ကမ္ဘာ့ရှေးအကျဆုံး ဒင်္ဂါးများအကြောင်း

ကမ္ဘာ့ရှေးအကျဆုံး ဒင်္ဂါးများအကြောင်း

မျက်မှောက်ခေတ်လူ အဖွဲ့အစည်းတွင် ဘဏ်များနှင့် ခရက်ဒစ်ကတ်များအသုံးပြုလာမှုကြောင့် ငွေကြေးကိုင်တွယ်အသုံးပြုမှုကိုလျှော့လာကြသော်လည်း လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကမူ ဒင်္ဂါးများကို ကိုင်တွယ်အသုံးပြုခဲ့ကြသည်။

ကမ္ဘာပေါ်တွင် ပထမဆုံးဒင်္ဂါးများသွန်းလုပ်သုံးစွဲမှု သည် ၇ ရာစုတွင် သံခေတ်ကာလ အနာတိုလီယာ၊အထူးသဖြင့် လိုင်ဒီယာ၊ တရုတ်၊ အိန္ဒိယနှင့် ရှေးဟောင်းဂရိနိုင်ငံတို့တွင် စတင်ထွန်းကားခဲ့သည်။

ယင်းတို့ထုတ်လုပ်သုံးစွဲခဲ့သည့် ဒင်္ဂါးနမူနာ ပုံစံအချို့သည် ယနေ့တိုင်ကျန်ရှိနေခဲ့သဖြင့် ယင်းတို့ကို ကမ္ဘာတစ်ဝန်းရှိ ပုဂ္ဂလိကစုဆောင်းသူများ နှင့် ပြတိုက်များက ပိုင်ဆိုင်ထားကြသည်။

ရှေးဦးဒင်္ဂါးများကို ရွှေ ငွေ၊ သို့မဟုတ် အခြားသတ္တုများဖြင့်ပြုလုပ်ခဲ့ကြကာ ခြင်္သေ့ဦးခေါင်း သို့မဟုတ် ပင်လယ်လိပ်ကဲ့သို့ ထူးခြားသောအမှတ်လက္ခဏာတစ်ခုခုကို ဒင်္ဂါးပေါ်တွင် ခတ်နှိပ်ခဲ့ ကြသည်။

ဒင်္ဂါးများကို ငွေကြေးအဖြစ်သုံးစွဲမှုသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံကုန်သွယ်ခဲ့ကြသည့် အစောပိုင်းယဉ်ကျေးမှုကာလတွင် ပျံ့နှံ့ခဲ့သည်။ ယင်းသို့သုံးစွဲခဲ့သည့်ဒင်္ဂါးများအနက် ရှေးအကျဆုံး ဗင်္ဂါး ၇ မျိုးကို The Oldest အင်တာနက်စာမျက်နှာက စုစည်းဖော်ပြခဲ့သည်။

၇။ Hallaton Silver Coin

ခရစ်တော်မပေါ်မီ ၂၁၁ ခုနှစ်တွင်သုံးစွဲ ခဲ့သည့် ငွေဒင်္ဂါး၏မူလသည် အီတလီနိုင်ငံ၊ ရောမမြို့ မှဖြစ်ပြီး ယင်းဒင်္ဂါးကို အင်္ဂလန်နိုင်ငံ Hallaton မှ တွေ့ရှိခဲ့သည်။ ၂ဝဝဝ ပြည့် နှစ်တွင် Hallatorn Fieldwork အဖွဲ့မှ လုပ်အားပေးတစ်ဦး သည် Hallaton ဒင်္ဂါးပြား ၁၃၀ ကိုရှာဖွေတွေ့ရှိပြီးနောက်

ရှေးဟောင်းသုတေသနပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ သည် ဗြိတိသျှနိုင်ငံ သံခေတ်ကာလ အကြီးဆုံးရတနာသိုက် ဟုသိရှိထားကြသည့် Hallston Treasure နေရာတွင် တူးဖော် ခဲ့ကြရာ ဒင်္ဂါးပြားများကိုတွေ့ရှိခဲ့သည်။

ယင်းအဖွဲ့သည် ငွေ နှင့် ရွှေင်္ဂါးအပြား ၅၀၀၀ ကျော်နှင့် ကျောက်မျက်ရတနာ များ၊ ရောမခေတ် စစ်ရေးပြပွဲတွင် အသုံးပြုသည့် ငွေရည်စိမ် ဦးဆောင်းခမောက်တစ်လုံးအပါအဝင် အခြားအသုံးအဆောင်ပစ္စည်းများကို တွေ့ရှိခဲ့သည်။

