တစ်ကမ္ဘာလုံးက ပူတင်ကိုပေးတဲ့ သင်ခန်းစာများ
ဆွစ်ဇာလန်ဟာ သူ့ရဲ့ကြားနေဝါဒကို ရုရှားအတွက် ပယ်ဖျက်ခဲ့ပါတယ်။ဆွစ်တို့ဟာ ဆယ်စုနှစ်များစွာ ကြားနေဝါဒကိုကျင့်သုံးခဲ့ပေမဲ့ EU က ချမှတ်တဲ့ ရုရှားကို စီးပွားရေးပိတ်ဆို့မှုမှာ ပါဝင်ခဲ့ပါတယ်။ ဆွစ်မှာရှိတဲ့ ရုရှားရဲ့ငွေကြေးတွေကို ထိန်းချုပ်ခဲ့ပါတယ်။
အီလွန်မတ်စ်ဟာ သူ့ရဲ့စတားလင့်(Star link ) ကွန်ယက်ကို ယူကရိန်းအတွက် အခမဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ရုရှားတို့ပစ်မှတ်ထားတဲ့ ယူကရိန်းရဲ့ ဆက်သွယ်ရေးကွန်ယက်ကို ဖြတ်တောက်ဖို့ ကြိုးစားမှုဟာ အီလွန်မတ်စ် ကြောင့် မအောင်မြင်ခဲ့ပါဘူး။
စတေရှင်ပေါင်း ၁၁၀၀ ကျော်ကို ယူကရိန်းတို့ ရရှိခဲ့တဲ့အတွက် ဆက်သွယ်ရေးစနစ် ကောင်းမွန်ခဲ့ပါတယ်။ ဒီစနစ်ဟာ ခိုင်မာ အားကောင်းတဲ့အတွက် ယူကရိန်းစစ်တပ်ဟာ ဒီစနစ်ကိုအသုံးပြုပြီး တိုက်ခိုက်ရေး ဒရုန်းများနဲ့ အောင်မြင်စွာခုခံနိုင်ခဲ့ကြပါတယ်။
စာရေးဆရာ စတီဖင်ကင်းဟာ ရုရှားနဲ့ထုတ်ဝေဖို့ သဘောတူထားတဲ့ သူ့စာအုပ်ကို ပယ်ဖျက်လိုက်တဲ့အပြင် သူ့ရဲ့တီရှပ်ရှေ့မှာ ယူကရိန်းဖက်က ရပ်တည်ကြောင်းစာတမ်းထိုး ဝတ်ဆင်ပြခဲ့ပါတယ်။
ထိုင်ဝမ်က ၂၇ တန် အလေးချိန်ရှိတဲ့ ဆေးဝါးပစ္စည်းတွေ ယူကရိန်းကိုပေးပို့လှူဒါန်းပြီး ယူကရိန်းဖက်ကရပ်တည်ကြောင်းပြသခဲ့ပါတယ်။
Anonymous အမည်ရ ကမ္ဘာကျော် ဟက်ကာအဖွဲ့ကလည်း ရုရှား website တွေကို တိုက်ခိုက်ခဲ့ပြီး ရုံးသုံးလျှို့ဝှက်အချက်အလက်တွေကို ဖေါက်ထွင်းခဲ့ပါတယ်။ ရုရှားရဲ့ဝါဒဖြန့် ဆက်သွယ်ရေး ကွန်ယက်တချို့ကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။
ဂူးဂဲမက် google maps ကလဲ စစ်ပွဲအစပိုင်းကထဲက ယူကရိန်းရဲ့ အရေးကြီးနေရာများကို ရုရှားတို့ ရှာဖွေ မရနိုင်အောင် ပြုလုပ်ထားခဲ့လို့ ရုရှားတို့ဟာ ဒီစနစ်ကို အသုံးမပြုနိုင်ခဲ့ကြပါဘူး။
ဆိုရှယ်မီဒီယာများကလည်း ရုရှားရဲ့ဝါဒဖြန့်မှုများကို ပိတ်ပင်ခဲ့ကြပါတယ်။ဖေ့ဘွတ်၊ယူကျုနဲ့ တစ်တော့တွေမှာ ရုရှား သတင်းဌာနအကောင့်များကို ဖြုတ်ချခဲ့ကြပါတယ်။ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ မော်စကိုကလဲ ဖေ့ဘွတ် နဲ့အင်စတာဂရမ်ကို ပိတ်ခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဆိုရင် အစဉ်အလာကို မစောင့်ဘဲ ယူကရိန်းကို ကူညီကြဖို့ ထုတ်ပြောခဲ့ပါတယ်။ ဗာတီကန်မှာရှိတဲ့ရုရှားသံရုံးကိုသွားရောက်ခဲ့ပြီး သံအမတ်နဲ့တိုက်ရိုက်တွေ့ဆုံခဲ့ပါတယ်။ ဒီလိုကိစ္စမျိုး ရာဇဝင်မှာ မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။
