အာခီမီးဒိစ်ရဲ့ အခမ်းနားဆုံး တီထွင်မှုများ

အာခီမီးဒိစ်ရဲ့ အခမ်းနားဆုံး တီထွင်မှုများ

အာခီမီးဒိစ်ကို သမိုင်းတစ်လျှောက် လွှမ်းမိုးမှုအရှိဆုံး တီထွင်သူတစ်ယောက် အဖြစ်သာမက မဟာအတွေးအခေါ်ပညာရှင်ကြီးတစ်ဦးအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။

သူဟာ ဒဿနိကဗေဒ၊ ပန်းချီပညာ၊ သင်္ချာနဲ့ ရူပဗေဒဘာသာရပ်တွေရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အပြင် သူ့ ခေတ်သူ့အခါက ထိပ်တန်းအင်ဂျင်နီယာ တစ်ဦးအဖြစ် အသိအမှတ်ပြုထားကြပါ တယ်။

ဒီကနေ့ခေတ်သုံး စက်ကိရိယာအများ စုရဲ့တီထွင်မှုတွေမှာလည်း သူက ပါဝင်ပတ် သက်လျက်ရှိပါတယ်။ သူ့ရဲ့မရေမတွက်နိုင်တဲ့ တီထွင်မှုတွေနဲ့ ရှာဖွေတွေ့ ရှိချက်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝဝ ကျော်လောက်ကနေ ဒီကနေ့ အချိန်အထိ ရပ် တည်ထင်ကျန်နေဆဲဖြစ်ပါတယ်။

ဒီအထဲကမှ အာခီမီးဒိစ်ရဲ့အခမ်းနားဆုံးတီထွင် ဖန်တီးမှုအချို့ကို တင်ပြချင်ပါတယ်။

အာခီမီးဒိစ်ဝက်အူ

ဘီစီ ၂ဝဝ လောက်တုန်းကဆိုရင် စိုက်ပျိုးရေးဟာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို အဓိကမောင်းနှင်ပေးနေတဲ့ ယန္တရားကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန် စိုက်ပျိုးရေးကဏ္ဍမှာလည်း ဒီကနေ့ခေတ် လယ်သမားတွေကြုံနေရတဲ့အလားတူ ပြဿနာတွေကိုပဲ ရင်ဆိုင်ကြုံတွေ့ နေခဲ့ရတာဖြစ်ပါတယ်။

အထူးသဖြင့် ဆင်းရဲတဲ့လယ်သမားတွေဟာ သူတို့ရဲ့ကောက်ပဲသီးနှံတွေကို ရေသွင်းစိုက်ပျိုးဖို့ အခက်အခဲတွေရင်ဆိုင် နေရပါတယ်။ ဒါကြောင့် အာခီမီးဒိစ်ဟာ ဒီပြဿနာ အတွက် အဖြေရှာပေးခဲ့ပါတယ်။

အာခီမီးဒိစ်ဝက်အူ (Archimedes Screw) လို့ခေါ်တဲ့ ဒီကိရိယာကို လေရဟတ်တစ်ခု၊ ဒါမှမဟုတ် အလုပ်သမားအင်အားနဲ့ လည်ပတ်ပေးရပါတယ်။ အဲဒီကိရိယာလည်ပတ်တာနဲ့အမျှ အောက်မှာရှိတဲ့ရေတွေကို သယ်ဆောင်သွားပြီး ချိတ်ဆက်ထားတဲ့ ရေစီးလမ်းကြောင်းကတစ်ဆင့် လယ်ကွင်းထဲက ရေသွင်းမြောင်းတွေထဲ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

လည်ပတ်လိုက်တဲ့အခါ ရေတွေကို သယ်ယူရွှေ့ပြောင်းပေးနိုင်တဲ့ ဝက်အူပုံစံ ဒီလိုကိရိယာမျိုးကို ဒီကနေ့အချိန်အထိ တချို့နေရာတွေမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။ စိုက်ပျိုးမြေကနေ ခူးဆွတ်လိုက်တဲ့ အပေါ့စားသီးနှံတွေကို အသွင်းအထုတ်ပြုလုပ်ဖို့လည်း ဒီကိရိယာကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။

အာခီမီးဒိစ်နိယာမ

အာခီမီးဒိစ်နိယာမလို့ လူသိများတဲ့ ပေါလောပေါ် စေနိုင်တဲ့သဘောတရား (ဖော့ဂုဏ်) ကို လေ့လာဖော်ထုတ်ခဲ့တဲ့အတွက် အဲဒီနိယာမကို သူ့နာမည်ပေးပြီး ဂုဏ်ပြုခံခဲ့ရပါတယ်။