ယင်းသို့ရရှိခဲ့သည့် ရှေးဟောင်းပစ္စည်းများတွင် ခရစ်တော်မပေါ်မီ ၂၁၁ ခုနှစ်က ငွေဒင်္ဂါးတစ်ပြားပါဝင်ခဲ့ရာ ယင်းဒင်္ဂါးသည် ဗြိတိန်နိုင်ငံ၌တွေ့ရှိခဲ့သမျှ ရောမခေတ်ဒင်္ဂါးများတွင် အစောဆုံးဖြစ်သည်။

ဒင်္ဂါး၏မျက်နှာတစ်ဖက်တွင် Roma နတ် ဘုရားမ၏ပုံကို ခတ်နှိပ်၍ အခြားတစ်ဖက်တွင် ဒဏ္ဍာရီမှာပါရှိသည့် Castor နှင့် Pollux အမြွှာက မြင်းစီး နေသောပုံကို ပြုလုပ်ထားသည်။

ရှေးဟောင်းသုတေ သနပညာရှင်အချို့က ယင်းဒင်္ဂါးသည် ရောမတို့ အောင်မြင်မှုမရှိမီ ခရစ်နှစ်၏ ၄၃ ခုနှစ်မတိုင်မီက ပင် ဗြိတိန်နှင့်ရောမတို့သည် အေဒီကုန်သွယ်မှုများ ပြုလုပ်ခဲ့သည့် အထောက်အထားဟုဆိုခဲ့ကြပေ သည်။

၆။ Persian Daric

Persian Daric သည် ခရစ်တော်မပေါ်မီ နှစ် ၅၂ဝ မှ ၄၈ဝ အတွင်း အာရှတိုက်အနောက်ပိုင်းရှိ Achaemenid ပါရှန်အင်ပါယာက ထုတ်လုပ်ခဲ့သည့် ရွှေဒင်္ဂါးဖြစ်ကာ

ပထမဆုံး ပါရှန်အင်ပါယာ၏ ဧကရာဇ် ဖြစ်သူ Cyrus the Great က ယင်းဒင်္ဂါးများကို ခရစ် တော်မပေါ်မီ ၅၄၆ ခုနှစ်တွင် ပါရှန်လူမျိုးများနှင့် ပထမဆုံးမိတ်ဆက်ပေးခဲ့သည်။

ထို့နောက် ခရစ်တော် မပေါ်မီ နှစ် ၅၂ဝ မှ ၄၈ဝ အတွင်း တတိယမြောက် ပါရှန်အင်ပါယာ ဧကရာဇ် Darius I သည် ငွေကြေး စနစ်ကိုပြုပြင်ပြောင်းလဲခဲ့ကာ ၈ ဒသမ ၄ ဂရမ်ရှိသည့် ရွှေဒင်္ဂါးအထူများကို စတင်မိတ်ဆက်ခဲ့သည်။

ယင်း ဒင်္ဂါးများကို Daric ဟုခေါ်ဆိုခဲ့၍ ယင်းတို့သည် တဖြည်းဖြည်းချင်း Achaemenid ပါရှန်အင်ပါယာ အတွက် စံချိန်မီငွေကြေးဖြစ်လာခဲ့ကြသည်။

Daric ဒင်္ဂါးများသည် အရည်အသွေးအလွန် မြင့်မားခဲ့ကာ ဒင်္ဂါး၏ရွှေပါဝင်မှုနှုန်းသည် ၉၅ ဒသမ ၈၃ ရာခိုင်နှုန်းအထိရှိခဲ့သည်။ Alexander the Great က ပါရှန်ဒေသကို ခရစ်တော်မပေါ်မီ နှစ် ၃၃၀ တွင်အောင်မြင်စွာသိမ်းယူခဲ့ပြီးနောက်

ယင်းဒင်္ဂါးများကို အရည်ကျို၍ Alexander ဒင်္ဂါးများအဖြစ် ပြန်လည် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် Daric ဒင်္ဂါးများသည် ထိုအချိန်က တွင်ကျယ်စွာအသုံးပြုခဲ့သည့်တိုင် အလွန် ရှားပါးသွားခဲ့ခြင်းဖြစ်နိုင်ပေသည်။

