စိတ်ဝင်စားဖို့ကောင်းတဲ့ မိုးသီးကြွေရခြင်းရဲ့ အကြောင်းရင်းများ
မိုးသီး(Hail)များဟာ မိုးတိမ်တောင်များမှ အများဆုံး ကြွေကျတတ်ကြပါတယ်။ မိုးတိမ်တောင်ဆိုတာ နွေဦး ကာလမှာ အပူချိန် မြင့်မားခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ တိမ်တိုက်ကြီးတွေ ဖြစ်ပါတယ်။
အင်္ဂလိပ်လို Thunderstorms လို့ ခေါ်ပါတယ်။ လေပူ – လေအေးတွေ အထက်အောက် စုန်ဆန် တိုက်ခတ်နေတဲ့ တိမ်တိုက်ကြီး တစ်ခုပါပဲ။ အပူဟာ လေနဲ့ ရေကို ပွစေပြီး အထက်သို့တက်စေပါတယ်။
အထက်သို့ တက်သွားတဲ့ လေနေရာကို အေးသော လေများက ဝင်ရောက်နေရာ ယူပါတယ်။ လေပူတွေဟာ အထက်သို့ ဆန်တက်ပြီး လေအေးတွေကတော့ အောက်သို့ စိုက်ဆင်းပါတယ်။
အထက်သို့ ရောက်လာတဲ့ လေနဲ့အတူ ရေခိုး ရေငွေ့တွေဟာ မိုးတိမ်တောင်ရဲ့ အပေါ်ဖက်မှာ ရေခဲခြင်း (တနည်း) မိုးသီးများ ဖြစ်လို့ လာပါတယ်။
မိုးတိမ်တောင် ဖြစ်စဉ်မှာ အပူချိန် အတက်အကျ ပြင်းထန်တဲ့အတွက် လေတိုက်ခတ်မှုလည်း အားကောင်းပါတယ်။
အဲ့ဒီ လေပြင်းများကြောင့် မိုးသီးများဟာ ကြွေကျဖို့ အကြောင်း ဖန်လာပါတော့တယ်။ ဒါပေမဲ့ မိုးတိမ်တောင်ထဲမှာ အောက်က ပင့်တဲ့ လေအားကလည်း ရှိနေပြန်တော့ မိုးသီးများဟာ မကြွေကျပဲ တိမ်တိုက် အထက်သို့ ပြန်ဆန်တက်ကြပြန်ပါတယ်။
အဲ့ဒီအခါမှာ တိမ်တိုက်ထဲက ရေတွေကို ထပ်မံ ပွတ်တိုက်မိပြီး ရေခဲတွေထပ်မံ ပေါင်းစပ် ဖြစ်ပေါ်လာပါတယ်။
အဲ့ဒါကြောင့် မိုးသီးတစ်လုံးကို ကြည့်လိုက်လျှင် ကြည်လင် ပြတ်သားတဲ့ (မူလ) ရေခဲ (Glaze) နေတဲ့ နေရာတွေကြားမှာ ပုံစံ မမှန်တဲ့ ရေခဲသီး (Rime) လေးတွေ ကပ်နေတာကို တွေ့ရမှာပါ။
ရေခဲတွေ တဖြည်းဖြည်း စုကပ်ရင်းအလေးချိန် များလာတဲ့အခါ (သို့မဟုတ်) အပေါ်ကို ဆန်တက်နေတဲ့ လေကြောင်းအား လျော့သွားတဲ့အခါမှာတော့ မိုးသီးတွေဟာ အခဲလိုက် မြေပေါ်သို့ ကျရောက်လာပါတော့တယ်။
မိုးတိမ်တောင် ရာသီဥတုတွေ အများဆုံး ဖြစ်တတ်တဲ့ ဧပြီလနဲ့ မေလတို့မှာ ရံဖန်ရံခါ မိုးသီးများ ကြွေကျခြင်းကို ကျနော်တို့ ကြုံတွေ့ကြရပါတယ်။
Knight News Team