေတာကြောင့် အဲ့ဒီအချက်ကို အားသာချက်အဖြစ် အသုံးချပြီး ပုန်းကွယ်ရင်း သားကောင်ကိုစောင့်ချောင်းရင်း အမဲလိုက်လေ့ရှိကြပါတယ်။
သူတို့တွေဟာ သားကောင်ကို ဦးစွာကိုက်တတ်လေ့ရှိပြီး နောက်ပိုင်းမှသာ သားကောင်ကို သူ့ရဲ့ခန္ဓာကိုယ်နဲ့ရစ်ပတ်ပြီး မရုန်းနိုင်အောင်ချုပ်ပြီးကာမှ အကောင်လိုက်မြိုပြီး စားသောက်လေ့ရှိကြတာပါ။
စပါးကြီးမြွေတွေဟာ ကမ္ဘာ့အကြီးမားဆုံးသော မြွေမျိုးစိတ်တစ်ခုဖြစ်ပြီး အရှည်အားဖြင့် ၂၃ လက်မကနေ ၃၅ ပေလောက်အထိ ရှည်လျားတတ်သလို အလေးချိန်အားဖြင့်မှာလည်း ၇ ပေါင်လောက်ကနေ ၂၅၀ ပေါက်လောက်ထိ ပိုင်ဆိုင်ထားကြပါတယ်။
စပါးကြီးမြွေတွေဟာ သူတို့ရဲ့မျိုးစိတ်အပေါ်မူတည်ပြီး နေရာအစုံမှာ တွေ့ရလေ့ရှိပေမဲ့ များသောအားဖြစ်တော့ ကြီးမားလှတဲ့ သစ်ပင်ကြီးတွေအပေါ်မှာ နေထိုင်လေ့ရှိကြပါတယ်။
အမဲလိုက်ရာမှာလည်း အဲ့ဒီသစ်ပင်ကြီးတွေကို အခြေပြုပြီး သစ်ကိုင်းတွေကို အမြှီးနဲ့ရစ်ပတ်ထားကာ သစ်ရွက်တွေနဲ့ပုန်းပြီး အခွင့်ကောင်းရတာနဲ့ တိုက်ခိုက်လေ့ရှိတတ်ကြပါတယ်။
သူတို့ရဲ့မေးရိုးတစ်လျှောက်မှာရှိတဲ့ အာရုံခံအပေါက်လေးတွေနဲ့ နို့တိုက်သတ္တဝါတွေကို အာရုံခံလေ့ရှိကြပြီး သားကောင်ကိုတွေ့ရင်တော့ သူတို့ရဲ့သွားချွန်တွေနဲ့ ကိုက်ဖြတ်ကာ တိုက်ခိုက်ပြီး ခန္ဓာကိုယ်နဲ့ရစ်ပတ်ကာ သားကောင် အသက်ဆုံးရှုံးတဲ့အထိ ညှစ်ချုပ်ပြီးကာမှ အကောင်လိုက် မြိုပြီးစားသောက်ကြပါတယ်။
သူတို့ရဲ့အမဲလိုက်နည်းစနစ်ဟာ သားကောင်ကိုဖျက်ဆီးပစ်လိုက်ဖို့မဟုတ်ပဲ အသက်ရှုရပ်သွားဖို့ပဲ ပစ်မှတ်ထားတဲဲ့နည်းမျိုးဖြစ်ပြီး သူတို့ရဲ့လှုပ်ရှားနိုင်စွမ်းမြင့်မားတဲ့ မေးရိုးတွေကိုအသုံးပြုပြီးတော့လည်း တစ်ပေအကျယ်လောက် ပါးစပ်ဟနိုင်စွမ်းရှိကြပါတယ်။
အဲ့ဒီလိုနဲ့ သားကောင်ကို ဦးခေါင်းပိုင်းကနေ စမြိုလေ့ရှိကြပြီး အစာအိမ်ထဲကို သားကောင်ရောက်သွားပြီးချိန်မှာတော့ အစာချက်လုပ်ငန်းကို စတင်လေ့ရှိကြပါတယ်။
Ref; Wildlife Explorers