လေယာဉ်အင်ဂျင်နီယာတွေနဲ့ လေယာဉ်တွေကို ဒုက္ခပေးတတ်တဲ့ FOD အကြောင်း

လေယာဉ်အင်ဂျင်နီယာတွေနဲ့ လေယာဉ်တွေကို ဒုက္ခပေးတတ်တဲ့ FOD အကြောင်း

F O D ( Foreign Object Damage )
ဒီတစ်ခါတော့ လေယာဉ်အင်ဂျင်နီယာတွေနဲ့ လေယာဉ်တွေကို ဒုက္ခပေးတတ်တဲ့ FOD ဆိုတဲ့အကြောင်းဆွေးနွေးတင်ပြပါရစေ။

လေယာဉ်ဆိုတာ ဝေဟင်မှာ ပျံသန်းနေချိန်ရယ်၊ မြေပြင်မှာ ရပ်နားထားချိန်ရယ် ဘယ်အချိန်ဖြစ်ဖြစ် ဒီ FOD ဆိုတဲ့အန္တရာယ်ကို ရင်ဆိုင်ရတတ်ပါတယ်။ FOD ဟာ သက်ရှိလဲ ဖြစ်နိုင်သလို သက်မဲ့လဲဖြစ်နိုင်ပါတယ်။

ဝေဟင်မှာပျံသန်းရင်း ငှက်နဲ့တိုက်မိတာမျိုးကြောင့် စက်ချို့ယွင်းတာ (Engine failure )၊ ကိုယ်ထည်ပျက်ဆီးတာ (Airframe deform ) ကြုံကြရသလို မြေပြင်နားနီးကပ်စွာပျံသန်းနေချိန် ( landing and takeoff ) မှာလဲ လေထုထဲပျံ့လွင့်နေတဲ့ အမှိုက်၊ခဲ များက အင်ဂျင်ထဲ သို့မဟုတ် ကိုယ်ထည်ကို ထိမှန် ပွတ်တိုက်မိတာမျိုးလဲဖြစ်တတ်ပါတယ်။

မီးတောင်ပေါက်ကွဲမှုဖြစ်လို့ လေထုထဲပြန့်နေတဲ့ မီးတောင်ပြာ ( Volcano Ash ) များဟာလဲ FOD ပါဘဲ။ ဒီပြာမှုန်တွေထဲကို ဖြတ်ပြီးပျံသန်းမိလို့ အင်ဂျင်ရပ်သွားပြီး အရေးပေါ်ဆင်းသက်ခဲ့ရတဲ့အဖြစ်အပျက်တွေ ရှိခဲ့ဘူးပါတယ်။

စာရေးသူ တင်ပြဘူးတဲ့ ကွန်းကော့လေယာဉ်ကြီးအကြောင်းမှာ ဆိုရင် လေယာဉ်ဟာ ပြေးလမ်းမှာ အရှိန်ယူ မောင်းနေစဉ်မှာ အခြားလေယာဉ်က ပြုတ်ထွက်ကျန်ခဲ့တဲ့ အစိတ်အပိုင်းတစ်ခုက လေယာဉ်အင်ဂျင်ထဲ ဝင်ရောက်ပြီး မီးလောင်ပျက်ကြခဲ့ရတာပါ။

လေယာဉ်ပြေးလမ်းတွေဟာ အမှိုက်သရိုက် နဲ့ ကျောက်ခဲအစအနတွေ မရှိဖို့ ဂရုစိုက်ကြရပါတယ်။ လေယာဉ်အင်ဂျင်တွေရဲ့သဘာဝအရ ရှေ့ပိုင်းက လေ( ram air ) ကို စုပ်ယူပြီး အင်ဂျင်ထဲမှာ လောင်စာဆီနဲ့ရော မီးလောင်ကျွမ်းစေပြီး ပြင်းထန်တဲ့‌တွန်းအားကို ထုတ်ပေးတာပါ။ လေထဲမှာ FOD ပါလာခဲ့ရင် အင်ဂျင်ထဲက ဒလက် ( fan blade ) တွေကိုပျက်ဆီးစေပါတယ်။

ဒါကြောင့် လေယာဉ်ကို ပြုပြင်ထိန်းသိမ်းကြတဲ့ အင်ဂျင်နီယာများဟာ FOD ကို သတိပြုကြရပါတယ်။ လေယာဉ်ရဲ့အနီးတဝိုက်မှာ FOD တွေမရှိအောင် ဖယ်ရှားကြပါတယ်။