၅။ Aegina Sea Turtle

ခရစ်တော်မပေါ်မီ နှစ် ၅၅၀ တွင် ဂရိနိုင်ငံ Aegina ကျွန်းတွင် Aegina ပင်လယ်လိပ်ငွေဒင်္ဂါးများကို ထုတ်လုပ်ခဲ့သည်။

ရှေးဟောင်းကာလတွင် Aegina ကျွန်းမှ လူများသည် lonia နှင့် Lydia သို့ ခရီးသွား ကြကာ ကုန်သွယ်မှုလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။

ယင်းတို့သည် ပထမဆုံးသော ဒင်္ဂါးများပေါ်ထွက်လာမှုကို မြင်တွေ့ ခဲ့ကြပြီးနောက် မိမိတို့၏ချမ်းသာကြွယ်ဝမှုကိုစုဆောင်းထားရန် ဒင်္ဂါး များကိုအသုံးပြုနိုင်ကြောင်းနှင့် ကမ္ဘာကြီး၏ အခြား နေရာဒေသများနှင့် ကုန်သွယ်ရာတွင် အဆင်ပြေစေ ရန်ဆောင်ရွက်နိုင်ကြောင်း သိရှိခဲ့ကြသည်။

ခရစ်တော်မပေါ်မီ ၆ ရာစုအလယ်တွင် Aegina သည် ဒင်္ဂါးများ ထုတ်ဝေခဲ့သည့် ပထမဆုံးဂရိမြို့ပြနိုင်ငံဖြစ်ခဲ့သည်။ Aegina ဒင်္ဂါးများသည် နိုင်ငံအချင်းချင်းကုန်သွယ် မှုတွင် ပထမဆုံးသုံးခဲ့သောဒင်္ဂါးများဖြစ်ပြီး

ယင်းတို့၏တစ်သမတ်တည်းသော ဒီဇိုင်း များကို အလွယ်တကူမှတ်မိနိုင်ခဲ့ကြသည်။ ယင်းဒင်္ဂါးများသည် လေးလံထူထဲပြီး တစ်ဖက်တွင် ပင်လယ်လိပ်ပုံကို ဖောင်းကြွပြုလုပ်လျတ် အခြားတစ်ဖက်တွင် ဖောက်စက်ဖြင့် အသုံးပြုထားသည့်စတုရန်းပုံအကွက်ပါရှိသည်။ ယင်း ဒင်္ဂါးများကို နောက်ပိုင်းတွင် ကမ္ဘာက တဖြည်းဖြည်းချင်းသိရှိလာခဲ့ကြသည်။

၄။Karshapana

ခရစ်တော်မပေါ်မီ နှစ် ၆ဝဝ တွင် အိန္ဒိယနိုင်ငံက Karshapana ငွေဒင်္ဂါးများကိုထုတ်လုပ် ခဲ့သည်။ သမိုင်းပညာရှင်များအကြား၌ Karshapana မူလဒင်္ဂါးများကို အိန္ဒိယနိုင်ငံမှထုတ်လုပ် ခြင်းအပေါ် သဘောထားကွဲပြားကြသော်လည်း

ပထမဆုံးသော Kashapana ငွေဒင်္ဂါးများ ကို အိန္ဒိယနိုင်ငံတွင်သွန်းလုပ်ခဲ့သည်ဆို သောအချက်ကို လက်ခံခဲ့ကြသည်။ ယင်းအစောပိုင်း ဒင်္ဂါးများကို အင်ဒိုဂင်္ဂါလွင်ပြင်မှ Mahajanapada များက ထုတ်လုပ်ခဲ့သည်။

ဒင်္ဂါးများတွင် ဖောက်စက်ဖြင့် ပြုလုပ်ထားသည့်အရာများကိုမြင်ကြရတာ Karshapanas ၊Puranas သို့မဟုတ် Pana ဟုခေါ်ဆိုခဲ့ကြသည်။

အစောပိုင်းအိန္ဒိယဒင်္ဂါးများသည် အာရှတိုက်အနောက်ပိုင်းမှတွေ့ရှိ ရသည့်ဒင်္ဂါးများနှင့်မတူဘဲ အဝိုင်းပုံစံမရှိချေ။ ယင်းတို့သည် သတ္တုချောင်းများပေါ်တွင် ဒီဇိုင်း မျိုးစုံကို တံဆိပ်နှိပ်သကဲ့သို့ခတ်နှိပ်ခဲ့သည့် ပစ္စည်းများသာဖြစ်ကြသည်။

