ဧရိယာ ၅၁ က ထုတ်လုပ်လိုက်တဲ့ ယာဉ်များ

ဧရိယာ ၅၁ က ထုတ်လုပ်လိုက်တဲ့ ယာဉ်များ

ဧရိယာ ၅၁ (Area-51) ဆိုတာနဲ့ စာရှုသူများသိထားပြီးသား ဖြစ်မှာပါ။ ဂြိုလ်သားတွေ၊ ထူးဆန်းမှုတွေ၊ လျှို့ဝှက်မှုတွေ အပြည့်နဲ့ တစ်ကမ္ဘာလုံးက စိတ်ဝင်းစားနေကြတဲ့နေရာတခုဖြစ်သလို အနီးအနားကိုတောင် ကပ်လို့မရအောင် တင်းကြပ်ထားတာလဲ သိပြီးဖြစ်ကြမှာပါ။

ခုတင်ပြမှာကတော့ ဒီလိုလျှို့ဝှက်လွန်းတဲ့နေရာကို အမှီပြုပြီး ပေါ်ထွန်းလာတဲ့ အမေရိကန်ရဲ့ ယာဉ်ပျံ‌တွေအကြောင်းပါ။

သူတို့ဟာ လူသားတို့ရဲ့ တီထွင်ဖန်တီးနိုင်မှုနယ်ပယ်ထက် ကျော်လွန်နေတာကို သတိပြုမိကြပါလိမ့်မယ်။ စလိုက်ကြရအောင်။

နီးဗါးဒါးဆိုတာ အမေရိကန်ရဲ့ သဲကန္တာရ နယ်မြေတစ်ခုပါ။ ဧရိယာ ၅၁ ဟာလဲ ဒီထဲမှာပါဝင်နေတဲ့ အစိတ်အပိုင်းတခုပါ။အမေရိကန်ဟာ ဒီသဲကန္တာရရဲ့ နယ်မြေဖြစ်တဲ့ ဧရိယာ ၅၁ မှာ လျှို့ဝှက်လွန်းတဲ့ စမ်းသပ်မှုတွေကို ပြုလုပ်နေခဲ့တာဟာ ၁၉၅၅ ခုနှစ်ကတည်းကပါ။

Knight News ကို အစဉ်ဖတ်ရှု့အားပေးတဲ့သူဆိုရင်တော့ TR-3b Black Manta တို့ ၊ SR 72 တို့ကို မှတ်မိကြမယ်ထင်ပါတယ်။ ဒါတွေကို ဧရိယာ ၅၁ မှာပဲ စမ်းသပ်ထုတ်လုပ်ခဲ့ကြတာပါ။

အပြင်လူတွေအမြင်မှာတော့ တခြားဂြိုလ်ကမ္ဘာသားတွေရဲ့ယာဉ်တွေဖြစ်မယ်လို့ ယူဆကြပါတယ်။ တကယ်တော့ ဒီဟာတွေဟာ အမှန်တကယ် တည်ရှိနေတဲ့ လူသားတို့ဖန်တီးတဲ့ယာဉ်တွေသာ ဖြစ်ပါတယ်။အခုစာရေးသူက နံပါတ်စဉ်‌နဲ့ ဖေါ်ပြသွားပါ့မယ်။

(၁) U-2 Dragon lady စပိုင်လေယာဉ်

ဒီလေယာဉ်ဟာ ဧရိယာ ၅၁ က ပထမဆုံး ထုတ်လုပ်လိုက်တဲ့ လေယာဉ်လို့ပြောနိုင်ပါတယ်။ ဒါက CIA ရဲ့မြော်မြင်မှုကနေ ပေါ်ထွက်ခဲ့တာပါ။သူက ဆိုဗီယက်ယူနီယမ်ကို ထောက်လှမ်းဖိုအတွက် ထုတ်လုပ်ခဲ့တာပါ။

ဆိုဗီယက်သာမက အခြားနိုင်ငံများအပေါ်ဖြတ်ကျော် ပျံသန်းပြီး အဖိုးတန်ထောက်လှမ်းရေး အချက်အလက်များကို ရရှိစေခဲ့ပါတယ်။

