ပိုဆီဒွန် ကမ္ဘာဖျက် တော်ပီဒို

ပိုဆီဒွန် ကမ္ဘာဖျက် တော်ပီဒို

ဒီတစ်ခါတော့ ကမ္ဘာ့တိုက်ကြီးတစ်တိုက်လောက်ကို ဖျက်နိုင်တဲ့အစွမ်းရှိတဲ့ တော်ပီဒိုအကြောင်း ရှာဖွေတင်ပြလိုက်ပါတယ်။

အဲဒီတော်ပီဒို အမည်ကတော့ ပိုဆီဒွန် (Poseidon) ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့သူကတော့ ရုရှားပါ။

ဒီတော်ပီဒိုဟာ ရိုးရိုးတော်ပီဒို မဟုတ်ပါဘူးတဲ့။အလိုအလျောက် လူမဲ့မောင်းနှင်နိုင်တဲ့ ရေအောက်သွား တိုက်ချင်းပစ် အမျိုးအစားဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ကိုရေငုပ်သင်္ဘောကနေ ရိုးရိုးတော်ပီဒိုလိုပဲ ပစ်လွှတ်နိုင်ပါတယ်။ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်ပြီး သူ့ရဲ့ပေါက်ကွဲအားဟာ ဆူနာမီရေလှိုင်းတွေဖြစ်စေနိုင်ပါတယ်တဲ့။

ကမ်းခြေမြို့တွေဆိုရင် ဆူနာမီကြောင့်ပျက်ဆီးကုန်မှာပါ။ ဒါကြောင့် သူ့ကို ကမ္ဘာဖျက် တော်ပီဒို ( Doomsday Torpedo) လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

ပိုဆီဒွန် ဟာ ပင်လယ်တစ်ခုလောက်ကို လျင်မြန်တဲ့အရှိန်နဲ့ ဖြတ်သန်းသွားနိုင်ပါတယ်။ ဒါက တကယ်လား ခြိမ်းခြောက်မှုတစ်ခုလား မေးစရာရှိပါတယ်။

ပိုဆီဒွန်ကို ၂၀၁၅ ခုနှစ်မှာ ချပြခဲ့ပြီး ဗျက်အကျယ် ၆ ပေ ခွဲရှိပြီး အရှည်ကတော့ ၆၅ ပေတောင် ရှည်ပါသတဲ့။အမြန်နှုန်းကတော့ တစ်နာရီကို ၇၀ နော်တီကယ်မိုင် ( ရေမိုင် ) သွားနိုင်ပါတယ်။

နျူကလီးယားစွမ်းအင်နဲ့မောင်းနှင်နိုင်တာမို့ အကွာအဝေးကတော့ ကြိုက်သလောက်သွားနိုင်တယ်လို့ ပြောရမှာပါ။ ပိုဆီဒွန်ဟာ ပစိဖိတ်နဲ့ အတ္တလန်တစ် သမုဒ္ဒရာကိုတောင် ဖြတ်သန်းနိုင်ပါတယ်။

သူ့ရဲ့မြန်နှုန်းကြောင့် ကြားဖြတ် ထောက်လှမ်းဖို့ ခက်ခဲပါတယ်။ ကိုယ်ပျောက်နည်းပညာ ( stealth tech, )သုံးထားတယ်ဆိုတော့ ရေဒါမှာလဲ မတွေ့နိုင်ပါဘူးတဲ့။ အသံလှိုင်းနဲ့ခြေရာခံဖို့လဲ မရပါဘူး။

အစောပိုင်း ခန့်မှန်းချက်တွေအရ မီဂါတန် ၁၀၀ ရှိတဲ့ သာမို နျူကလီးယားထိပ်ဖူးတပ်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါကြီးကို ကမ်းခြေနားမှာ ကပ်ပြီးဖေါက်ခွဲလိုက်မယ်ဆိုရင် မမျှော်လင့်သော အပျက်အဆီးတွေ၊ သေကြေမှုတွေ ကြုံရပါလိမ့်မယ်။

ရေဒီယိုသတ္တိကြွမှုတွေပါဝင်တဲ့ ဆူနာမီလှိုင်းလုံးကြီးတွေက ကမ်းနားတလျောက်က မြို့ရွာတွေကိုဖျက်ဆီးပါလိမ့်မယ်။

