အပြန်လမ်းမရှိတဲ့ ရေသင်္ချိုင်း (သို့) ဘာမြူဒါတြိဂံဒေသ

အပြန်လမ်းမရှိတဲ့ ရေသင်္ချိုင်း (သို့) ဘာမြူဒါတြိဂံဒေသ

“ဘာမြူဒါတြိဂံ” လို့ ဆိုလိုက်တာနဲ့ ပြန်လမ်းမရှိတဲ့ ပင်လယ်ပြင်က နေရာတစ်ခုကို မျက်လုံးထဲပြေးမြင်မိကြမှာပါ။

ဒီနေရာကို လေယာဥ်တွေ၊ သင်္ဘောတွေ ရောက်ရှိလာဖူးခဲ့ကြပေမဲ့ သူ့အလိုလိုပျောက်ကွယ်သွားကြပြီး ပြန်လည်ရှာဖွေလို့ လုံးဝမရတော့တဲ့ ထူးဆန်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။

ဒါ့ကြောင့် ဘာမြူဒါတြိဂံဒေသဟာ စိတ်ဝင်စားစရာတွေပြည့်နှက်နေပြီး ဖြေရှင်းမရနိုင်သေးတဲ့ ပဟေဠိတွေလည်းများစွာရှိနေလို့ သိထားသလောက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

တကယ်တော့ ဘာမြူဒါဆိုတာကတော့ အတ္တလန်တစ် (Atlantic)သမုဒ္ဒရာ၏ အနောက်မြောက်အရပ်တွင် တည်ရှိသော နေရာတဝိုက်ဖြစ်ပြီး အတိအကျဖော်ပြရမယ်ဆိုရင်တော့ မက္ကဆီကို ပင်လယ်ကွေ့၊ ဖလော်ရီဒါ ပြည်နယ်၏ အစွန်းနှင့် ကာရီဘီယံကျွန်းများ အနီးတစ်ဝိုက်မှာရှိပါတယ်။ ထိုနေရာဖြစ်တည်နေပုံမှာ တြိဂံပုံနဲ့ဆင်တူနေတာကြောင့် ဘာမြူဒါတြိဂံလို့ခေါ်ဆိုကြတာဖြစ်ပါတယ်။

ဘာမြူဒါတြိဂံဒေသဟာ ကမ္ဘာ့ရေသင်္ချိုင်းများအနက် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်ရုံသာမက လျှို့ဝှက်ဆန်းကြယ်၍ အသိရခက်လှသော ရေပြင်ကြီးလည်း ဖြစ်ပါတယ်။

အဆိုပါဒေသရဲ့ ရေပြင်မှာ သင်္ဘောနှင့်လူတို့သာ ပျောက်ကြရရုံသာမက၊ ရေပြင်အထက်မှ ကောင်းကင်ပြင်မှာ ဖြတ်ကျော်ပျံသန်းသွားသော လေယာဉ်များပါ ထူးဆန်းစွာ ပျောက်ဆုံးခဲ့ကြရတာပါ။ ဒါ့ကြောင့် ဘာမြူဒါတြိဂံဒေသကို မရဏလမ်းဆုံဆိုပြီး တင်စားကြခြင်းဖြစ်ပါတယ်။

ထိုနေရာကို သတိထားမိပြီး ပထမဆုံး မှတ်တမ်းတင်ခဲ့သူကတော့ ခရစ်စတိုဖာ ကိုလမ်ဘက်စ် (Christopher Columbus) ဖြစ်ပါတယ်။ ၁၄၉၂ ခုနှစ်၊အောက်တိုဘာ ၁၁ ရက်နေ့က မိုးကုတ်စက်ဝိုင်းမှာ ထူးဆန်းတဲ့ အလင်းရောင်များကို တွေ့ရှိခဲ့ပြီး ကောင်းကင်မှာ မီးများ တောက်နေသလိုမျိုး တွေ့မြင်ခဲ့ရတယ်လို့ ခရစ်စတိုဖာက သူ့စာအုပ်မှာရေးသားဖော်ပြထားခဲ့ပေမဲ့ ဒီအချက်တွေ မှန်ကန်နေခြင်း ရှိ၊ မရှိကိုတော့ ဘယ်သူကမှ အတည်မပြုနိုင်ခဲ့ကြပါဘူး။

ဘာမြူဒါတြိဂံဒေသမှာ ပျောက်ဆုံးသွားတဲ့အရာတွေ အမြောက်အများရှိတဲ့အထဲကမှ ပထမကမ္ဘာစစ်အတွင်းက အမေရိကန် စစ်သင်္ဘောကြီးလည်း ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုထားခဲ့ကာ အမေရိကန်ရေတပ်ရဲ့ အဆိုအရ ထိုနေရာဟာ အမေရိကန် ပထဝီဆိုင်ရာ နာမည်သတ်မှတ်ချက်များမှာ ပါရှိနေခဲ့ခြင်းမရှိကြောင်းလည်း သိရပါတယ်။