၁၉၆၀ ခုနှစ်မှာ ဆိုဗီယက်တို့ဟာ U-2 တစ်စီးကို ပစ်ချနိုင်ခဲ့ပါတယ်။ သမ္မတ အိုက်စင်ဟောင်ဝါ က U-2 အစီအစဉ်ကို ပယ်ဖျက်မိန့်ထုတ်ခဲ့ပြီး ပိုမိုကောင်းမွန်တဲ့အစီအစဉ်များ ရေးဆွဲစေခဲ့ပါတယ်။

(၂) A-12 Oxcart

Oxcart project ကို ၁၉၅၇ ခုနှစ်မှာစတင်ခဲ့ပါတယ်။ ပထမဆုံး A-12 Oxcart ဟာ ၁၉၆၂ ခုနှစ်မှာ ဧရိယာ ၅၁ ကို ရောက်ရှိလာပြီး စမ်းသပ်ပါတယ်။

ဒီလေယာဉ်ရဲ့ပျံသန်းမှု နဲ့ပါတ်သက်တာကို FAA ခေါ် အမေရိကန် လေကြောင်းအာဏာပိုင်တွေကို အစီရင်ခံဖို့မလိုပါဘူး။

အသံထက် ၃ ဆ မြန်အောင်ပျံသန်းနိုင်တဲ့ ဒီလေယာဉ်ဟာ SR-71 မပေါ်ခင်အထိ တာဝန်ကြေခဲ့ပါတယ်။

(၃) YF-12

YF-12 ဟာ ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်အမျိုးအစား ဖြစ်ပါတယ်။ သူဟာ Oxcart စီမံကိန်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ဖန်တီးခဲ့တာပါ။

သူဟာ A-12 စပိုင်လေယာဉ်နဲ့မတူတာက နှစ်ယောက်စီး ဖြစ်ပြီး လက်နက် တပ်ဆင်ထားတာပါ။ AIM -47 Falcon ဒုံးကျည် တပ်ဆင်ထားပါတယ်။ ဒါက ဝေဟင်မှဝေဟင်ပစ်အမျိုးအစား ဖြစ်ပါတယ်။

သူဟာ အဲဒီခေတ်မှာ အကြီးကျယ်ဆုံးနဲ့ အမြန်ဆုံး ‌ကြားဖြတ်တိုက်ခိုက်ရေးနဲ့ စပိုင်လေယာဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ရဲ့အမြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့အမြင့်ဟာ ၁၉၆၀ ခုနှစ်အထိ စံချိန်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါဟာ SR-71 black bird မပေါ်ခင်ထိပဲ တာရှည်ခဲ့ပါတယ်။

(၄) SR-71 Black Bird

SR-71 ကလဲ A-12 ကို အခြေခံဖြစ်တည်လာခဲ့တာပါဘဲ။ သူဟာ အမြင့်ပေ ၈၅၀၀၀ ထိတက်ရောက် ပျံသန်းနိုင်ပြီး အမြန်နှုန်းကလဲ ၃ . ၂ ဆထိ ပျံနိုင်ပါတယ်။

ဒါဟာ ဆိုဗီယက်တို့ရဲ့ လေယာဉ်ပစ်ဒုံးကျည်တွေ မမှီနိုင်တဲ့ အမြင့်ဖြစ်ပါတယ်။ ဒီလေယာဉ်တွေဟာ ၁၉၉၉ ခုနှစ်မှာအနားပေးခံခဲ့ရပါတယ်။

(၅) F-117 Nighthawk

ဒီလေယာဉ်ဟာ ပထမဆုံး ကိုယ်ပျောက်စွမ်းရည်ရှိတဲ့ လေယာဉ်ဖြစ်ပါတယ်။သူ့ရဲ့ပထမဆုံး ပျံသန်းမှုကို ၁၉၈၁ ခုနှစ်မှာ စတင်ပါတယ်။ သူ့ရဲ့ပြင်ပမျက်နှာပြင်အားလုံးဟာ ရေဒါလှိုင်းများကို ကာကွယ်နိုင်စွမ်းရှိအောင် တည်ဆောက်ထားပါတယ်။

