မိုနာလီဇာပန်းချီကားရဲ့ အံ့ခမန်းလောက်တဲ့ ကျော်ကြားမှုများနောက်ကွယ်
မိုနာလီဇာဟာ ကမ္ဘာပေါ်က အသိအမှတ်ပြုခံရဆုံးနဲ့ အကျော်ကြာဆုံးသော အနုပညာလက်ရာ တစ်ခုဖြစ်ပေမဲ့ ဘာအကြောင့်ကြောင့် အခုလိုမျိုး ထင်ရှား ကျော်ကြားနေရလဲဆိုတာကို သင်တွေးဖူးပါသလား။
မတွေးဖူးသေးရင်တော့ ဒီပန်းချီကားရဲ့ တည်မြဲကျော်ကြားမှု နောက်ကွယ်က မြောက်မြားလှတဲ့ ထူးခြားမှုတွေနဲ့ ခေတ်ကာလတစ်လျှောက် ရှင်သန်လာခဲ့တဲ့ စွဲမက်ဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြပေးသွားချင်ပါတယ်။
မိုနာလီဇာရဲ့ ကျော်ကြားမှုကို ခြေရာခံဖို့ဆိုရင်တော့ သူမရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သမိုင်းကြောင်း၊ ကျော်ကြားတဲ့ ခိုးယူမှုများနှင့် ဆန်းသစ်သော အနုပညာ နည်းပညာများကို ကြည့်ရှုဖို့ လိုအပ်ပါတယ်။
မိုနာလီဇာရဲ့ ထူးဆန်းတဲ့ အကြောင်းအရာများ
မိုနာလီဇာကို ပန်းချီဆရာ လီယိုနာဒို ဒါဗင်ချီ (Leonardo da Vinci) က ရေးဆွဲခဲ့ပြီး Francesco Giocondo ရဲ့ ဇနီး Lisa Gherardini ရဲ့ ပုံတူဖြစ်သည်ဟု ယူဆရပါတယ်။
ကမ္ဘာ့ အကျော်ကြားဆုံး ပန်းချီကားအတွက်တော့ အံ့သြစရာကောင်းလောက်အောင် သေးငယ်တဲ့ အရွယ်အစားကိုလည်း ပိုင်ဆိုင်ထားတယ်။
ပန်းချီကားမှာ ကြည့်ရှုသူကို ဆွဲဆောင်ရန်အတွက် ထူးခြားသော အနုပညာနည်းပညာများစွာကို အသုံးပြုထားသည်။ လီယိုနာဒိုရဲ့ စွမ်းရည်ကို တစ်ခါတစ်ရံ မိုနာလီဇာ သက်ရောက်မှု လို့ ခေါ်ကြပါတယ်။
မိုနာလီဇာဟာ ၁၉၁၁ ခုနှစ်မှာ Louvre မှ ခိုးယူခံခဲ့ရပြီး ၂ နှစ်ကျော်ကြာ ပျောက်ဆုံးသွားခဲ့ဖူးပါတယ်။ ယခုချိန်မှာတော့ ဒီပန်းချီကားကို ခိုးယူမှုတွေကနေ ကာကွယ်ရန်အတွက် ကျည်ကာမှန်များနောက်တွင် ထားရှိထားပါတယ်။
မိုနာလီဇာရဲ့ မူလသမိုင်းကြောင်း
မိုနာလီဇာရဲ့ ဖန်တီးရှင် လီယိုနာဒို ဒါဗင်ချီဟာ နှစ်အတော်ကြာအောင် ဒီပန်းချီကားကို ရေးဆွဲခဲ့ရပြီး ၁၅ ရာစု အစောပိုင်းမှာ ခေတ်လက်ရာများ ရေးဆွဲရာ ကင်းဗတ် မပေါ်သေးခဲ့တာကြောင့် ပေါ်ပလာ သစ်သားပြားပေါ်မှာ ရေးဆွဲထားခဲ့တာပါ။
အထူးအဆန်းဆုံးအချက်မှာ ရေးဆွဲသူ လီယိုနာဒိုဟာ ပန်းချီဆရာ စင်စစ်မဟုတ်တာပါပဲ။ အသက်မွေးဝမ်းကြောင်း တစ်လျှောက်လုံး အင်္ဂတေနံရံကြီးများပေါ်မှာပဲ အရုပ်တွေ ဆေးခြယ်ရတဲ့ ပန်းပုဆရာဖြစ်တဲ့ ဒါဗင်ချီဟာ သစ်သားပြားတစ်ခုမှာ ဆွဲချင်စိတ် ပေါ်လာတာကြောင့် အခုလို ရေးဆွဲခဲ့တာပါတဲ့။
ပန်းချီကားထဲက အမျိုးသမီးဟာ Francesco del Giocondo လို့ အမည်ရတဲ့ လူချမ်းသာ ပိုးထည်ကုန်သည်ရဲ့ ဇနီးဖြစ်သူ Lisa Gherardini ရဲ့ ပန်းချီကားဖြစ်ကြောင်း ယေဘူယျအားဖြင့် ယုံကြည်ရပါတယ်။
Mona ဟူသော စကားလုံးဟာ madam သို့မဟုတ် ma’am အတွက် အီတလီ ဘာသာစကားရဲ့ စကားအသုံးအနှုန်းဖြစ်တာကြောင့် မိုနာလီဇာဟု ခေါင်းစဉ်တပ်ထားတာပါ။ အဆိုပါ ပန်းချီကားကို ဇနီးမောင်နှံနှစ်ဦးရဲဘ ဒုတိယမြောက်သားလေး မွေးဖွားခြင်းကို ဂုဏ်ပြုခြင်းအဖြစ် ရေးဆွဲခဲ့ခြင်းဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
နှစ်တွေကြာလာတာနဲ့အမျှ Lisa Gherardini ဟာ တကယ်တော့ ဒီပန်းချီကားထဲက အမျိုးသမီး မဟုတ်ကြောင်း သီအိုရီတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ရုပ်ပုံပါ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးဟာ ထိုအချိန်က အီတလီနိုင်ငံရဲ့ မြင့်မြတ်သော အမျိုးသမီး တစ်ဒါဇင်ထဲမှ တစ်ဦး ဖြစ်နိုင်ကြောင်း ထင်ကြေးပေးမှုများ များပြားနေပါတယ်။
ဒါ့အပြင် မိုနာလီဇာဟာ ဒါဗင်ချီ ကိုယ်တိုင်ရဲ့ အမျိုးသမီးအသွင် ဖြစ်တယ်လို့လည်း ရေပန်းစားနေတဲ့ သီအိုရီတစ်ခု ရှိနေပါသေးတယ်။
ယေဘူယျအားဖြင့်မှာတော့ အနုပညာသမိုင်းပညာရှင်များက မိုနာလီဇာဟာ အမှန်တကယ် Lisa Gherardini ဖြစ်တယ်လို့ သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် ဒါဗင်ချီဟာ မိုနာလီဇာကို တစ်ခုထက်မက ဖန်တီးခဲ့ကြောင်းလည်း ပညာရှင်များက သဘောတူညီခဲ့ကြပါသေးတယ်။
ထူးဆန်းတဲ့ အနုပညာ နည်းစနစ်
၁၆ ရာစုက အချို့သော အနုပညာလက်ရာများနှင့် မတူဘဲ မိုနာလီဇာဟာ အရမ်းကို ရုပ်လုံးကြွပြီး လက်တွေ့ဆန်တဲ့ လူသားတစ်ဦးရဲ့ ပုံတူဖြစ်တယ်လို့ ပညာရှင်တွေက မှတ်ချက်ပေးထားကြပါတယ်။