ပူတင်ဟာ ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ကြီးရဲ့ ဂုဏ်ထူးဆောင် နာယက ဖြစ်ပါတယ်။ယူကရိန်းကို ကျူးကျော်မှုအတွက် အဖွဲ့ချုပ်က ပြင်းထန်စွာရှုံ့ချခဲ့ပြီး သူ့ဂုဏ်ထူးဆောင် ရာထူးကိုလည်း ပယ်ဖျက်လိုက်ပါတယ်။
နိုင်ငံအများစုဟာ ရုရှားလေယာဉ်များ သူတို့ရဲ့ လေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းခွင့် ပိတ်ပင်လိုက်ပါတယ်။ ဥရောပနိုင်ငံအားလုံးနီးပါးနဲ့ အမေရိကန်၊ ကနေဒါတို့ပါ ပါဝင်ပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ဆာဘီးယားနိုင်ငံကို သွားရောက်မဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။
လန်ဒန်က အမျိုးသားပြတိုက်မှာရှိတဲ့ ရုရှားအကမယ်များ အမည်ရ ပန်းချီကားဟာ Edgar Degas က ၁၈၉၉ ခုနှစ်ကတည်းက ရေးဆွဲခဲ့တဲ့လက်ရာပါ။ဒီပန်းချီကားကို လန်ဒန်က အမည်ပြောင်း ပစ်လိုက်ပါတယ်။ ယူကရိန်း အကမယ်များပါတဲ့။
ဖင်လန်နိုင်ငံကလဲ သူ့ရဲ့ကြားနေဝါဒကို စွန့်လွှတ်ခဲ့ပါတယ်။ ဖင်လန်ဟာ ကြားနေဝါဒကို ၁၉၄၈ ခုနှစ်ကတည်းက ကျင့်သုံးခဲ့တာပါ။ ခုတော့ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးနေပါတယ်။
EU ဥရောပသမ္မဂကလဲ ယူကရိန်းစစ်ဘေးရှောင်များအတွက် အထူးအခွင်းရေးတွေ ပေးခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ယူကရိန်း စစ်ဘေးဒုက္ခသည်တွေဟာ သူတို့နဲ့အတူပါလာတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုပါ သယ်ယူခွင့်ပေးခြင်းခံရပါတယ်။
လစ်သူရေးနီးယန်းနိုင်ငံဟာ ယူကရိန်းတွေကို ဒရုန်းဝယ်ယူလှူဒါန်းဖို့ သူ့နိုင်ငံအတွင်းမှာ အလှူငွေ ကောက်ခံခဲ့ပါတယ်။ ယူရိုငွေ ၅ သန်းအထိ ရရှိခဲ့ပေမဲ့ တူရကီက သူ့ရဲ့အဆင့်မြင့်တိုက်ခိုက်ရေးဒရုန်းတွေ ယူကရိန်းကို အလကားပေးခဲ့တာကြောင့် တခြားအကူအညီလိုတဲ့နေရာတွေမှာ အသုံးပြုနိုင်ခဲ့ပါတယ်။
ကဲအခုတင်ပြခဲ့တာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးကလူတွေဟာ အမှန်တရားဘက်က ရပ်တည်ပြီး ပူတင်ကိုပေးခဲ့တဲ့ သင်ခန်းစာတွေပါလို့ ပြောချင်ပါတယ်ခင်များ။
Knight News Team