အာဖဂန် သို့မဟုတ် စစ်သွေးကြွနိုင်ငံတော်

အာဖဂန် သို့မဟုတ် စစ်သွေးကြွနိုင်ငံတော်

အာဖဂန်ကို စူပါပါဝါနိုင်ငံကြီးတွေရဲ့ သင်္ချိုင်းလို့ ဆိုကြ ပါတယ်။ အာဖဂန်မြေမှာ နေမဝင်အင်ပါယာလည်း ကျရှုံးရတယ်။ ဆိုဗီယက်အင်ပါယာလည်း ကျရှုံးရတယ်။ နောက်ဆုံး အမေရိကန်တောင် ကျရှုံးပြီး နောက်ဆုတ်ခဲ့ရပါတယ်။

ဒါဟာ ပါဝါကြီးတွေရဲ့ ရှုံးနိမ့်မှူလို့ ပြောနေကြပေမဲ့ ပါဝါကြီးတွေအတွက်တော့ ဒီမြေက ထွက်သွားရတာကိုက အရှုံးကို ကျောခိုင်းလိုက်တာပါ။

ဘာလို့လည်းဆိုတော့ အာဖဂန်မြေဟာ ခေတ်နောက်ပြန်ဆွဲမှုတွေ၊ စစ်ဘုရင်တွေ မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ဘာသာရေး အစွန်းရောက်မှုတွေနဲ့ နက်ရှိုင်းစွာ အရိုးစွဲနေတဲ့ ရှုံးနိမ့်ကျဆုံးနေတဲ့ နိုင်ငံတစ်ခုမို့ပါ။

တကယ်တော့ အာဖဂန်ဟာ သမိုင်းကြောင်း ကောင်းခဲ့တဲ့ နိုင်ငံတစ်ခုပါ။ အိမ်နီးချင်း အိန္ဒိယကိုတောင် မဂိုဧကရာဇ်ခေတ် ကုန်ခါနီးမှာ လွှမ်းမိုးနိုင်ခဲ့ဖူးပါတယ်။ ပန်ဂျပ်တို့ ပရှ်ဝါတို့ဆိုတာ အာဖဂန်ရဲ့ လက်အောက်ခံတွေပါ။

အာဖဂန်က ဆက်ဒိုဇိုင်းမင်းဆက်ဟာ ပါရှား (ယခု အီရန်)က ရှီယာမင်းဆက်နဲ့လည်း သင့်မြတ်ခဲ့ပြီး ခမ်းနားကြီးကျယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ဘူးပါတယ်။

အလယ်ခေတ်မှာ ကန်ဒါဟာဟာ ပါရှားလက်အောက်ရောက်ခဲ့ပေမဲ့ အာမက်ရှား ဒူရာနီလက်ထပ်မှာ အာဖဂန်ဟာ အရမ်းအင်အားကြီးမားတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့သလို နဒီယာရှားဆိုတာဟာလည်း အာဖရန်ရဲ့ အထင်ရှားဆုံး ဘုရင်တစ်ပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉ ရာစုမှာတော့ ဗြိတိသျှလက်အောက် ရောက်ခဲ့ရပါတယ်။

ဒီအင်္ဂလိပ်-အာဖဂန်စစ်ပွဲတွေအတွင်းမှာ အာဖဂန်တွေရဲ့ စစ်သွေးကြွ ဘာသာရေးအစွန်းရောက် စိတ်ဓာတ်ကို အင်္ဂလိပ်တွေ စတင် သတိပြုမိခဲ့ပါတယ်။

အာဖဂန်တွေကို စစ်နိုင်အောင် တိုက်လို့ရတယ်။ ဒါပေမဲ့ အုပ်ချုပ်လို့တော့ မရဘူးဆိုတာ အင်္ဂလိပ်တွေ ကောင်းကောင်း သိသွားပါတယ်။

အင်္ဂလိပ်တွေအမှားမျိုး ထပ်ကျုးလွန်းတာက စစ်အေးခေတ် ဆိုဗီယက်ပါ။ ဘရက်ဇညက်ဟာ မဖြစ်နိုင်တဲ့ စစ်ပွဲကို ခေါင်းမာမာနဲ့ ဆက်လက် ဆင်နွဲခဲ့သူပါ။

ဆိုဗီယက်ရဲ့ရန်သူ အမေရိကန်နဲ့ နေတိုးနိုင်ငံတွေဟာလည်း မူဂျာဟစ်ဒင်တွေကို ထောက်ပံ့ပေးပြီး ဆိုဗီယက်ကို အထိနာစေခဲ့ပါတယ်။ ဂေါဘာချော့လက်ထပ်ရောက်မှ စစ်နွံထဲကနေ ဆိုဗီယက် ရုန်းထွက်နိုင်ခဲ့ပါတယ်။

