နှစ်ပေါင်း ၂,၀၀၀ အကြာထိ မပုပ်မသိုးပဲ တည်ရှိနေတဲ့ ရုပ်အလောင်း

နှစ်ပေါင်း ၂,၀၀၀ အကြာထိ မပုပ်မသိုးပဲ တည်ရှိနေတဲ့ ရုပ်အလောင်း

Xin Zhui ဟာ ရှေးခေတ် တရုတ်ပြည် ၊အနောက်ဟန်မင်းဆက်အတွင်း Lady Dai လို့လည်း လူသိများတဲ့ Dai မိဖုရားလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ Mawangdui တောင်ကုန်းတစ်ခုမှာ သူမသေဆုံးသွားခဲ့ပြီး နှစ်ပေါင်း ၂၀၀၀ အကြာတွင် သူရဲ့ရုပ်အလောင်းကို အဖိုးတန် ရှေးဟောင်းပစ္စည်းများနဲ့ စာရွက်စာတမ်းများ ရာနှင့်ချီ နှင့်အတူ တွေ့ရှိခဲ့ရပါတယ်။

Xin Zhui ဟာ ဘီစီ ၁၆၃ တွင် ကွယ်လွန်ခဲ့ပြီး သူမကို နှစ်ပေါင်း ၂၀၀၀ ကြာ ၁၉၇၁ ခုနှစ်မှာ တွေ့ရှိတဲ့အခါ သူမရဲ့ဆံပင်နဲ့ မျက်တောင်တို့ဟာလည်း နဂိုမူလအတိုင်း ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါများနဲ့ သွေးကြောများ အားလုံးဟာလည်း မူလအတိုင်း အပျက်အစီး မရှိနေခဲ့သလို အရေပြားဟာလည်း ပျော့ပျောင်းလို့ နေခဲ့တာပါ။

ဒါ့အပြင် သူမရဲ့ သွေးပြန်ကြောထဲမှာ သွေးအချို့ တည်ရှိနေဆဲဖြစ်လို့ လူအများကို အံ့အားသင့်စေခဲ့ပါတယ်။၎င်းသွေးဟာ A သွေးအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။

အခုဆိုရင်တော့ Xin Zhui ဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခဲ့တဲ့ လူသားမမ်မီအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကမ္ဘာ့ မီဒီယာတွေထက်မှာ ဖော်ပြခံခဲ့ရပါတယ်။

Changsha အနီးရှိ လေကြောင်း အကာအကွယ် နေရာတစ်ခုအနီးမှာ တွင်းတူးနေကြတဲ့ အလုပ်သမားများဟာ သူမရဲ့ သင်္ချိုင်းကို ထိမိပြီး လဲကျသွားခဲ့ချိန်မှာ Xin Zhui ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။၁၉၇၁ ခုနှစ်က ဖြစ်ပါတယ်။

သူမရုပ်အလောင်းရှိနေရာ လှိုဏ်ခေါင်းထဲမှာတော့ မိတ်ကပ်၊ ရေချိုးခန်းသုံးပစ္စည်းများ၊ ရာနှင့်ချီသော ယွန်းထည်အပိုင်းအစများနဲ့ သူ့ကျွန်ဝန်ထမ်းများကို ကိုယ်စားပြုတဲ့ သစ်သားရုပ်တုများအပါအဝင် အဖိုးတန်ပစ္စည်း ၁,၀၀၀ ကျော်နဲ့တကွ စာရွက်စာတမ်းများကိုပါ တွေ့ရှိခဲ့ရပါတယ်။

ကွယ်လွန်ချိန်မှ နှစ်ပေါင်း ၂,၀၀၀ နီးပါးကြာမြင့်ပြီးနောက် တွေ့ရှိခဲ့ရတဲ့ Xin Zhui ရုပ်အလောင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေဟာ သုတေသီများအတွက် တကယ့်ကို အံ့အားသင့်စရာ ကိစ္စတစ်ခုအဖြစ် နာမည်ကျော်ကြားသွားခဲ့ရပါတော့တယ်။

သူမကို တူးဖော်တွေ့ရှိချိန်မှာ Xin Zhui ရဲ့ကိုယ်ခန္ဓာဟာ သက်ရှိလူသားရဲ့ အသားအရေလိုမျိုး အစိုဓာတ်နှင့် ပျော့ပျောင်းမှုတို့ဖြင့် ထိထိမိမိ နူးညံ့နေသေးကြောင်း တွေ့ရှိခဲ့ပါတယ်။