ဒါပေမဲ့ ပိုဆီဒွန် တကယ်တမ်းထွက်ရှိလာချိန်မှာတော့ သူဟာ ၂ မီဂါတန် ထိပ်ဖူးလောက်ပဲ တပ်ဆင်နိုင်ပါတယ်။ ကမ်းခြေက မြို့ရွာတွေကိုတော့ ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။

တော်ပီဒိုရဲ့ကိုယ်ထည်ကို တိုက်တေနီယမ်နဲ့ပြုလုပ်ထားတယ်လို့ မှန်းဆရပါတယ်။ဒါမှလဲ ရေနက်ပိုင်းဖိအားကိုခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ သူ့ကို ရေငုပ်သင်္ဘောရဲ့အောက်ပိုင်မှာ တပ်ဆင်ရတာပါ။

ရုရှားဟာ ဒီတော်ပီဒိုကို အာတိတ် ရေခဲပြင်အောက်မှာလဲ ဖြန့်ကျက်ထားဖို့ စဉ်းစားနေပါတယ်။ ဒီလိုနေရာက ပစ်လွှတ်ရင် ထောက်လှမ်းဖို့ ပိုခက်ခဲစေမှာပါ။

တဖက်ကကြည့်ပြန်တော့လဲ ဒါက ကြောက်စရာ ခြောက်လုံးလှန့်လုံးလဲ ဖြစ်နိုင်ပါတယ်။လောလောဆယ်တော့ မော်စကိုဟာ ပိုဆီဒွန် ရေငုပ်သင်္ဘောလေးစီးမှာသာ ဖြန့်ချထားနိုင်ပါသေးတယ်။ နှစ်စီးက မြောက်ပိုင်းအုပ်စုမှာဖြစ်ပြီး နောက်နှစ်စီးကတော့ ပစိဖိတ်သမုဒ္ဒရာမှာပါ။

တခြားပြဿနာတွေလဲရှိပါသေးတယ်။ သူ့ကိုတပ်ဆင်ဖို့ အရွယ်အစားကြီးမားတဲ့ Bolgorov အမျိုးအစားရေငုပ်သင်္ဘော လိုပါတယ်။ ရုရှားဟာ ပိုဆီဒွန်ကို ၃၀ လောက်အထိ ထုတ်လုပ်ဖို့မှန်းထားပါတယ်။

သင်္ဘောတစ်စီးကို တော်ပီဒို ၆ လုံးသယ်ဆောင်နိုင်ဖို့ မှန်းထားပေမဲ့ ခုထိတော့ Bolgorov ကလဲ တစ်စီးဘဲရှိပါတယ်။ ၆၀၃ ပေရှည်တဲ့ Bolgorov ဟာ ၁၉၉၂ ခုနှစ်ထဲက ဒုံးကျည်တင်အဖြစ် သုံးနေတာပါ။ အခုမှာ ကိုယ်ထည်ကိုပြင်ဆင်ထားတာဖြစ်ပါတယ်။

ရုရှားကတော့ Bolgorov ဟာ ပဉ္စမမျိုးဆက် ရေငုပ်သင်္ဘောလို့ ကြွားနေတာပါ။ ၂၀၁၈ ခုနှစ်တုန်း နျူအားသုံး Loshark အမျိုးအစား ရေငုပ် သင်္ဘောတစ်စီး အတွင်းမှာ မီးလောင်မှုဖြစ်ပြီး ပျက်ခဲ့ဘူးပါတယ်။ဒါကြောင့် Bogorove စီမံကိန်းဟာ တုံ့နှေးသွားပါတယ်။

၂၀၂၀ ခုနှစ်တုန်းက Bogorove ကို ပင်လယ်ပြင်မှာ စမ်းသပ်ခဲ့ပါသေးတယ် ဘာကြောင့်မှန်းမသိပေမဲ့ စမ်းသပ်ပြီးတာနဲ့ ကမ်းကပ်ပြီး Dock တင်ထားတာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ကတည်းကပါ။

အီလက်ထရောနစ် ပစ္စည်းတွေကလဲ ယူကရိန်းကျူးကျော်စစ်ကြောင့် ပိတ်ဆို့ခံခဲ့ရလို့ ပိုဆီဒွန်ဟာ အခြားသော စစ်လက်နက် တွေလိုဘဲ စမ်းသပ်ဆဲအဆင့်နဲ့ရပ်တန့်နေဖွယ်ရှိပြီး လက်တွေ့ဖြစ်မလာပါစေနဲ့လို့ ဆုတောင်းလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *