ဆယ်စုနှစ်တစ်ခုအကြာ သခင်ပြန်အလာကို စောင့်ဆိုင်းနေရင်း သေဆုံးသွားခဲ့တဲ့ ခွေးလေး

ဆယ်စုနှစ်တစ်ခုအကြာ သခင်ပြန်အလာကို စောင့်ဆိုင်းနေရင်း သေဆုံးသွားခဲ့တဲ့ ခွေးလေး

Hachiko ဟာ ဂျပန်လူမျိုးများအတွက် တော့ နိုင်ငံတော် သူရဲကောင်းတစ်ဦးဖြစ်ပါတယ်။

ကမ္ဘာအနှံ့မှာ နာမည်ကျော်ကြားသွားခဲ့လို့ သူ့အကြောင်းကိုလည်း ရုပ်ရှင်တွေမှာ အများကြီး ရိုက်ပြခဲ့ဖူးတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုရှိ ၊ ရှီဘူယာ မီးရထားဘူတာဘေးမှာ သူ့ရဲ့ ကိုယ်ပိုင်ကြေးရုပ်တုလေးရှိပြီး နေ့စဉ် လူရာနှင့်ချီ၍ ဓာတ်ပုံရိုက်လေ့ရှိပါတယ်။ ဟောလီးဝုဒ်ကတောင်မှ Hachiko အကြောင်းကို ဇာတ်ကားတစ်ကား ရိုက်ခဲ့ဖူးပါတယ်။

ဒါဆို Hachiko ဇာတ်လမ်းက ဘာကြောင့် ဒီလောက် နာမည်ကြီးရတာလဲ လို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။ ကောင်းပြီ၊ ခွေးလေး Hachiko ရဲ့အကြောင်းကို အံ့သြဖွယ်၊ အလွန်ဝမ်းနည်းဖွယ်ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြပေးသွားချင်ပါတယ်။

တစ်ချိန်က Hachiko လို့ အမည်ပေးထားတဲ့ ခွေးတစ်ကောင်ရှိတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်မှ စိုက်ပျိုးရေးသိပ္ပံ ပါမောက္ခ Eizaburo Ueno ဟာ မျိုးရိုးသန့်သန့် ဂျပန် Akita ခွေးတစ်ကောင်ကို လိုချင်နေတာ ကြာခဲ့ပါပြီ။

ပြီးပြည့်စုံတဲ့ Akita ခွေးကလေးကို အချိန်အတော်ကြာအောင် လိုက်ရှာခဲ့ပြီး သူ့ကျောင်းသားတွေထဲက တစ်ယောက်က ဂျပန်နိုင်ငံ Akita စီရင်စုရှိ Odate မြို့ကနေ Hachiko ကို မွေးစားဖို့ တိုက်တွန်းခဲ့ပါတယ်။

Hachiko (သို့) Hachi ဟာ သူ့ရဲ့ အမည်ပြောင်လေးဖြစ်လာပြီး မကြာမီမှာပဲ သူ့ပိုင်ရှင်အသစ်နဲ့ အကောင်းဆုံးသူငယ်ချင်းများ ဖြစ်လာခဲ့ကြပါတော့တယ်။

Eizaburo သည် သူ၏ချစ်လှစွာသော ခွေးလေးကို ချစ်မြတ်နိုးပြီး သူ့သားအရင်းအဖြစ် ဆက်ဆံကျွေးမွေးခဲ့ပြီး သူတို့နှစ်ယောက်က ခွဲလို့မရတော့တဲ့အထိ သံယောစဥ်တွေ အမြစ်တွယ်ခဲ့ကြပါတော့တယ်။

Hachiko အသက်ကြီး လာတာနှင့်အမျှ သူ့ပိုင်ရှင်ဟာ တိုကျိုမြို့လယ်ရှိ ရှီဘူယာ ရထားဘူတာရုံမှာ နံနက်ခင်းအလုပ်ဆင်းတာကို စတင်တွေ့မြင်ရပြီး ညနေပိုင်းမှာ အလုပ်မှ ပြန်လာတဲ့အခါ ဘူတာရုံမှာ သူ့သခင်လာရာလမ်းကို စောင့်မျှော် ကြိုဆိုလေ့ရှိပါတယ်။

Hachiko မွေးဖွားပြီး ၂ နှစ်သား အရွယ် ၁၉၂၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ Hachiko ဟာ Shibuya ရထားဘူတာရုံ ထွက်ပေါက်မှာ သူ့ချစ်လှစွာသော သခင် Eizaburo ကို စောင့်ဆိုင်းနေခဲ့ပေမယ့် သူ့ပိုင်ရှင်ကတော့ ပြန်မလာခဲ့ပါဘူး။