တကယ်တော့ ဘာမြူဒါတြိဂံဆိုတဲ့ ဝေါဟာရကို ပထဝီဝင် သုသေသီတစ်ဦးဖြစ်တဲ့ ဗင်ဆင့်အိတ်ချဂါဒစ် ဆိုသူက ၁၉၆၄ ခုနှစ်မှာ သူ့ရဲ့ဆောင်းပါးတစ်ပုဒ်မှာ အမှတ်မထင် သုံးစွဲလိုက်ရင်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ထိုဒေသတွင်း သက်ဆင်းမိခဲ့တဲ့ ရေယာဉ်၊ လေယာဉ်ဟူသမျှ မည်သည့်သတင်းမှ နောက်ထပ်မကြားသိရတော့ဘဲ စုပ်စမြုပ်စ ပျောက် ကွယ်သွားရသည်ချည်း ဖြစ်နေခဲ့ရာမှာ ယခုလိုမျိုး သိပ္ပံပညာထွန်းကားမှု အားကောင်းနေသော ခေတ်ကြီးမှာလည်း ခေါင်းရှုပ်စရာ ပြဿနာတစ်ရပ်အဖြစ် ကျန်ရှိလို့နေသေးတာပါ။

အလွန့်အလွန် ကံကြီးလွန်းသူတွေကသာ ဘာမြူဒါတြိဒသေကို ဖြတ်ကျော်နိုင်ခဲ့တဲ့ မိမိတို့ရဲ့ သဲထိတ်ရင်ဖို အတွေ့အကြုံကို ပြန်လည်ပြောနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့တွေရဲ့ ပြောပြချက်များအရ ထိုဒေသမှာ ဖြတ်သန်းမိခဲ့တဲ့ လေယာဉ်များဟာ ကောင်းကင်၌ နိမ့်ချည် မြင့်ချည်နှင့် လှိုင်းပေါ်မှ လှေကဲ့သို့ ခံစားကြရသည်ဟု သိရပြီး လေယာဉ်မှူးတို့ဟာလည်း ရှေ့မြင်ကွင်းကို ဘာမှမမြင်ရတော့သလို ပတ်ဝန်းကျင်မြင်ကွင်းတွေ အားလုံးဟာလည်းပျောက်ကွယ်လို့နေကြပါသတဲ့။

ဒါကြောင့် သူတို့ကိုယ်တိုင်လည်း ဘယ်အရပ်ဒေသ ရောက်နေသည်ကို မသိနိုင်ကြတော့ပဲ ဖြစ်ခဲ့ရတယ်လို့ ဆိုခဲ့ကြပါတယ်။ လေယာဉ်စက်ခန်းထဲရှိ စက်ခလုတ်ခုံပေါ် မှာလည်း ကိရိယာအားလုံး ရပ်ဆိုင်းသွားခဲ့တာကြောင့် ဘာမြူဒါတြိဂံဒေသဟာ အချိန်နဲ့ နေရာတို့ ပျောက်ဆုံးနေတယ်ဆိုတဲ့ သဘောဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားခဲ့ကြပါတယ်။

ဒါ့အပြင် ရေဒီယို အဆက်အသွယ်ပါ လုံးဝပျောက် ကွယ်သွားတာမျိုးမလို့ အသံတိတ် ကမ္ဘာလေးတစ်ခုအဖြစ်တောင် ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုစမှတ်ပြုခဲ့ကြပါတယ်။

အချို့သောသိပ္ပံပညာရှင်တွေကတော့ သံလိုက်ဆွဲအားများ ပြင်းထန်စွာကျရောက်နေတာကြောင့် အခုလိုမျိုး သဲလွန်စရှာမရတဲ့ ပျောက်ဆုံးမှုတွေ ပေါ်ပေါက်လာတာလို့ သုံးသပ်ထားကြသလို အချို့ကလည်း အာကာသထဲက ကော့စမစ်ရောင်ခြည်တို့က စုပ်ယူလိုက်သဖြင့် အငွေ့ဖြစ်ပြီး ပျောက်ကွယ်သွားခြင်းဖြစ်တယ်လို့ ယူဆထားကြပါတယ်။

ဒါ့အပြင် နျူထရီနိုစက်ကွင်းလို့ခေါ်တဲ့ မြေဆွဲအားမရှိတဲ့နေရာမျိုးဖြစ်တယ်လို့ ဘာမြူဒါဒေသကို ထင်မြင်သုံးသပ်မှုတွေ ရှိနေပေမဲ့ ဘယ်အချက်ကိုမှတော့ ယနေ့ချိန်ထိတိုင် အတည်ပြုထားနိုင်ခဲ့ခြင်းမရှိပါဘူး။

Knight News Team

Leave a Reply

Your email address will not be published.