ဒီနိယာမအရ အရည်တစ်ခုထဲ စိမ်ထားတဲ့ အရာဝတ္ထုတစ်ခုကို ပေါလောပေါ်စေတဲ့ အားဟာ အဲဒီအရာဝတ္ထုကနေ ဖယ်ထုတ်လိုက်တဲ့ အရည်ရဲ့ အလေးချိန်နဲ့ တူညီတယ်လို့ သတ်မှတ်ထားပါတယ်။ ကြားဖူးနေကျပုံပြင်ထဲကအတိုင်း အာခီမီးဒိစ်ကို ဘယ်သရဖူဟာ ရွှေအစစ်နဲ့ပြုလုပ်ထားသလဲဆိုတာကို ခွဲခြားပေးဖို့ ရှင်ဘုရင်က တာဝန်ပေးအပ် ပြီးတဲ့နောက်မှာ ရွှေသရဖူနဲ့ အလေးချိန်ချင်းတူတဲ့ ရွှေတုံးတစ်တုံးကိုယူပြီး သက်သေပြရမယ်ဆိုတာကို သူကောင်းကောင်းနားလည်ခဲ့ပါတယ်။

မတူညီတဲ့ပုံ သဏ္ဌာန်ရှိတဲ့ ဒီအရာဝတ္ထုနှစ်ခုဟာ တူညီတဲ့ရေပမာဏကို ဖယ်ထုတ်စေရမှာ ဖြစ်ပါတယ်။ တကယ်လို့ ရွှေ ပန်းထိမ်ဆရာက ရွှေနေရာမှာ ငွေ၊ ဒါမှမဟုတ် ပိုပြီးဈေးသက်သာတဲ့ သတ္တုတစ်ခုခုနဲ့ အစားထိုးခဲ့မယ်ဆိုရင် သရဖူက ရေပမာဏကို များများဖယ်ထုတ်ပစ်ပါ လိမ့်မယ်။

ဇာတ်လမ်းအရဆိုရမယ်ဆိုရင် အာခီမီးဒိစ်ဟာ ဒီအယူအဆကိုအသုံးပြုပြီး ပန်းထိမ်ဆရာဟာ သရဖူသွန်းလုပ်ရာမှာ ရွှေပမာဏကို မှန်မှန်ကန်ကန် မထည့်သွင်းဘဲ ဘုရင်ကိုလှည့်စားခဲ့ကြောင်း သက်သေပြခဲ့ပါတယ်။ အာခီမီးဒိစ်အနေနဲ့ သရဖူက ရွှေအစစ် ဟုတ်မဟုတ်ကို သက်သေပြနိုင်ဖို့ အဲဒီခေတ်ကာလမှာ တကယ်တမ်း ဘယ်လိုကြိုးစားလုပ်ဆောင်ခဲ့ရတယ်ဆိုတာကတော့ ပုံပြင်ဇာတ်လမ်းတွေနဲ့ ကွာခြားနေမှာ အမှန်ပါပဲ။

သေချာတာတစ်ခုကတော့ အာခီမီးဒိစ် နိယာမဟာ ဒီကနေ့ခေတ်ရဲ့ ရူပဗေဒဥပဒေသတွေအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတာ ဖြစ်ပါတယ်။

သံလက်သည်း

အာခီမီးဒိစ်ဟာ သူ့မွေးရပ်မြေ Syracuse အတွက် စစ်လက်နက်တွေ တီထွင်ထုတ်လုပ်ပေးခဲ့တာနဲ့ပတ် သက်ပြီးတော့လည်း ထင်ရှားပါတယ်။ ဒီလိုစစ်လက် နက်ကိရိယာတွေထဲက နာမည်ကြီးလက်နက်တစ်ခုကတော့ သံလက်သည်း (Iron Claw) လို့ခေါ်ပါတယ်။

ဒီ ကိရိယာကို Syracuse မြို့ရိုးနံရံတွေမှာ တပ်ဆင်ထားခဲ့တယ်လို့ ယူဆကြပါတယ်။ မြို့ရိုးပေါ်တက်ဖို့ ချဉ်းကပ် လာတဲ့ သင်္ဘောတွေကို ဆွဲလှဲပြီး တိမ်းမှောက်အောင် ပြုလုပ်တိုက်ခိုက်နိုင်ပါတယ်။ ဒီကိရိယာအကြောင်းကို သမိုင်းမှတ်တမ်းအစအနတွေထဲကသာ သိရှိခဲ့ရပါတယ်။

