ထိုင်းနိုင်ငံရှိ လည်ပတ်စရာအကောင်းဆုံး ကျွန်းများ

ထိုင်းနိုင်ငံရှိ လည်ပတ်စရာအကောင်းဆုံး ကျွန်းများ

ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက် လည်ပတ်ရာနေရာတစ်ခုဖြစ်ပေသည်။

နိုင်ငံပိုင်နက်အတွင်းရှိ ကျွန်းများမှာ လှပပြီး ခရီးသွားများ လာရောက်လည်ပတ်စရာ အကောင်းဆုံးနှင့် ဆွဲဆောင်မှု အရှိဆုံးနေရာများအဖြစ် ထင်ရှားကျော်ကြားလှပါသည်။ ၎င်းကျွန်းများအကြောင်းကို ထုတ်နုတ်ဖော်ပြလိုက်ရပါသည်။

၁။ ခိုယိုးကျွန်းများ (Ko Yao)

ဖူးခက်ကျွန်းမှ စပိဘုတ်ဖြင့် မိနစ် ၃ဝ သာ စီးနင်းရသည့် အကွာအဝေးတွင်ရှိသော အမြွှာကျွန်းများဖြစ်သည့် ခိုယိုးယိုင်နှင့် ခိုယိုးနွိုင်တို့မှာ ဖူးခက်နှင့် များစွာကွဲပြား ခြားနားမှုမရှိပေ။

ကျွန်း ၂ ကျွန်းစလုံးတွင် သပ်ရပ်ခံ့ညားသော အခန်းများရှိသည့် နေအိမ်များရှိသော်လည်း ယိုးနွိုင်ကျွန်းမှာ ကြိုတင်အခန်းမှာယူထားရန် အကောင်းဆုံးဖြစ်သည်။

ကျွန်းများတွင် ရော်ဘာစိုက်ခင်းများနှင့် စပါးခင်းများ ကျယ်ပြန့်စွာရှိနေပြီး ပင်လယ်စာ ကောင်းကောင်းရသည့် စားသောက်ဆိုင်များလည်းရှိသည်။

၂။ ခိုစမွီကျွန်း (Koh Samui)

မိသားစုများနှင့် ပထမဆုံးလာရောက်သူများ၊ ဟန်းနီးမွန်းထွက်သည့် စုံတွဲများနှင့် ယောဂလေ့ကျင့်လိုသူများ သွားရောက်ရန် သင့်တော်သည့်နေရာ ဖြစ်သည်။ ခိုစမွီမှာ မူလလက်ဟောင်း ထိုင်းကျွန်းတစ်ကျွန်းဖြစ်သည်။

တစ်ကိုယ်တော်ခရီးသွားများအတွက် အာရုံခံစားရန်ကောင်းသော ကမ်းခြေများ၊ ဈေးသက်သာစွာဖြင့် အနားယူနိုင်သည့် တဲများရှိပြီး ကမ္ဘာပေါ်တွင် အကောင်းဆုံးဇိမ်ခံကမ်းခြေအပန်းဖြေစခန်းတစ်ခုဖြစ်နေကာ အကောင်းဆုံးကမ်းခြေဟိုတယ် များနှင့် ပထမတန်းစား Spa များလည်း ရှိသည်။

၃။ ခိုတောင်ကျွန်း (Koh Tao)

စကူဘာဒိုင်ဗင်သမားများ (ပင်လယ်ရေအောက် ဒိုင်ဗင်) အတွက် ထိုင်းနိုင်ငံတွင် အကောင်းဆုံးကျွန်း ဖြစ်သည်။

လိပ်ကျွန်းဟုအမည်ရသော ခိုတောင်ကျွန်းကမ်းခြေတွင် အုပ်ဆိုင်းသည့် ပင်လယ်ကွေ့ငယ်များ၊ လှပသည့် မီးအိမ်များထွန်းညှိထားသော စားသောက်ဆိုင်များနှင့် ဒိုင်ဗင်ထိုးရန်နေရာများ အစီအရီ ရှိနေကြသည်။

ခရီးသွားအများစုမှာ ပင်လယ်ပြင်ဒိုင်ဗင်ထိုးရန် လာရောက်ကြခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော်လည်း အကောင်း ဆုံးသော ညဘက်လည်ပတ်ရန်နေရာများ၊ လပြည့်ည ပါတီပွဲကဲ့သို့သော အခြားပျော်ရွှင်စရာနေရာများလည်း ရှိသည်။

၄။ ဖူးခက်ကျွန်း (Phuket)

ထိုင်းနိုင်ငံတွင် အကြီးဆုံးကျွန်းဖြစ်သည့် ဖူးခက်ကျွန်းသည် အလွန်ထင်ရှားကျော်ကြားသည်။ဝန်ဆောင်ခ ဈေးနှုန်းများမှာ ထိုင်းနိုင်ငံ၏ အခြားဒေသများထက် ပိုမိုကြီးမြင့်သော်လည်း ကွဲပြားခြားနားမှုများနှင့်မတူညီသော ပျော်ရွှင်စရာများကို တွေ့ရှိနိုင် ခြင်းဖြစ်သည်။

နေပူဆာလှုံခြင်း၊ ရေကူးခြင်း၊ ပင်လယ် ရေအောက်ရေကူးခြင်း၊ ဂျက်စကီးစီးခြင်း၊ ရွက်လွှင့်ခြင်း၊ ပင်လယ်ကမ်းခြေအနှိပ်ခံခြင်း၊ စက်လှေဖြင့်ခရီး သွားခြင်းအပြင် အခြားသော များပြားသည့် လည်ပတ်စရာများလည်းရှိသည်။

ကြီးမားသောဗုဒ္ဓရုပ်ပွားတော်ကြီး၊ ဝမ်ချာလောင်၊ ကျူအီတွီနှင့် ဖူးခက်မြို့ဟောင်း တို့အပါအဝင် ယဉ်ကျေးမှုဆိုင်ရာနေရာများကိုလည်း သွားရောက်လည်ပတ်နိုင်သေးသည်။

ထိုင်းရိုးရာဟင်းလျာများမှသည် ပင်လယ်စာများ၊ နိုင်ငံတကာဟင်းလျာများအထိ ရရှိနိုင်သည်။ ညဈေးများနှင့် မွေထိုင်း လက်ဝှေ့ပွဲများလည်း ကြည့်ရှုနိုင်သေးသည်။

၅။ ခိုချန်ကျွန်း (Koh Chang)

ခိုချန်ကျွန်းသို့ ရောက်ရှိသွားလျှင် ၎င်း၏ သဘာ၀အလှအပနှင့် သက်သောင့်သက်သာရှိသည့် အနေအထားက စိတ်၏လန်းဆန်းမှုကို ရရှိနိုင်ပေလိမ့်မည်။

ဖူးခက်ကျွန်းပြီးလျှင် ထိုင်းနိုင်ငံတွင် ဒုတိယမြောက် အကြီးဆုံးကျွန်းဖြစ်ပြီး အခြားကျွန်းများထက် တောင်ကုန်း၊ တောင်တန်းပေါများသော မြေအနေ အထားက စိန်ခေါ်မှုပိုမိုကြီးမားပြီး စိတ်လှုပ်ရှားဖွယ်ရာဖြစ်သည်။

ခိုချန်ကျွန်းတွင် ကမ်းခြေပေါင်းများစွာရှိပြီး လှပသောသဲသောင်ပြင်များလည်းရှိသည်။ အတွင်းပိုင်းတွင် နှစ်သက်ဖွယ်ရာ ရေတံခွန်များနှင့် ဘုရားကျောင်းများလည်း တည်ရှိသည်။

၆။ ခိုလန်တာကျွန်း (Koh Lanta)