သူ့သခင် Eizaburo ဟာ ဦးနှောက်သွေးကြောပေါက်ပြီး အလုပ်မှာ ရုတ်တရက် မမျှော်လင့်ဘဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Hachiko Ueno မိသားစုက ဥယျာဉ်မှူးဟောင်းတစ်ဦးနှင့် ပြောင်းရွှေ့နေထိုင်ခဲ့ပေမယ့် သူ့ရဲ့ကျန်တဲ့ ဆယ်နှစ်တာ သက်တမ်းတစ်လျှောက်မှာ ရထားပြန်လာချိန်ကို မနက်တိုင်း ရှီဘူယာဘူတာရုံမှာ စောင့်မျှော်နေခဲ့တယ်။

ဝမ်းနည်းစွာနဲ့ပဲ ပြန်မလာနိုင်တော့တဲ့ သူ့ချစ်ရတဲ့ ပိုင်ရှင် ပြန်အလာကို စိတ်ရှည်ရှည်နဲ့ နာရီပေါင်းများစွာ ထိုင်စောင့်နေခဲ့တယ်။

ဂျပန်သတင်းစာအကြီးစား သတင်းထောက်တစ်ဦးက ၁၉၃၂ ခုနှစ်မှာ Hachiko ရဲ့ ဇာတ်လမ်းကို ရေးသား ထုတ်ဝေခဲ့ရာ Hachiko ယာ ဂျပန်နိုင်ငံ တစ်ဝှမ်းတွင် ကျော်ကြားသူ ဖြစ်လာခဲ့ပါတော့တယ်။

လူတွေက သူ့ကို “Chuken-Hachiko” လို့ အဓိပ္ပါယ်ရပြီး “သစ္စာရှိတဲ့ ခွေးလေး” လို့ ခေါ်ဝေါ်ကြပါတယ်။ ဘယ်တော့မှ လက်မလျှော့ခဲ့တဲ့ ခွေးလေးရဲ့ ဇာတ်လမ်းဟာ နိုင်ငံတွင်း မီဒီယာတွေမှာလည်း အာရုံစိုက်ခံရပြီး ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများက ရှီဘူယာ ရထားဘူတာရုံမှာ Hachiko ကို လာရောက် ကြည့်ရှုပေးကြဖို့ လှုံ့ဆော်ပေးခဲ့ကြပါတယ်။

သူက ဂျပန်လူမျိုးတွေရဲ့ နှလုံးသားကို သိမ်းပိုက်သွားနိုင်ခဲ့ပြီး မကြာခင်မှာပဲ သူတို့ရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

၁၉၃၄ ခုနှစ်မှာတော့ Hachiko ရဲ့ ရုပ်တုကို ရှီဘူယာ ရထားဘူတာရုံ ရှေ့မှာ ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားမှာလဲ Hachiko ကိုယ်တိုင်က အဓိကဧည့်သည်အဖြစ် ရှိနေခဲ့ပါတယ်။

Hachiko ဟာ ၁၉၃၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ရှီဘူယာ ရထားဘူတာအနီး လမ်းမပေါ်မှာပဲ ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့ပါတယ်။ သူ့သခင် ပြန်အလာကို စောင့်နေရင်းနဲ့ပေါ့။

Hachiko ကို ယခုအခါ တိုကျို၊ Ueno ရှိ အမျိုးသားသိပ္ပံပြတိုက်မှာ ဂုဏ်ပြုတဲ့ အထိမ်းအမှတ်နဲ့ ပြသထားပါတယ်။

တိုကျိုမြို့ရှိ Aoyama သင်္ချိုင်းမှာလည်း သူ့ပိုင်ရှင်ရဲ့ အုတ်ဂူဘေးမှာ Hachiko ရဲ့ အထိမ်းအမှတ် အုတ်ဂူလေးတစ်ခု ရှိပါတယ်။

ယနေ့ခေတ်မှာတော့ ဇာတ်လမ်းလေးထဲက ကြေကွဲဖွယ်ရာ ခွေးလေး Hachiko ကြေးရုပ်တုဟာ ရှီဘူယာ ရထားဘူတာရုံအပြင်ဘက်မှာ ရေပန်းစားတဲ့ ခရီးသွားတွေကို ဆွဲဆောင်ရာတစ်ခု ဖြစ်လာခဲ့ပါပြီ။

Knight News

Leave a Reply

Your email address will not be published.