ဒါပေမဲ့ ဒီသံလက်သည်းတွေကို ချဉ်းကပ်လာမယ့် သင်္ဘောအောက်ဘက်နေရာလောက်မှာ တပ်ဆင်ထားပြီး လက်တံမီတဲ့နေရာကို သင်္ဘောရောက်လာတဲ့အခါ အပေါ်ကိုဆောင့်တွန်းပြီး တိုက်ခိုက်တာဖြစ်မယ်လို့ ယုံကြည်ယူဆကြပါတယ်။

ဒီအားဟာ ချဉ်းကပ်လာတဲ့ သင်္ဘောတွေကို ကြီးကြီးမားမားထိခိုက်စေနိုင်သလို တိမ်းမှောက်တဲ့အထိလည်း ဖြစ်သွားစေနိုင်ပါတယ်။

ခရီးအကွာအဝေးမှတ်ကိရိယာ

အာခီမီးဒိစ်ဟာ ခရီးအကွာအဝေးမှတ်ကိရိယာ (Odometer) တစ်ခုဖန်တီးဖို့အတွက် ပထမဆုံးရှာဖွေတွေ့ရှိခဲ့သူအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒီလို မသတ်မှတ်ချင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ သွားလာခဲ့တဲ့ခရီးအကွာအဝေးကို တိုင်းတာနိုင်မယ့် စက်မှုနည်းပညာတစ်ရပ်ကို စတင်တီထွင်ကြံဆခဲ့တာကတော့ အမှန်ပါပဲ။

အာခီမီးဒိစ်ဟာ စက်ဝန်းတန်ဖိုးသိပြီးသား ဘီးအကြီးတစ်လုံးနဲ့ ခရီးအကွာအဝေးကို တိုင်းတာနိုင်ဖို့ တီထွင်ကြံဆခဲ့ပါတယ်။ အဲဒီဘီးအကြီးကို လက်တွန်းလှည်းမှာတပ်ဆင်ပြီး အကွာအဝေးတိုင်း ကိရိယာကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

လက်တွန်းလှည်းကို တွန်းတဲ့အခါ ဘီးအကြီးကလည်း လိုက်လည်ပါတယ်။ ဘီးလည်လို့ တစ်ပတ်ပြည့်တဲ့အခါ လှည်းအိမ်ထဲကို ကျောက်ခဲတစ်လုံးကျစေပါတယ်။ကျလာတဲ့ ကျောက်ခဲအရေအတွက်နဲ့ ဘီးရဲ့စက်ဝန်းကိုတွက်ချက် လိုက်တဲ့အခါ သွားခဲ့တဲ့ခရီးအကွာအဝေးကိုရရှိမှာ ဖြစ်ပါတယ်။ ဗြိတိသျှစွယ်စုံကျမ်းရဲ့ ဖော်ပြချက်အရ ဒါဟာ သမိုင်းရဲ့ ပထမဆုံးအကွာအဝေးမှတ်ကိရိယာ ဖြစ်ပါတယ်။

စက်သီးစနစ်

စက်သီး (Pulley) ကို အာခီမီးဒိစ် တီထွင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ စက်သီးတွေကို ပေါင်းစပ်အသုံးပြုတဲ့နည်းလမ်းကိုတော့ သူတီထွင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ခေတ်သူ့အခါက ရှိပြီးသားနည်းပညာကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဖန်တီးခဲ့ပါတယ်။ ကြိုးနဲ့တွဲထားတဲ့ ဘီးလုံးတစ်လုံးကို စွမ်းအင်တွေ လွှဲပြောင်းဖို့ အသုံးပြုနိုင်ကြောင်း သူက သရုပ်ပြသခဲ့ပါတယ်။ စက်သီးအသုံးပြုလုပ်ဆောင်တဲ့အခါ လူအနေနဲ့ အားစိုက်ထုတ်ရမှုလျော့နည်းသွားပြီး စက်မှုပိုင်းဆိုင်ရာအားသာချက်ရရှိစေကြောင်း သိရှိစေခဲ့ပါတယ်။

အာခီမီးဒိစ်ဟာ ရှိပြီးသားနည်းပညာတွေကို အသုံးပြုပြီး ကရိန်းတွေနဲ့ ပေါင်းစပ်စက်သီးတွေမှာ အသုံးပြုထားတဲ့ ပထမဆုံးစက်သီးစနစ်ကို စတင်ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားချက်အရ သူဟာ သူ့စက်ကိရိယာအသစ် ရဲ့စွမ်းအားက သင်္ဘောတစ်စင်းကို သူတစ်ယောက်တည်းရဲ့လုပ်ဆောင်မှုနဲ့ ရွှေ့ပြောင်းပြပြီး သရုပ်ပြသခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုလုပ်ဆောင်မှုကို အဝေး တစ်နေရာကနေ ထိုင်လျက်အနေအထားနဲ့ ထိန်းချုပ်လုပ်ဆောင်ပြခဲ့တာ ဖြစ်ပါတယ်။

