ကမ္ဘာ့အကြီးမားဆုံး သတ္တဝါဖြစ်တဲ့ ဝေလငါးပြာအကြောင်း တစေ့တစောင်း

ကမ္ဘာ့အကြီးမားဆုံး သတ္တဝါဖြစ်တဲ့ ဝေလငါးပြာအကြောင်း တစေ့တစောင်း

ကုန်းနေသတ္တဝါတွေဟာ အတော်အသင့်ကြီးမားကြပေမဲ့ ကမ္ဘာဂြိုလ်ရဲ့ စစ်မှန်တဲ့အကြီးမားဆုံး သတ္တဝါတွေကို မေးလာရင်တော့ ပင်လယ်ပြင်ထဲကိုသာ ညွှန်ပြရမှာ အသေအချာပါပဲ။ ဟုတ်ပါတယ်၊ ဝေလငါးပြာတွေဟာ လက်ရှိကမ္ဘာပေါ်မှာ အကြီးမားဆုံး နို့တိုက်ရေနေသတ္တဝါပဲ ဖြစ်ပါတယ်။

ဝေလငါးပြာတစ်ကောင်ဟာ ပေ ၁၀၀ ကျော်ထိ အရှည် ရှိနိုင်ပြီး တန် အားဖြင့် တန် ၂၀၀ လောက် အလေးချိန် ရှိနိုင်ပါတယ်။

ပေ ၁၀၀ ဆိုတဲ့ အကွာအဝေးဟာ YBS ဘတ်စ်ကား ၃ စီး ရှေ့နောက်ထိုးရပ်ထားတဲ့ အကွာအဝေးပါပဲ။ ဝေလငါးပြာတစ်ကောင်ရဲ့ နှလုံး အရွယ်အစားတင်ကို ကားတစ်စီးအရွယ် ရှိပါတယ်။

ဘာကြောင့် ဒီလောက်ထိကြီးမားနိုင်နေသလဲဆိုရင်တော့ ရေထုထဲမှာရှိတဲ့ “Buoyancy” လို့ခေါ်တဲ့ ဖော့နိုင်တဲ့စွမ်းအားတစ်မျိုးကြောင့်ပါ။

ကုန်းနေသတ္တဝါတွေဟာ Gravity လို့ ခေါ်တဲ့ ကမ္ဘာ့ဆွဲအားကြောင့် ၎င်းတို့ရဲ့ ရပ်တည်နိုင်တဲ့ အလေးချိန်တစ်ခုအထိသာ ကြီးထွားနိုင်ကြပါတယ်။

နားလည်အောင်ပြောရရင် ခြေထောက်ကထိန်းနိုင်တဲ့ အလေးချိန်တစ်ခုအထိပဲ ကြီးထွားနိုင်ကြပါတယ်။ ထို့အတူပဲငှက်တွေဟာလဲ သူတို့ရဲ့ အတောင်ပံက မ တင်နိုင်တဲ့အလေးချိန်တစ်ခုအထိသာ ကြီးထွားနိုင်ကြပါတယ်။

ဝေလငါးပြာတွေကတော့ ရေနေသတ္တဝါဖြစ်တဲ့အတွက် ကမ္ဘာ့ဆွဲအားကန့်သတ်ချက်တွေထဲက လွတ်မြောက်နေပြီး လွတ်လပ်စွာအတိုင်းအဆမရှိ ကြီးထွားနေနိုင်ကြတာပါ။

နောက်ထပ် ရေနေမျိုးစိတ်ထဲက ဝေလငါးပြာထက် ပိုကြီးမားတဲ့မျိုးစိတ်ထပ်ရှိလာခဲ့ရင်လဲ ဆက်ပြီးအတိုင်းအစမရှိ ကြီးထွားနေဦးမှာပါပဲ။

ဝေလငါးဖမ်းလုပ်ငန်း မရှိသေးခင်ကဆိုရင် ဝေလငါးပြာကြီးများဟာ အကောင်ရေများခဲ့သလို ကိုယ်ခန္ဓာလည်း ကြီးမားလှတာကြောင့် သမုဒ္ဒရာ ဂေဟစနစ်များကို မုချစိုးမိုးခွင့်ရခဲ့ပြီး မြောက်ပစိဖိတ်သမုဒ္ဒရာတွင် ပေါက်ပွားသမျှ ရေမျောသတ္တဝါ သုံးပုံနှစ်ပုံဟာ ဝေလငါးပြာတွေရဲ့ အစာဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဝေလငါးပြာကြီးများဟာ အဏ္ဏဝါလောကကို လုယက်ဖျက်ဆီးမပစ်ပါ။ ရေနက်ပိုင်းတွင် အစာစားပြီး၊ ရေမျက်နှာပြင်ထက်တွင် မစင်စွန့်တတ်တာကြောင့် ရေနက်ပိုင်းမှ ဩဇာဓာတ်များကို တစ်ပတ်ပြန်လည်စေပါတယ်။ ထိုဖြစ်စဉ်ကို “ဝေလငါး ဩဇာတွန်း ယန္တရား – whale pump” ဟုပင် နာမည်ပေးထားသေးပါတယ်။

တစ်ဖန် ဝေလငါးတစ်ကောင် သေဆုံးသောအခါ ဝေလငါးအသေကောင်ဟာ သမုဒ္ဒရာ ကြမ်းပြင်ပေါ် သက်ဆင်းသွားတာကြောင့် အသေသားစားတဲ့ ရေသတ္တဝါတို့အတွက် နှစ်ပေါင်း (၈၀) စာ စားစရာ ဖန်တီးပေးနိုင်ပြီး အဏ္ဏဝါ ဂေဟစနစ်များထဲကို ဩဇာဓာတ်တန်ချိန် သန်းပေါင်းများစွာ ပြန်ရောက်သွားစေတာမျိုးပါ။

ဝေလငါးက သမုဒ္ဒရာဩဇာဓာတ်များကို အထက်မှအောက် သမစေပေးရုံသာမက ဘေးတိုက်လည်း ရွေ့လျားစေပါတယ်။ နှစ်စဉ် မိုင်ပေါင်း (၁၁,၈၀၀) ကျော်ကို ရွှေ့ပြောင်းကျက်စား လေ့ရှိတာကြောင့် ဝင်ရိုးစွန်းသမုဒ္ဒရာထဲတွင် နှစ်တစ်ဝက်ခန့် လှည့်လည်ကျက်စားပြီးသောအခါ အစာရှာရန်မဟုတ်ဘဲ သားပေါက်ရန် သက်သက်အတွက် အပူပိုင်းဇုံသို့ ပြောင်းရွှေ့ပြန်သဖြင့် ၎င်းတို့ လာလမ်းတစ်လျှောက်တွင် ဩဇာဓာတ်များ ပို့ဆောင်ဖြန့်ဖြူးပေးသွားတတ်ကြပါတယ်။

ဒါကြောင့် ဝေလငါးပြာတွေဟာ သမုဒ္ဒရာကို လုယက်ဖျက်ဆီးဖို့ဝေးစွ၊ သဘာဝဩဇာဓာတ်တို့၏ သံသရာကို ထိန်းသိမ်းပေးတာကြောင့် အဏ္ဏဝါလောက တစ်ခုလုံးကို အကျိုးကျေးဇူးရှိစေတာပါ။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *