မြောက်ကိုရီးယားထက် တင်းကြပ်တဲ့နိုင်ငံ

မြောက်ကိုရီးယားထက် တင်းကြပ်တဲ့နိုင်ငံ

သင်ဟာခရီးသွားရတာ ဝါသနာပါတယ်ဆိုရင် အခုတင်ပြမယ့် နိုင်ငံကိုတော့ ရှောင်သင့်ပါတယ်။

သူက မြောက်ကိုရီးယားထက်တောင် စည်းကမ်း တင်းကြပ်လို့ပါ။ အဲဒီနိုင်ငံကတော့ တာ့မင်နစ္စတန် (Turkmenistan) ဖြစ်ပါတယ်။

ဘယ်လောက်တောင်ဆိုးသလဲဆိုရင် ဒီနိုင်ငံကို လာလည်တဲ့ ခရီးသည်ဟာ ၅၀၀၀ တောင် မပြည့်ပါဘူးတဲ့။ အစိုးရဟာ ဝင်လာသူမည်သူ့ကိုမဆို အထူးတင်းကြပ်စွာ စစ်ဆေးပါတယ်။ ခရီးသည်တိုင်းကို အထူးရဲတွေက အမြဲလိုစောင့်ကြည့် နေတတ်နေပါတယ်။

သူတို့ရဲ့မြို့တော် Ashgabad ဟာ အဖြူရောင် မာဘယ်ကျောက်ရယ်၊ ရွှေရယ် အလှဆင်ထားတဲ့ အဆောက်အဦတွေနဲ့ ပြည့်နေပါတယ်။ ကမ္ဘာမှာ မာဘယ်ကျောက်နဲ့ ဆောက်တဲ့အဆောက်အဦအများဆုံးအဖြစ် စံချိန်တင်ပါတယ်။

အမြင့်ဆုံးဆိုရမယ့် အလံတိုင်နဲ့ ရေပန်းဥယာဉ်ကြီးတစ်ခုလဲရှိပါတယ်။ ဒါတွေအားလုံးက အလှပြယုံသက်သက်ဖြစ်ပြီး အဆောက်အဦတွေမှာ လူမရှိပါဘူး။ သူ့နိုင်ငံသားတွေတောင် မြို့တော်ရဲ့အလည်ကို ဖြတ်သန်းခွင့်မရှိပါဘူး။

တာ့မင်နစ္စတန်ရဲ့ ပထမဆုံးသမ္မတဟာ သူ့ကိုယ်သူ အမည်ပြောင်းတဲ့အပြင် တခြားအရာအားလုံးကိုလည်း အမည်ပြောင်းပစ်ခဲ့ပါတယ်။ သူ့အမည်ကို Turkmenbasy လို့အမည်ပြောင်းပါတယ်။အဓိပ္ပါယ်ကတော့ တာ့ခ်မန်း အားလုံးရဲ့ဖခင် ဖြစ်ပါတယ်။

မြို့လည်မှာ သူ့ရဲ့ပုံတူရွှေရုပ်တုကို ထုလုပ်ထားရှိပါတယ်။ ရုပ်တုကို နေရှိရာဘက်ကို အမြဲမျက်နှာမူ နေအောင် ပြုလုပ်ထားပါတယ်။ သူဟာ မြို့နာမည်တင်မကပါဘူး နှစ်၊ လ၊ ရက်တွေကိုလဲ အမည်ပြောင်းထားပါတယ်။

Ruhnama အမည်ရတဲ့ စာအုပ်ကို သမ္မတကိုယ်တိုင် ရေးပါတယ်။ မဖတ်မနေရလို့ ပြဌာန်းထားပါတယ်။ အဓိပ္ပါယ်ကလဲ အဆန်းပါ စာအုပ်တကာတို့ရဲ့ဝဉာဏ် လို့အဓိပ္ပါယ်ရပါတယ်။

ကျောင်းတွေ၊ တက္ကသိုလ်‌တွေမှာ ဒီစာအုပ်ကို မသင်မနေရလို့ အမိန့်ထုတ်ထားပါတယ်။အစိုးရဝန်ထမ်းဆိုရင် ဒီစာအုပ်ကိုအလွတ် ရနေရမှာဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့ တချို့စာပိုဒ်တွေဟာ ကိုရမ် ကျမ်းစာထဲက ဖြစ်ပါတယ်။ သူတို့ရဲ့ ဗလီမှာလဲ စာသားတွေကိုထွင်းထု ထားပါတယ်။ ဒုသမ္မတက ပိုဆိုးပါတယ်။ ပထမလူ သေပြီးပြီးချင်း ရွှေရုပ်တုနေရာကို သူ့ရဲ့ပုံတူရွှေရုပ်တုနဲ့ အစားထိုးလိုက်ပါတယ်။