သူ့ရဲ့လျှို့ဝှက်ချက်ချက်ဟာ ၁၉၈၈ ခုနှစ်အထိ တည်တံ့ခဲ့ပါတယ်။ သူဟာ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲမှာ နာမည်ရခဲ့ပါတယ်။

ဒီလေယာဉ်ဟာလဲ ၂၀၀၈ ခုနှစ်မှာ တရားဝင်ရပ်နားခဲ့ပါတယ်။ ဒါပေမဲ့ နီဗါးဒါးရဲ့ ဧရိယာ၅၁ မှာတော့ သူဟာဆက်လက် ပျံသန်းစမ်းသပ်နေဆဲပါ။

(၆) Boeing Bird of Prey

ဒီစီမံကိန်းကတော့ ၁၉၉၀ ခုနှစ်မှာစပါတယ်။ သူက ကိုယ်‌ပျောက်စွမ်းရည်ကို သရုပ်ပြပျံသန်းဖို့ ရည်ရွယ်တည်ဆောက်တဲ့လေယာဉ်အမျိုးအစားပါ။ သူ့ကိုထုတ်လုပ်အသုံးချဖို့ မရည်ရွယ်ခဲ့ပါဘူး။

သူဟာ ၁၉၉၆ မှ ၁၉၉၉ ခုနှစ်အတွင်း စမ်းသပ်ပျံသန်းမှု ၃၈ ကြိမ်သာ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့သတ္တုအမျိုးအစားနဲ့နည်းပညာကို X-45 ဒရုန်းမှာ အသုံးပြုဖို့စမ်းသပ်ခဲ့တာပါ။

(၇) RQ-170 Santinal

ဒီပဟေဠိဆန်တဲ့ ယာဉ်ပျံကတော့ စပိုင်ဒရုန်းတစ်မျိုး ဖြစ်ပါတယ်။ CIA အတွက် ဖန်တီးထုတ်လုပ်ခဲ့တာပါ။သူနဲ့ပါတ်သက်တဲ့အချက်အလက်တချို့လောက်ပဲ သိရပါတယ်။

သူကလဲကိုယ်ပျောက် အမျိုးအစားပါဘဲ။ သူ့ကို Flying wings ပျံသန်းနေသောအတောင်ပန်များလို့ အမည်ပေးထားပြီး ၂၀၀၇ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့ပါတယ်။

(၈) Tacit Blue

ဒီလေယာဉ်ဟာ သရုပ်ပြ အမျိုးအစားဖြစ်ပြီး ၁၉၈၂ ခုနှစ်မှာ စတင်တည်ဆောက်ပါတယ်။ လေယာဉ်ကိုယ်ထည်ဟာ လေးထောင့်သေတ္တာပုံရှိပေမဲ့ ကိုယ်ပျောက်စွမ်းရည် ပါရှိပါတယ်။

သူ့ကို မြေပြင်ရေဒါများမှနေပြီး ကိုယ်ပျောက်စွမ်းရည်ရှိ/မရှိ စစ်ဆေးရာမှာ စမ်းသပ်ပျံသန်းဖို့ အသုံးပြုပါတယ်။ သူ့ရဲ့နည်းပညာကို နောက်ပိုင်း B-2 bomber လေယာဉ်တွေမှာ အသုံးပြုခဲ့ပါတယ်။၁၉၈၅ ခုနှစ်မှာ အနားယူခဲ့ပါတယ်။

နောက်ထပ် ဧရိယာ ၅၁ က ထွက်ပေါ်လာတဲ့ ခေတ်မီလေယာဉ်များကိုလဲ ဆက်လက်တင်ပြဖို့ရှိတာမို့ စောင့်မျှော်ကြည့်ရှုရင်းအားပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.