အထူးသဖြင့် အင်ဂျင်အနီးနားနဲ့ landing gear တဝိုက်ပါ။ လေယာဉ်ပြုပြင်ရင်းနဲ့ဖြစ်စေ လေယာဉ်နားကိုလာကြတဲ့ ကား(fuel truck, maintenance mobile) တွေကဖြစ်စေ သံတိုသံစတွေပြုတ်ကျ ကျန်ခဲ့ရင်လဲ အင်ဂျင်တွေ၊ဘီးတွေကို ဒုက္ခပေးနိုင်ပါတယ်။

လေယာဉ်ကို ပြုပြင်စရာရှိလို့ ပြုပြင်ပြီးရင်လဲ ကရိယာတန်ဆာပလာတွေ စုံမစုံ အထပ်ထပ် စစ်ဆေးရပါတယ်။ ဝက်အူလှဲ့ တစ်ခုဖြစ်ဖြစ် ၊ စပန်နာ တစ်ခုဖြစ်ဖြစ်၊ မူလီ အပျက်ဖြစ်ဖြစ် ကျန်ခဲ့လို့မရပါဘူး။ စနစ်တကျ ထုပ်ပိုးသိမ်းဆည်းကြရပါတယ်။

လေကြောင်းဆိုင်ရာ ဥပဒေအရဆိုရင် ပြင်ဆင်မှုဆိုင်ရာပစ္စည်းတစ်ခုခု လေယာဉ်ပေါ်မှာ ပျောက်ဆုံးခြင်း၊ ကျန်ခဲ့ခြင်းဖြစ်ရင် အဲဒီလေယာဉ်ကို ပျံသန်းဖို့ ခွင့်မပြုရပါဘူး။

နောက်ဆုံးတင်ပြခြင်တာကတော့ အင်းဆက်ပိုးမွှားတွေကြောင့်လဲ FOD ဖြစ်နိုင်တဲ့အကြောင်းပါ။ လေယာဉ်တွေရဲ့အမြန်နှုန်းတို့၊ အမြင့်တို့ဆိုတာ ပါတ်ဝန်းကျင်က လေထုအခြေအနေကို အာရုံခံပြီး တွက်ချက်ထုတ်ယူရပါတယ်။ ( ဒီအကြောင်းသီးခြားတင်ပြပါအုံးမယ်)

ဒီလိုအာရုံခံဖို့အတွက် ‌လေယာဉ်မှာ Pitot tube နဲ့ Static port ဆိုပြီး ပြွန်ငယ် အပေါက်ငယ်တွေ ပါပါတယ်။ လေယာဉ်ရွေလျားတဲ့အခါ ဖြစ်ပေါ်လာတဲ့ kinetic နဲ့ dynamic pressure တွေကို ဒီအပေါက်ငယ်တွေက အာရုံခံပြီး လေယာဉ်ရဲ့ AirData computer ကိုပို့ပါတယ်။

ကွန်ပျူတာကတဆင့် digital format ပြောင်းပြီး လေယာဉ်ခေါင်းခန်းက ဒိုင်ခွက်တွေမှာ အမြန်နှုန်း၊ အမြင့်စသဖြင့် ပြသပါတယ်။ဒါကြောင့် ဒီအပေါက်တွေကို လေယာဉ်ရပ်နားထားစဉ်မှာ အထူးပြုလုပ်ထားတဲ့ အဖုံးတွေ အုပ်ထားလေ့ရှိပါတယ်။

မဖုံးမိလို ဒီအပေါက်ထဲကို နကျယ်ကောင်လို အင်းဆက်‌တွေဝင်နေတာမျိုး အသိုက်ဆောက်ဖို့ သစ်ရွက်တွေ၊ ရွှံ့တွေ သယ်ပြီးဝင်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ဒီလိုဆိုရင် လေယာဉ်ရဲ့ဒိုင်ခွက် indication တွေမမှန်ဘဲ လေယာဉ်ပျက်ကြတဲ့အထိဖြစ်စေနိုင်ပါတယ်။

ဒီလောက်ဆိုရင် FOD ဆိုတာ ဘယ်လောက်အန္တရာယ်များပြီး သတိထားသင့်တယ်ဆိုတာ သိမယ်ထင်ပါတယ်။ဆက်လက်ပြီးလဲ ဗဟုသုတဖြစ်စရာလေးတွေ ရှာဖွေတင်ပြပေးမှာမို့လို့ အားပေးကြပါအုံးလို့။

Knight News Team

Leave a Reply

Your email address will not be published.