ခိုလန်တာကျွန်းမှာ ကရာဘီမြို့နှင့် နီးကပ်သော်လည်း ထိုင်းနိုင်ငံတောင်ပိုင်း၏ ကြီးမားဖွံ့ဖြိုးတိုးတက်သော အဆောက်အအုံများနှင့် ရှောင်လွှဲနိုင်သော အေးချမ်းသည့် နေရာတစ်ခုဖြစ်သည်။

ကြီးမားကျယ်ပြန့်ပြီး စိတ်လက်အေးချမ်းမှုရှိကာ မိသားစုများ အားလပ်ရက် အပန်းဖြေရန် ထင်ရှားသော နေရာတစ်ခုလည်းဖြစ်သည်။ ခိုလန်တာကျွန်းတွင် သီးခြားတည်ရှိသော ပင်လယ်ကမ်းခြေ ၉ ခုရှိပြီး ပျော်ရွှင်စရာနေရာအချို့လည်းရှိသည်။

ခိုလန်တာသို့ သွားလိုလျှင် ကရာဘီ လေဆိပ်မှ Express ယာဉ်၊ မီနီဗင်နှင့် စပိဘုတ်များ စီးနင်းကာ ၂ နာရီနီးပါး အချိန်အတွင်း ရောက်ရှိနိုင်သည်။

၇။ ခိုလီပီကျွန်း (Koh Lipe)

၁၉၉၀ ပြည့်လွန်နှစ်များက ခိုလီပီကျွန်းသည် ဝေးလံကာ အပူပိုင်းကျွန်းတစ်ခုဖြစ်ပြီး အံ့အားသင့်ဖွယ်ရာ ပင်လယ်ကမ်းခြေများ၊ ကြည်လင်သောရေ နှင့် ပင်လယ်စာများကြောင့် ထင်ရှားကျော်ကြားသည်။

ထိုင်းတောင်ပိုင်း ဆာတန်ပြည်နယ်အနီးတွင်တည်ရှိကာ ထိုင်း၊ မလေးရှားနယ်စပ်နှင့်နီးကပ်ပြီး အနုံရာဝီ ကျွန်းဆွယ်လည်း တည်ရှိနေသည်။

မူလက ပင်လယ် ဂျစ်ပစီများ နေထိုင်ကြပြီး ခရီးသွားလုပ်ငန်းတိုးတက်လာမှုကြောင့် အလျင်အမြန်တိုးတက်လာကာ ၎င်းကျွန်းကမ်းခြေများမှာ ထိုင်းနိုင်ငံ၏ အကောင်းဆုံးကမ်းခြေများထဲတွင် ပါဝင်နေဆဲဖြစ်သည်။

၈။ ဆီမီလန်ကျွန်းများ (similan island)

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဆီမီလန်ကျွန်းများမှာ သန့်ရှင်း၍ လှပသောကမ်းခြေများရှိပြီး သွားရောက်လည်ပတ်ရန် အကောင်းဆုံးနေရာလည်းဖြစ်သည်။ သဘာဝပင်လယ်ရေကြောင်း ဥယျာဉ်အဖြစ် ကာကွယ်စောင့်ရှောက်ထားသော ၎င်းကျွန်းများကို အောက်တိုဘာလနှင့်မေလအကြားတွင်သာ သွားရောက်နိုင်သည် ဟုသိရသည်။

ပင်လယ်ရေငုပ်ခြင်းနှင့် ရေအောက်စူးစမ်းလေ့လာခြင်းတို့အတွက် အကောင်းဆုံးနေရာတစ်ခု အဖြစ်သတ်မှတ်ထားသည်။ ဆီမီလန်ကျွန်းများ၏ အလယ်တွင် စီးပွားဖြစ် ငါးဖမ်းခြင်းကို ပိတ်ပင်တားမြစ်ထားခြင်းကြောင့် ပင်လယ်ရေပြင်အနေအထားမှာ ကြည်လင်သပ်ရပ် သန့်ရှင်းလျက်ရှိသည်။

Author:ခေတ်ညီ

Leave a Reply

Your email address will not be published.