ပန်းချီကားကို သေချာကြည့်မယ်ဆိုရင် သူမရဲ့မျက်နှာပေါ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမူအရာရှိနေပါတယ်။ အဝေးမှ ဆွဲဆောင်မှုရှိသော သူမရဲ့ နူးညံ့သော အပြုံးဟာ တစ်ချိန်တည်းတွင် ကြည့်ရှုသူ ကြည့်နေတဲ့ ထောင့်အပေါ် မူတည်ပြီး အမှန်တကယ် ပြောင်းလဲသွားပါတယ်။
ရှင်းလင်းစွာ ဖော်ပြရမယ်ဆိုရင် ကြည့်ရှုသူ ရပ်ကြည့်တဲ့ အနေအထားကနေ မူတည်ပြီး ရုပ်ပုံပါ အမျိုးသမီးရဲ့ နှုတ်ခမ်းဟာ ပြုံးပျော်နေတာလား၊ ဝမ်းနည်းနေတာလား ဆိုပြီး ကြည့်ရှုသူကို ဝေခွဲမရဖြစ်စေပါတယ်။
မိုနာလီဇာဟာ ဘောင်ခတ်ထားသည့် အစောဆုံး အီတလီပုံတူ ပန်းချီကားလည်းဖြစ်ခဲ့သလို အမျိုးသမီးရဲ့ လက်များနဲ့ လက်မောင်များကို ဘောင်ကို မထိဘဲ ပြသထားပါတယ်။ ကုလားထိုင်ပေါ်တွင် ထိုင်နေတဲ့ပုံရပြီး ခေါင်းမှ ခါးအထိသာ ပြသထားတာပါ။
သူမရဲ့ ဘယ်ဘက်လက်ဟာ ကုလားထိုင်ရဲ့ လက်မောင်းပေါ်တွင် မှီနေပါတယ်။အစိတ်စိတ် အမွှာမွှာ ကော်လံနှစ်ခုက သူမကို ဘောင်ခတ်ပြီး သူ့နောက်ကွယ်က ရှုခင်းကို ရှုခင်းကြည့်တဲ့ ပြတင်းပေါက်ကို ဖန်တီးပေးပါတယ်။
နောက်ဆုံးတွင်မှာ လီယိုနာဒို ဒါဗင်ချီရဲ့ ကျွမ်းကျင်တဲ့ နည်းစနစ်များကြောင့် အမျိုးသမီးရဲ့ မျက်လုံးများဟာ ရွေ့လျားနေတယ်လို့ ထင်ရလောက်အောင် ရပ်နေတဲ့ နေရာတိုင်းကို ကြည့်ရှုသူနောက်သို့ လိုက်သွားပုံရတယ်။
ကမ္ဘာ့အကျော်ကြားဆုံး အနုပညာလက်ရာ
မိုနာလီဇာဟာ လီယိုနာဒို ဒါဗင်ချီရဲ့ တစ်ခေတ်တည်းမှနေ ယနေ့ခေတ် ပန်းချီဆရာများအထိ မရေမတွက်နိုင်တဲ့ ပန်းချီဆရာများကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ဒီဖန်တီးမှုကို ကမ္ဘာတစ်ဝှမ်းက အနုပညာရှင်တွေက အကြိမ်ပေါင်း ထောင်နဲ့ချီပြီး ကူးယူခဲ့ကြပါတယ်။
နှစ် ၅၀၀ သက်တမ်းရှိ ပန်းချီကားတစ်ချပ်ကို တန်ကြေးဖြတ်ရန် မဖြစ်နိုင်သော်လည်း မိုနာလီဇာဟာ ဒေါ်လာ တစ်ဘီလီယံနီးပါး တန်ကြေးရှိတယ်လို့ သိရပြီး ကမ္ဘာ့အကျော်ကြားဆုံး ပန်းချီကားအဖြစ်လည်း ၂၂ ရာစု ရောက်သည်အထိ ရပ်တည်နေဆဲပါပဲ။
Knight News Team