Emergency Exit – အရေးပေါ်ထွက်ပေါက်

Emergency Exit – အရေးပေါ်ထွက်ပေါက်

Emergency Exit ဆိုတာ မြန်မာလိုတော့ အရေးပေါ်ထွက်ပေါက်လို့ ဘာသာပြန်ရင် ရမယ်ထင်ပါတယ်။

အရေးအကြောင်းဆိုရင် လွယ်ကူတဲ့နေရာကနေ ထွက်ခွာလွတ်မြောက်နိုင်ဖို့ အရေးကြီးပါတယ်။ ခုတစ်ခါတော့ ဒီအရာနဲ့ပါတ်သက်လို့ သိထားသမျှကို မျှဝေခြင်ပါတယ်။ မတိုက်ဆိုင်တာ လက်မခံနိုင်တာ ရှိရင်လဲ ကွန်မင့်မှာ ပြောခဲ့ကြပါအုံးလို့ တောင်းဆိုပါရစေ။

အိမ်တွေကို ဆောက်တဲ့အခါ ဒီအရာကို ထည့်သွင်းစဉ်းစားကြဖူးပါသလား။ အထပ်မြင့်အဆောက်အဦတွေအတွက် နောက်ဖက်မှာကြောင်လိမ်လှေခါးတွေ တပ်ဆင်ထားတာ မြင်ဖူးကြမှာပါ။

ဒီလှေခါးတွေဟာ ဟန်ပြမဟုတ်ဘဲ တကယ်ကြံ့ခိုင်နေဖို့လိုပါတယ်။ ဒါမှသာ သဘာဝ ဘေးအန္တရာယ် ( မီးလောင်တာ ငလျင်လှုပ်တာ ) နဲ့ကြုံတဲ့အခါ လွတ်မြောက်နိုင်တဲ့နေရာကို အလျင်မြန်ဆုံးသွားရောက်နိုင်မှာဖြစ်ပါတယ်။

အလားတူ လုံးခြင်းအိမ်ယာတွေဆိုလဲ ခြံဝန်းနဲ့အိမ်ကို အလုံကာတတ်ကြပါတယ်။ ပြူတင်းပေါက်တွေကိုလဲ သံချောင်း သံဇကာတွေ တထပ်ပိတ်တတ်ကြပါတယ်။ဒါတွေဟာ အရေးပေါ်လာရင် ကိုယ့်ထွက်ပေါက် ကိုပိတ်သလိုဖြစ်ကြရပါတယ်။ မီးလောင်မှုတချို့မှာ မသေသင့်ဘဲ သေရတာတွေဟာ ဒါကြောင့်ပါ။

ဒါဆို သူခိုးရန်ကို ဘယ်လိုလုပ်မလဲလို့မေးစရာရှိပါတယ်။ မိမိ မိသားစုသာ သိရှိတဲ့ ထွက်ပေါက်မျိုး စီစဉ်သင့်ပါတယ်လို့ အကြံပြုပါရစေ။ အဆင့်မီ ဟိုတယ်တိုင်းလိုလို အရေးပေါ်ထွက်ပေါက်တွေ ထားရှိကြပါတယ်။

ရထား၊ ကား နဲ့ သင်္ဘောတွေမှာ အရေးပေါ်ထွက်ပေါက်ကို အနီရောင်စာနဲ့ရေးသားပြီး မြင်လွယ်အောင်ပြုလုပ်ထားရပါတယ်။ ဒါမှလဲ ခရီးသည်တွေဟာ အလွယ်တကူ ထွက်ဖို့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။

အဓိကပြောချင်တာကတော့ လေယာဉ်ပါ။ လေယာဉ်တွေမှာ အရေးပေါ်ထွက်ပေါက်ကို ဘယ်လိုပြုလုပ်ထားတယ်ဆိုတာ ဥပဒေနဲ့ ပြဌာန်းသတ်မှတ်ပေးထားပါတယ်။

နိုင်ငံအလိုက် ယေဘူယျ သတ်မှတ်ချက်ကအတူတူပါ။ ဒါပေမဲ့ လေယာဉ်အမျိုးအစားအလိုက် သူ့ထက်ငါ ကောင်းအောင်ကြိုးစား တပ်ဆင်ကြပါတယ်။

အရေးပေါ်ထွက်ပေါက်လမ်းညွှန်ချက်တွေကို ခရီးသည်က အလွယ်တကူ ဖတ်ရှုနားလည်ပြီး အရေးပေါ်ရင် ဖွင့်တတ်အောင် ထွက်ပေါက်ပေါ်မှာဖြစ်ဖြစ် ဘေးနားမှာဖြစ်ဖြစ် ရေးသားထားကြရပါတယ်။

အရေးပေါ်ထွက်ပေါက် ဘယ်နေရာမှာရှိသလဲဆိုတာကို ရောင်ပြန် ဒါမှမဟုတ် မီးသီးများကို မြှားပုံသဏ္ဌာန်ထွန်းညှိပြီး လမ်းညွှန်ပြသပါတယ်။

ဒီအမှတ်အသားကို သင်က လေယာဉ် ကြမ်းပြင်ရဲ့လျောက်လမ်းပေါ်မှာတွေ့ရပါလိမ့်မယ်။ မြှားတွေရဲ့ဦးတည်ရာကို သွားရင် လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက်ကို ရောက်မှာပါ။

ဒါဆို မေးစရာရှိလာပါပြီ။ ဘာလို့ကြမ်းပြင်မှာ တပ်ထားသလဲ ခရီးသည်မြင်နိုင်တဲ့ အမြင့်မှာပြရင်ကော မရဘူးလားပေါ့။ မရပါဘူး။

လေယာဉ်များ အရေးပေါ်တာဆိုရင် ဥပမာ မီးလောင်နေတာမျိုး မီးခိုးကြောင့် သင်ဟာ လေယာဉ်ကိုယ်ထည်အတွင်း အပေါ်ခြမ်းကို မကြည့်မြင်နိုင်ပါဘူး။ အရေးပေါ် အခြေအနေမှာလဲ procedure အရ သင့်ခေါင်းကိုမထိအောင် ငုံ့ထားရမှာပါ။

ဒီအခါမှာကြမ်းပြင်က အလင်းရောင် အမှတ်အသားတိုင်း အရေးပေါ်ထွက်ပေါက်ဆီ ကို သွားလို့ရပါတယ်။ ပြီးရင်တော့ လေယာဉ်မောင်မယ်တွေ ညွှန်ကြားတဲ့အတိုင်း ထွက်ခွာရင်း ဘေးကင်းရာကိုသွားဖို့ပါဘဲ။

လေယာဉ်အကြီး၊အသေးအလိုက် ထွက်ပေါက်အရေအတွက်ကို ပြဌာန်းထားသလို ထွက်ပေါက်ကနေ မြေပြင် ပေါ် ချောမွေ့စွာ ဆင်းသက်နိုင်ဖို့ကိုပါ လေအိပ်လို လျောဆင်းလှေကားတွေပါရှိကြပါတယ်။

ပင်လယ်ပြင်မှာဆိုရင်လဲ အသက်ကယ်လှေလို အလိုအလျောက် လေဖြည့်သွင်းပြီး စီးနိုင်တဲ့ ရာဘာ‌ဖောင်တွေပါရှိကြပါတယ်။

ခရီးသည်တဦးချင်းစီအတွက် ထိုင်ခုံအောက်မှာ အသက်ကယ်ဝတ်စုံတခုပါပါတယ်။ ခလုပ်နှိပ်ယုံနဲ့ လေဖြည့်သွင်းပြီးသားဖြစ်ပြီး ရေပေါ်ပေါ်နေနိုင်ပါတယ်။ အချက်ပြမီး တပ်ဆင်ထားလို့ ကယ်ဆယ်သူများအလွယ်တကူ မြင်နိုင်ပါတယ်။

နောက်ထပ် လေယာဉ်မှာ အရေးပါ်အတွက် ထွက်စရာ နေရာတွေရှိပါသေးတယ်။ အလွယ်တကူ ချိုးဖြတ်နိုင်အောင် ပြုလုပ်ထားတဲ့‌ နေရာဖြစ်ပြီး အဲဒီနေရာမှာ အင်္ဂလိပ်လို Cut here in emergency လို့ရေးထားပါတယ်။

ဖြတ်ရမဲ့နေရာကိုလဲ မျဉ်းပြတ်များနဲ့ ရေးချယ်ပြသထားတာပါ။ လေယာဉ်အတွင်းမှာ ပုဆိန်ငယ်တလက်မှ နှစ်လက်အထိပါရှိပြီး အသုံးပြုနိုင်သလို အပြင်ဖက်မှာလဲ အလားတူရေးသားထားတဲ့အတွက် အပြင်က ကယ်ဆယ်သူများဟာ ဒီနေရာကနေ ခုတ်ဖြတ်ပြီးကယ်ဆယ်နိုင်မှာဖြစ်ပါတယ်။

စာရေးသူအမြင်ကတော့ အပြင်ပန်း အိမ် ၊ကား ၊ရထား ၊သင်္ဘော လေယာဉ်တွေတင်မကပါဘူး။ လူသားတွေဟာ မိမိဘဝမှာလဲ အရေးပေါ်ထွက်ပေါက်လို့ ပြောရမဲ့ Plan B တစ်ခုတော့ ကြိုတင်ပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.