အချို့ ဒင်္ဂါးများသည် အမှတ်လက္ခဏာတစ်ခုတည်းသာပါဝင်၍ အချို့သောဒင်္ဂါးများကို တစ်ကြိမ်မကခတ်နှိပ်ခဲ့ရာ ၅ ကြိမ်နှိပ်ထားသည့်ဒင်္ဂါးများပင်ရှိခဲ့သည်။

ဒင်္ဂါးများကိုပြုလုပ်ရန်ငွေပြားများကို သင့်လျော်သည့် အရွယ်အစားများရရှိစေရန် ဖြတ်တောက်၍ ထောင့်ချိုးများကို အနည်းဆုံးတစ်ကြိမ်ဖြတ်ထုတ် ခဲ့ကြသည်။

၃။ Ying Yuan

ခရစ်တော်မပေါ်မီ နှစ် ၆၀၀ မှ ၅ဝဝ အတွင်း တရုတ်ရှေးဟောင် ဒင်္ဂါးများကို အနောက်ဥရောပ ဒေသ၌ ပထမဆုံးဒင်္ဂါးများသွန်းလုပ် ခဲ့ချိန်မှာပင် ထုတ်လုပ်ခဲ့ကြသည်။

သို့သော် တရုတ်တို့၏ ဒင်္ဂါးသွန်းလုပ် ခဲ့မှုသည် အနောက်တိုင်းမှထုတ် လုပ်သည့်ဒင်္ဂါးပုံစံနှင့်မတူဘဲ သီးခြား ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိ ကြောင်းယုံကြည်ရပေသည်။

တရုတ် တို့သည် ခရစ်တော်မပေါ်မီ နှစ်၇၀၀ ကပင် ခရုခွံများကို ငွေကြေးအဖြစ်သုံးစွဲမှုမှတစ်ဆင့် ဒင်္ဂါးများကို အစောဆုံးပြုလုပ်ခဲ့ဖွယ်ရှိသည်။ ယင်းကာလတွင် ပထမဆုံးရွှေဒင်္ဂါးများကို Chu မင်းဆက်ခေတ်၌ စစ်ပွဲများဖြစ်ပွားနေစဉ် ထုတ်လုပ်ခဲ့ သည်။

ယင်းတို့ကို Ying Yuan ဟုခေါ်ဆိုခဲ့ပြီး အစောဆုံးထုတ်လုပ်ခဲ့ချိန်သည် ခရစ်တော်မပေါ်မီ နှစ် ၆၀၀ ဝန်းကျင် သို့မဟုတ် နှစ် ၅၀၀ ဝန်းကျင်ဖြစ်သည်။

Ying Yuan ရွှေဒင်္ဂါးများကို လေးထောင့်ပုံများ ထုတ်လုပ် ခဲ့ကာ ဒင်္ဂါး၏တန်ကြေး သို့မဟုတ် အလေးချိန်ကို ဒင်္ဂါးပေါ်တွင်ရေးသားထားရာ ယွမ်ဟု ဖတ်ရှုနိုင်ခဲ့ပေသည်။

၂။ Ionia Hemiobols

မျက်မှောက်ခေတ် တူရကီနိုင်ငံအလယ်ပိုင်း ကမ်းခြေနေရာတွင်ရှိခဲ့သည့် ရှေးဟောင်း Ionia ရှိ Cyme တွင် ခရစ်တော်မပေါ်မီ နှစ် ၆ဝဝ မှ ၅၅၀ အကြားတွင် Ionian Hemiobols ငွေ အင်္ဂါးများကို ထုတ်လုပ်ခဲ့သည်။

ထိုအချိန်က Cyme သည် Ionian ၏ မြို့တော်ဖြစ်ခဲ့ကာ ပထဝီဝင်အနေအထားအရ ဒင်္ဂါးများကို ဦးဆုံးထုတ်လုပ်ခဲ့သည့် Lydia မြို့တော်အနီးတွင် တည်ရှိသည်။

Cyme နှင့် Lydia မြို့တော်တို့သည် နိုင်ငံရေးအရနီးစပ်မှုရှိခဲ့ကြပြီး Cyme သည် မိမိနိုင်ငံသားများအတွက် ကိုယ်ပိုင်ဒင်္ဂါးများကို Lydia ဘုရင်၏အခွန်တော်တုံကင်အဖြစ် စတင်သွန်းလုပ်ရန် အကြံရခဲ့ သည်။