၂၀၀၁ ခုနှစ်၊ အိုစမာဘင်လာဒင်နဲ့ 9/11 ကိစ္စမှာ အမေရိကန်ဟာ တာလီဘန်ကို ဗုံးကြဲဖြုတ်ချပြီး ဆယ်စုနှစ်နှစ်စုကြာ စစ်နွံထဲ နစ်မြှုပ်ခဲ့ပြန်ပါတယ်။ အာဖဂန်ဟာ ထိန်းချုပ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ဖို့ အလွန်ခက်တဲ့နိုင်ငံဆိုတာ အင်္ဂလိပ်တွေလို အမေရိကန်လည်း ကောင်းကောင်း သဘောပေါက်သွားခဲ့ပါတယ်။

အမေရိကန် ထူထောက်ပေးမှုမှန်သမျှ အဂတိတွေနဲ့ လှိုက်စားနေတာကို အမေရိကန် အသိနောက်ကျပြီး နောက်တော့ အာဖဂန်က ဆုတ်ခွာဖို့ ပြင်ပါတော့တယ်။

၂၀၂၀ ခုနှစ် သမ္မတ ထရန့်လက်ထပ်မှာ အာဖဂန်က ဆုပ်ခွာဖို့ ကြေညာပါတယ်။ မေလမှာ တော့ တာလီဘန်-အမေရိကန်ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးလိုက်ရပါတယ်။

၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၅ မှာတော့ ကဘူးမြို့ထဲကို တာလီဘန်တွေ ဝင်ရောက်လာပြီး အာဖဂန်ဟာ နောက်တစ်ကြိမ်အမှောင်ခေတ်ဆီ ပြန်ရောက်သွားပါတော့တယ်။

အာဖဂန်ရဲ့သမိုင်းဟာ တခြားနိုင်ငံရဲ့ သမိုင်းတွေရဲ့ နိဂုံးလို အာဏာရှင်လက်အောက်က လွတ်ပြီး ငြိမ်းချမ်းလေသတည်းလို့ နိဂုံးမချုပ်နိုင်ပဲ အစွန်းရောက် တာလီဘန်လက်အောက် ပြန်ရောက်သွားခြင်းနဲ့ နိဂုံးချုပ်ခဲ့ရပါတယ်။

ကမ္ဘာကြီးအလယ်မှာတော့ အာဖဂန်ဟာ အသွေး အသားထဲက ကိုယ်၌ အစွန်းရောက် ဘာသာရေးအစွဲအလန်းတွေနဲ့ ဖွဲ့တည်ထားပြီး ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ ဝါဒတွေ စနစ်တွေ ဘာတစ်မှ လက်ခံနိုင်စွမ်းမရှိတဲ့ အင်အားစုတွေ ကြီးစိုးနေတဲ့ နိုင်ငံတစ်ခုပါ။

အဲ့ဒီအသိုက်အဝန်းထဲ အရိုးစွဲနေတဲ့ အရှိတရားဟာ အစ္စလာမ်။ ရှဒီယတ်နဲ့ ဂျီဟာဒ်ပါပဲ။ ဒါကြောင့် အာဖဂန်ဟာ သမိုင်းရှေ့တက်မရဘဲ အာဖဂန်မြေဟာ အစ္စလာမ်အစွန်းရောက်တွေရဲ့ အောင်မြေ ဖြစ်နေပြီး ဘယ်တော့မှ စစ်မီးမငြိမ်းနိုင်တဲ့ ကျိန်စာမိ နယ်မြေဖြစ်ခဲ့ရပါတယ်။

ယခု တာလီဘန် တစ်ခေတ်မှာလည်း ယခင်လိုအကြမ်းဖက် အုပ်စုတွေရဲ့ အောင်မြေနဲ့ စစ်ပွဲသံသရာထဲ ပြန်ရောက်သွားမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်သလို လက်ငင်းကတော့ အာဖဂန်လူထုရဲ့ အခွင်အရေးမှန်သမျှ နိဂုံးချုပ်မှာတော့ သေချာသွားပါပြီ။ အာဖဂန်လူထုဟာ အကြောက်တရားတွေအောက် အနာဂတ်တွေ ပျောက်နေဆဲပါပဲ။

ကိုကိုလေး(မြန်မာပြန်) ၏ “အာဖဂန်နစ်စ္စတန် သမိုင်း (၁၂၆၀ မှ ယနေ့ထိ)” စာအုပ်မှ ကောက်နှုတ်ထားပါသည်။

Leave a Reply

Your email address will not be published.