သက်ရှိလူသား တစ်ယောက်လိုမျိုး ဆံပင်၊ ဦးခေါင်းနဲ့ နှာခေါင်းအတွင်းပိုင်းအပြင် မျက်ခုံးနဲ့ မျက်တောင်များဟာလည်း လုံးဝကို ပျက်စီးခြင်းမရှိဘဲ မူလအတိုင်း တည်ရှိနေခဲ့ကြောင်း တွေ့ရှိခဲ့ရတာပါ။

သိပ္ပံပညာရှင်များရဲ့ ရှာဖွေတွေ့ရှိချက်အရ နွေရာသီဖြစ်တဲ့ ဖရဲသီးပေါ်တဲ့အချိန်မှာ Xin Zhui တစ်ယောက် သေဆုံးသွားခဲ့ကြောင်း၊ သူမရဲ့ အစာအိမ်ထဲမှာလည်း ဖရဲသီးအစေ့များကို တွေ့ရှိခဲ့ကြောင်း အတည်ပြုလို့သွားခဲ့ပါတယ်။ သေဆုံးပုံမှာ ဖရဲသီးစားပြီး နာရီအနည်းငယ်အတွင်းမှာပဲ နှလုံးထဖောက်ပြီး သေဆုံးသွားတယ်လို့ ဆိုကြပါတယ်။

လူတိုင်းကို အံ့အားအသင့်စေဆုံး အရာမှာ Lady Dai ကို သင်္ဂြိုဟ်ခဲ့တဲ့ လေလုံတဲ့ သင်္ချိုင်းပါ။ ပေ ၄၀ နီးပါးရှိတဲ့ မြေအောက်မှာ Xin Zhui ဟာ ထင်းရှူးသေတ္တာလေးခုအနက် အသေးငယ်ဆုံးသော ထင်းရှူးသေတ္တာအတွင်း ထားရှိခဲ့ပြီး မြှုပ်နှံခံခဲ့ရတာပါ။

အခေါင်းအောက်ခြေမှာ မြေဆီလွှာထူထပ်သော အလွှာတစ်ခု စီတန်းကာ အခေါင်းတစ်ခုလုံးကို အစိုဓာတ်စုပ်ယူနိုင်တဲ့ မီးသွေးဖြင့် ထုပ်ပိုးထားပြီး ရွှံ့စေးဖြင့် ဖုံးအုပ်ထားကာ အောက်ဆီဂျင်နှင့် ဆွေးမြေ့စေသော ဘက်တီးရီးယားများကို သူမရဲ့ အခေါင်းထဲကို ဝင်ရောက်စေခြင်းအား ကင်းဝေးစေခဲ့ပါတယ်။

ထို့နောက် ထိပ်ပိုင်းကို ရွှံ့စေးသုံးပေထပ်ဖြင့် ကာထားပြီး တည်ဆောက်ထားပုံဟာ ရေစိမ့်ဝင်မှုမှ ကာကွယ်ပေးခဲ့တယ်လို့ သုတေတီတို့က ခန္ဓာကိုယ် မပျက်စီးခဲ့ရခြင်း အကြောင်းအရင်းတွေကို သုံးသပ်ခဲ့ကြပါတယ်။

ဒါ့အပြင် ပိုထူးဆန်သည်မှာ သူမရဲ့ ခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်တဲ့ အရည်များ ၂၁ ဂါလံအထိ ပေါင်းစုံနေခဲ့ခြင်းပါပဲ။ အဆိုပါ အရည်တွေထဲမှာ အက်ဆစ် အနည်းငယ်သာရှိပြီး မဂ္ဂနီဆီယမ် အနည်းငယ်ပါဝင်နေတာကြောင့် ဒီအရည်မျိုးက သူမရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းရန် အထောက်အကူဖြစ်နိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။

ယနေ့အချိန်အထိတော့ သိပ္ပံပညာရှင်များယာ ယင်းအရည်ကို မည်သည့်အရည်ဖြစ်ကြောင်း မဖော်ထုတ်နိုင်ခဲ့ကြသေးပါဘူး။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *