လေယာဉ်အင်ဂျင်နီယာတွေနဲ့ ပါတ်ဝန်းကျင်

လေယာဉ်အင်ဂျင်နီယာတွေနဲ့ ပါတ်ဝန်းကျင်

ဒီတခါတော့ လေယာဉ်အင်ဂျင်နီယာတွေ လေယာဉ်ကို ပြုပြင်ထိမ်းသိမ်းမှု (maintenance) ပြုလုပ်ကြတဲ့အခါ အမှားအယွင်းဖြစ်နိုင်တဲ့ ပါတ်ဝန်းကျင် အခြေအနေတွေ ရှိတတ်တဲ့အကြောင်းနဲ့ ဒါတွေကို ရှောင်ကျဉ်ရတဲ့အကြောင်း ရှာဖွေတင်ပြလိုက်ပါတယ်။

၁။ အလင်း

အလင်းရောင် လုံလောက်တဲ့နေရာဖြစ်ရပါမယ်။ မှောင်လွန်းတဲ့အခါ မှားယွင်းမှုရှိနိုင်ပါတယ်။ ပစ္စည်းလဲလှယ်တပ်ဆင်တဲ့အခါ မှန်ကန်တဲ့ part number, type number, modification , model အစရှိသဖြင့် မှန်ကန်အောင် စစ်ဆေးရပါတယ်။

တပ်ဆင်ရာမှာလဲ သတ်မှတ်တဲ့ torque အတိအကျချိန်ပြီး တပ်ဆင်ရတာမျိုးပါ။ ဒီအခါမှာ အသုံးပြုတဲ့ tool ကအစ စစ်ဆေးကြည့်ရှုရတာမို့ လုံလောက်တဲ့အလင်းရရှိဖို့ လိုပါတယ်။ သဘာဝအလင်း မလုံလောက်ရင်လဲ လျှပ်စစ်မီး ရရှိအောင်ပြုလုပ်ထားတဲ့ ပါတ်ဝန်းကျင်ဖြစ်ရပါမယ်။

၂။ အသံ

လေယာဉ်နဲ့ အလုပ်လုပ်ရတဲ့အခါ သာမန်ထက် ဆူညံတဲ့အသံနဲ့ ရင်ဆိုင်ရပါတယ်။ ဒီအတွက် ear cover လို့ခေါ်တဲ့ နားဖုံးကရိယာတွေ ထုတ်ပေးထာပြီး တပ်ဆင် အသုံးပြုစေရပါတယ်။

၃။ အကျယ်အဝန်း

အင်ဂျင်နီယာတွေအတွက် လုံလောက်တဲ့အကျယ်အဝန်းက အမြဲတန်းတော့ မရနိုင်ပါဘူး။ ဥပမာ-လေယာဉ်အတောင်ပံတွေထဲကို ကျဉ်းကျဉ်းကြပ်ကြပ် ဝင်ပြီး လုပ်ရတာမျိုးတွေ ရှိတတ်ပါတယ်။

ဒီအခါမျိုးမှာ အတတ်နိုင်ဆုံး သက်တောင့်သက်သာရှိအောင် ကြံဆလုပ်ကိုင်ရပါတယ်။ အောက်ဆီဂျင် မျက်နှာဖုံးတပ်ဆင်လုပ်ကိုင်တာ ဒါမှမဟုတ် လေမှုတ်ပန်ကာ (blower fan ) တပ်ပေးထားတာမျိုးပေါ့။

အင်ဂျင်နီယာများ အလုပ်လုပ်တဲ့ပါတ်ဝန်းကျင်နေရာဟာလဲ သန့်ရှင်းနေရပါမယ်။ အမှိုက်သရိုက်နဲ့ပစ္စည်းများရှုပ်ပွမနေဘဲ စနစ်တကျ နေရာချထားတာမျိုးဖြစ်ရပါမယ်။

၄။ အမြင့်

အင်/ ယာတွေဟာ အမြင့်ကို ကြောက်နေလို့မရပါဘူး။ တချို့လေယာဉ်အမြီးမှာ တပ်ထားတဲ့ပစ္စည်း ဥပမာ – Tail light ကို လဲမယ်ဆိုရင် ပေ ၃၀ ကနေ ၅၀ အထိ မြင့်တဲ့လေယာဉ်တွေ ရှိပါတယ်။ ဒီအတွက်လဲ mobile step တွေ safety rope တွေ သုံးပြီးလုပ်ကိုင်ဖို့စီစဉ်ရပါမယ်။

၅ ။ အရည်

လေယာဉ်မှာ သုံးတဲ့ အရည်တွေဟာ ဓါတုပစ္စည်းအရည်တွေများပါတယ်။ Carosine, hydrolic oil စသဖြင့်ပါ။

ဒါတွေဟာ လူ့အရေပြားကို ထိမိရင် အနဲနဲ့အများ ထိခိုက်စေသလို မျက်လုံးကိုထိရင်လဲ အန္တရာယ်ရှိနိုင်ပါတယ်။ဒါကြောင့် ရာဘာလက်အိပ် မျက်မှန်တို့ကို လိုအပ်သလိုသုံးစွဲပြီး လုပ်ကိုင်စေပါတယ် ။

၅။ အပူချိန်

အင်/ ယာတွေဟာ နေပူမိုးရွာ၊ နှင်းကျနေလဲ လေယာဉ်အချိန်မှန်ထွက်ဖို့ ကြိုးစားလုပ်ဆောင်ရတာဖြစ်လို့ ပါတ်ဝန်းကျင်ရဲ့ အပူအအေးဒါဏ်ကို ခံနိုင်ရည်ရှိအောင် ကြိုတင်စီစဉ်ပေးထားဖို့လိုပါတယ်။ မိုးကာ ၊အနွေးထည်စသဖြင့်ပေါ့။

၆။ ရွေ့လျားစက်ပစ္စည်းများ

အင်/ယာ တွေရဲ့ ပါတ်ဝန်းကျင်မှာ အမြဲတန်းရွေ့လျားနေတဲ့ စက်ပစ္စည်းတွေရှိတတ်ပါတယ်။ လေယာဉ်ဆွဲကား tow car မီးစက် Ground power unit စသဖြင့် ရှိသလို အခြားစက်တွေယာဉ်တွေအများအပြားဟာ လှုပ်ရှားနေကြပါတယ်။

ဒီကြားထဲမှာ လုပ်ကိုင်နေရတာဖြစ်လို့ မြင်သာတဲ့ ရောင်ပြန်ဝတ်စုံဝတ်ဆင်ထားတာမျိုး တစ်ဦးနဲ့တစ်ဦး ပြောရလွယ်အောင် လက်ကိုင်ဆက်သွယ်ရေးစက်တွေအသုံးပြုတာမျိုး စီစဉ်ထားကြရပါတယ်။

ခုတင်ပြခဲ့တာတွေဟာ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းအဖွဲ့ ICAO ( International Civil Aviation Organization ) ကနေ သုတေသနပြု ထုတ်ပြန်ထားတဲ့ စာတမ်းတခုကို မှီငြမ်းတင်ပြထားတာဖြစ်လို့ စာရှု့သူများ နှစ်ခြိုက်ကြမယ်ထင်ပါတယ်။

ဆက်လက်ကြိုးစား တင်ပြသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါလို့ မေတ္တာရပ်ခံရင်း နှုတ်‌ဆက်လိုက်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.