Cyme တွင် ပထမဆုံး ထုတ်လုပ်ခဲ့သည့် ဒင်္ဂါးများကို Hemiobols ဟုခေါ်ဆိုခဲ့ကာ ဒင်္ဂါးတွင် မြင်းတစ်ကောင်၏ ဦးခေါင်းပုံကိုခတ်နှိပ်ကာ ငွေ အပိုင်းအစ အနည်းငယ်ဖြင့်ပြုလုပ်ခဲ့သည်။

Hemiobols ဒင်္ဂါးများ ကို ကမ္ဘာပေါ်တွင် ဒုတိယသက်တမ်းအရှည်ဆုံးဒင်္ဂါးများဟုယူဆကြကာ ခရစ်တော်မပေါ်မီ နှစ် ၆၀၀ နှင့် ၅၀၀ ကြားတွင် ပထမဆုံး ဖြန့်ဝေခဲ့သည်ဟု ယုံကြည်ကြသည်။

ယင်းဒင်္ဂါးများကို Ionian ဂရိလူမျိုးများက လက်လီရောင်းချရာတွင် ပထမဆုံးပမာဏကြီးမားစွာ အသုံး ပြုခဲ့ကြပြီးနောက် ကမ္ဘာပေါ်ရှိကျန်နေရာဒေသများသို့ ဈေးကွက်စီးပွားရေးဆောင်ရွက်ရန် အယူအဆတစ်ခု အဖြစ် ပျံ့နှံ့သွားခဲ့သည်။

၁။ Lydian Lion

ရွှေနှင့်ငွေထိုရောထားသည့် သတ္တုစပ်ဖြင့်ပြုလုပ်ထားသော Lydian Lion ဒင်္ဂါးများကို ခရစ်တော် မပေါ်မီ နှစ် ၆၁၀ နှင့် ၆၀၀ ကြားတွင် လက်ရှိ တူရကီနိုင်ငံအနောက်ပိုင်းဒေသတွင် တည်ရှိခဲ့သည့် Lydia ဘုရင်ပိုင်နယ်မြေတွင်ထုတ်လုပ်ခဲ့သည်။

ယင်းတို့ကို ကမ္ဘာ့ပထမဆုံး ဒင်္ဂါးများဟု လူအများစုက ယူဆကြသည်။ ယင်းတို့၏သက်တမ်းသည် ရှေးဟောင်းဂရိဒင်္ဂါး များသွန်းလုပ်ချိန်ဖြစ်၍ ရှေးဟောင်း Lydia ဘုရင်လက်ထက်တွင် သွန်းလုပ်ခဲ့သည်။

ဒင်္ဂါး များကို ခရစ်တော်မပေါ်မီ နှစ် ၇၀ဝ ကသွန်းလုပ်ခဲ့ကြောင်း ဒင်္ဂါးသွန်းခဲ့ချိန်အပေါ် အငြင်း ပွားမှုများရှိနေသော်လည်း Lydia ကို ခရစ်တော်မပေါ်မီ ၆၁ဝ နှစ်နှင့် နှစ် ၅၅၀ ကြားတွင် အုပ်ချုပ်ခဲ့သည့် ဘုရင် Alyattes လက်ထက်က ထုတ်လုပ်ခဲ့ကြောင်း အများအားဖြင့် လက်ခံ လာကြသည်။

ဒင်္ဂါးများကို Lydian လူမျိုးများက တီထွင်ခဲ့သည်ဟုဆိုသည့် အချက်ကိုထောက်ခံရန် သမိုင်းပညာရှင်ဂရိလူမျိုး Herodotus ရေးသားခဲ့သည့်စာများကို မကြာခဏညွှန်းဆိုကြရာ

Herodotus က Lydian တို့သည် ငွေနှင့်ရွှေဒင်္ဂါးများကို ပထမဆုံးသုံးစွဲခဲ့ကြပြီး အတည်တကျ နေထိုင်ကြသည့်နေရာများတွင် လက်လီအရောင်းဆိုင်များကို ပထမဆုံးတည်ထောင်ဖွင့်လှစ်ခဲ့ သည်ဟုဆိုခဲ့ပေသည်။

ရေးသားသူ-ဇော်လွင်အောင်အား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published.