မသင်မနေရ စာအုပ်ကြီးကိုလဲ စာသင်ကျောင်းတွေ စာကြည့်တိုက်တွေကနေ အပြီးတိုင် ဖယ်ရှားလိုက်ပါတယ်။ သူ့ကိုယ်သူ Protector လို့ တရားဝင် သုံးနှုံးပါတယ်။ ကို့ယို့ကားယား ဥပဒေတွေ တသီကြီး ထုတ်ပါတယ်။ သူ့အမည်က Berdimuhamedow ပါ ။

တစ်နေ့မှာ သူက ကားအနက်ရောင်တစီးကိုတွေ့လို့ ကားအနက်ရောင်မှန်သမျှ တားမြစ်လိုက်ပါတယ်။ ကားအနက်ရောင်ပိုင်ရှင်အားလုံး အရောင်ပြောင်းကြရပါတော့တယ်။ ညစ်ပတ်နေတဲ့ ကားမှန်သမျှ မြို့တော်ထဲကို ဝင်ခွင့်မပြုပါဘူး။

သမ္မတဟာ မြင်းတွေကိုလဲ စွဲစွဲလန်းလန်း နှစ်သက်ပါတယ်။ သူ့ရဲ့မြင်းကို နိုင်ငံတော် အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားပါတယ်။ ရုံးစာရွက်စာတမ်းတွေမှာ မြင်းပုံပါတဲ့တံဆိပ်တုံးကို သုံးကြရပါတယ်။

သူက အူကြောင်ကြောင်လူစားပါ။ ကက်ဘိနက်အစည်းအဝေးတက်တာတောင် ရွှေသေနတ်ကို လက်ကမချပါဘူး။ သဲပြင်ထဲမှာ စက်ဘီးစီးရင်း သေနတ်ပစ်ရတာကို နှစ်သက်ပါတယ်။
တာဝေးပြေးတာတို့ မြင်းစီးတာတို့အပြင် rap ကတာကိုလဲည်း ခုံမင်သူပါ။ဒီပွဲတွေဆို သူကရှေ့ဆုံးကရောက်ပါတယ်တဲ့။

၂၀၁၃ ခုနှစ်မှာ ဂျနီဖာလိုးပက်ဇ်ဟာ ဒီသမ္မတအတွက် မွေးနေ့သီချင်းဆိုပေးဖို့ ငှားရမ်းခံရပါတယ်။ သူမကို နိုင်ငံတော်ဧည့်သည်အနေနဲ့ တခမ်းတနားကြိုဆိုတာ ခံခဲ့ရပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူမက ဒီနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုးရွားစွာပိတ်ပင်ဟန့်တားခံရမှုတွေကို မသိရှိခဲ့ပါကြောင်း ဒီခရီးအတွက် တောင်းပန်ခဲ့ရပါတယ်။

ယခုလက်ရှိတတိယမြောက်သမ္မတဟာ ဒုတတိယမြောက်သမ္မတရဲ့သားဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ရာထူးစတင်သူပါ။ သူ့လက်ထက်မှာ တိုးလာတဲ့ ဥပဒေများကလဲ ပိုဆိုးရွားလှပါတယ်။

အမျိုးသမီးများဟာ လူပုံအလည်မှာ ခင်ပွန်းသည် သို့မဟုတ် အမျိုးသားတစ်ယောက်ရဲ့လက်ကို ကြာရှည်တွဲထားရင် ပစ်မှုမြောက်ပါတယ်။

ဒီနိုင်ငံမှာ အင်တာနက်အသုံးပြုခွင့်လုံးဝ မရှိပါဘူး။ ဂြိုလ်တု စလောင်း သုံးစွဲခွင့်မပြုပါဘူး။ ကမ္ဘာ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးကလဲ အဆိုးဆုံးနေရာနံပါတ်တစ်အဖြစ် သတ်မှတ်ထားပါတယ်။

တကယ်တော့ တာ့မင်နစ္စတန်နိုင်ငံဟာ အကြွင်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတခုပါဘဲ။ နိုင်ငံသားတွေဟာ လုပ်အားပေးဖို့ အတင်းအကြပ်စေခိုင်းခံနေရပါတယ်။

နိုင်ငံကနေ တရားဝင်ထွက်ခွာဖို့လဲ ခွင့်မပြုပါဘူးတဲ့။ ပုံနှိပ်ထုပ်ဝေခွင့်ကလဲ ကမ္ဘာမှာ တတိယမြောက် အချုပ်ထိန်းဆုံးနိုင်ငံဖြစ်ပါတယ်။

ကဲ စာရှုသူရော ဒီနိုင်ငံကို အလည်အပါတ် သွားချင်သေးရဲ့လား။

Leave a Reply

Your email address will not be published.