လီဗာဥပဒေသ

အာခီမီးဒိစ်ဟာ လီဗာကို တီထွင်ခဲ့သူအဖြစ်လည်း အသိအမှတ်ပြုခံရပါတယ်။ လီဗာနဲ့ပတ်သက်ပြီး အာခီမီးဒိစ်ရဲ့ “ငါ့ကို ရပ်ဖို့တစ်နေရာသာပေးပါ၊ ကမ္ဘာကြီးကို ရွှေ့ပြပါ့မယ်”ဆိုတဲ့စကားကလည်း နာမည်ကျော်ပါတယ်။

Syracuse ရဲ့ အကြီးဆုံးသင်္ဘောကြီးကို လူအင်အားနဲ့ ဘယ်လိုမှ ရေချလို့မရတဲ့အခါ သူ့ကို ရေချဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။

အာခီမီးဒိစ်က အကြီးစားလီဗာတွေကို စက်သီးပေါင်းမြောက်မြားစွာနဲ့ တွဲစပ်အသုံးပြုပြီး သင်္ဘောသစ်ကြီးကို ရေချပေးနိုင်ခဲ့ပါတယ်။သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် သူဟာ လီဗာကိရိယာကို စတင်တီထွင်တဲ့သူတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ လီဗာရဲ့ အခြေခံရူပဗေဒ သဘောတရားကို ပထမဆုံးဖော်ထုတ်ခဲ့သူဖြစ်သလို ဒီဇိုင်းပိုင်းကိုလည်း ပိုမိုကောင်းမွန်အောင် စတင်လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ အားအချိုး၊ ဝန်နဲ့ လည်ချက်အမှတ်တို့ဟာ လီဗာရဲ့စွမ်းဆောင်ရည်အပေါ် ဘယ်လို သက်ရောက်နေတယ်ဆိုတာကို အာခီမီးဒိစ်က စတင်ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ဂျီဩမေတြီပညာ

အာခီမီးဒိစ်ဟာ စက်ကိရိယာတွေတီထွင်မှုနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားသလို ရူပဗေဒနဲ့ သင်္ချာပညာနယ်ပယ်မှာ သက်သေပြချက်တွေ၊ သီအိုရီတွေ ဖော်ထုတ်နိုင်မှုအတွက်လည်း ပညာရှင်တွေရဲ့ လေးစားခြင်းခံရပါတယ်။

စက်လုံးတစ်ခုရဲ့ အချင်းဝက်ကိုသိတာနဲ့ မျက်နှာပြင်ဧရိယာကို တွက်ချက်နိုင်မယ့် ပုံသေနည်းအတွက် အာခီမီးဒိစ်ကို ပထမဆုံးဖော်ထုတ်သူအဖြစ် အသိအမှတ်ပြုထားကြပါတယ်။

ဒီကနေ့ခေတ်ကျောင်းသားတိုင်း ရင်းနှီးပြီးဖြစ်တဲ့ S =4 π r² ဆိုတဲ့ ပုံသေ နည်းဖြစ်ပါတယ်။ V = 4/3 πr³ ဆိုတဲ့ စက်လုံးရဲ့ထုထည်ကိုရှာတဲ့ ပုံသေနည်းကိုလည်း အာခီမီးဒိစ်ကပဲ ဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

အခုဖော်ပြခဲ့တဲ့ အာခီမီးဒိစ်ရဲ့ တီထွင်ဖန်တီးမှု အကျဉ်းကို ကြည့်ခြင်းအားဖြင့် သူဟာ ရူပဗေဒ၊ သင်္ချာ၊ စက်မှုဒီဇိုင်းဆိုင်ရာပညာရပ်တွေရဲ့ အခြေခံအုတ်မြစ် တွေကို ရှာဖွေတွေ့ ရှိခဲ့သူဖြစ်တဲ့အပြင် သူ့ရဲ့လွှမ်းမိုးမှုတွေဟာ ပန်းချီအနုပညာနယ်ပယ်အထိ သက်ရောက်မှုရှိတာကိုတွေ့မြင်ရပါလိမ့်မယ်။

သူ့လို နယ်ပယ်စုံဘက်စုံ ထူးချွန်နှံ့စပ်သူတစ်ဦးအနေနဲ့ သမိုင်းစာမျက်နှာမှာ နေရာယူထားတာဟာ အတိုင်းထက်အလွန် ထိုက်တန်မှုရှိတယ်လို့ ဆိုချင်ပါတယ်။

Crd,Author – နှိုင်းရင့်နွေ , From Knowledge Light Magazine
Ref;7 Amazing Inventions From Archimedes

Leave a Reply

Your email address will not be published.