ရာဇဝင်ထဲက ဆန်းကြယ်တဲ့ မိန်းမလှတစ်ဦး (သို့) ကလီယိုပက်ထရာ

ရာဇဝင်ထဲက ဆန်းကြယ်တဲ့ မိန်းမလှတစ်ဦး (သို့) ကလီယိုပက်ထရာ

အီဂျစ်နိုင်ငံရဲ့ ထီးနန်းကို သိမ်းပိုက်ရန်အတွက် သူမရဲ့ ဆယ်ကျော်သက် မောင်တော်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာက ကလီယိုပက်ထရာ မျှော်မှန်းထားသလို မအောင်မြင်ခဲ့ပါဘူး။

ကလီယိုပက်ထရာဟာ တစ်ဦးတည်းသော အချုပ်အခြာ အာဏာပိုင်အဖြစ် တိုင်းပြည်ကို အုပ်စိုးချင်ခဲ့သူ တော်ဝန်မိန်းမလှတစ်ဦး ဖြစ်ပါတယ်။

မောင်ဖြစ်သူကို မရင်ဆိုင်ခင် ညီမဖြစ်သူကို အလက်ဇန္ဒြီးယားနန်းတော်မှ နှင်ထုတ်ခဲ့ပြီး မောင်တော်ကို စစ်ရှုံးခဲ့တာကြောင့် အသက်နှစ်ဆယ်ကျော်အရွယ်မှာ ဆီးရီးယားပြည်သို့ထွက်ပြေးပြီး မြို့တော်အပြင်ဘက်တွင် စခန်းချကာ ကြေးစားစစ်တပ်နှင့် အာဏာပြန်လုဖို့ ကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။

ဒီနေရာမှာ ကလီယိုပက်ထရာဟာ နှစ်ပေါင်း ထောင်သောင်းချီ ကြာနေပေမဲ့ ဘာကြောင့် အခုထိ နာမည်ကျော်ကြားနေတာလဲ။ သူမဟာ ဘယ်လောက်ထိ လှပလို့လဲ။

သူမဟာ ဘယ်လိုမျိုး ဥာဏ်များခဲ့တာလဲ။ သူမကို ဘာလို့ သီချင်းတွေ၊ ဝတ္ထုတွေမှာ သူရဲကောင်းအဖြစ်၊ မိန်းမလှအဖြစ် ထည့်သွင်းဖော်ပြကြတာလဲဆိုတာတွေကို ဆွဲထုတ်ကြည့်သွားပါမယ်။

ဒီမိန်းမလှတစ်ဦးဟာ အံ့အားသင့်ဖွယ်ရာ အကြောင်းအရာတွေနဲ့လည်း ပြည့်နှက်နေပါတယ်။ ကလီယိုပက်ထရာဟာ လှပချောမေပြီး ဆွဲဆောင်မှုရှိလှတယ်ဆိုပေမဲ့ သူမရဲ့ရုပ်အစစ်ကိုတော့ ဘယ်ကျမ်းစာ၊ သမိုင်း၊ ရာဇဝင်စာရုပ်ကမှ ဖော်ပြနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

နောက်တစ်ခုဟာ အီဂျစ်ဘုရင်မ ကလီယိုပက်ထရာဆိုရင် မြင်သူငေးရလောက်အောင်လှတဲ့သူ၊ သူမရဲ့အလှမှာ ခုနှစ်ပြည်ထောင် မင်းတွေတောင် ကျရှုံးရတဲ့သူအဖြစ် သိထားကြပေမဲ့ ကလီယိုပက်ထရာက ရုပ်ရှင်တွေထဲကလို မချောပါဘူးဆိုတဲ့ သီအိုရီတွေကလည်း ရှိနေပါသေးတယ်။

ပြီးတော့ ကလီယိုပက်ထရာက တစ်ယောက်ထဲလည်း မဟုတ်ပါဘူး။ အဲ့ဒီခေတ်က ကလီယိုပက်ထရာဆိုတာဟာ မင်းမျိုးနွယ်ရဲ့ နာမည်တစ်ခုသာဖြစ်ပြီး ကလီယိုပက်ထရာ ၁ ကနေ ၇ အထိ ၇ ယောက်တောင် ရှိခဲ့ပါတယ်တဲ့။

အံ့အားအသင့်ရဆုံး အချက်ကတော့ အီဂျစ်ဘုရင်မဖြစ်ဖို့ ထီးနန်းလုပွဲတွေ ဆင်နွှဲခဲ့ပေမဲ့ သူမဟာ အီဂျစ်လူမျိုးလည်း မဟုတ်ပြန်ပါဘူးတဲ့။ တကယ်တော့ ကလီယိုပက်ထရာဟာ ဂရိလူမျိုးဖြစ်ပါတယ်။

ဒီလိုမျိုး ထူးဆန်းတဲ့ အချက်တွေနဲ့ ကလီယိုပက်ထရာက ကမ္ဘာ့သမိုင်းတလျှောက် အထင်ရှားခဲ့ဆုံးသော အမျိုးသမီးတစ်ယောက်ပါ။

အီဂျစ်နိုင်ငံရဲ့ နောက်ဆုံးဖာရိုဘုရင်မဖြစ်တာကြောင့်အပြင် ဉာဏ်ပညာထက်မြက်မှု၊ ဆွဲဆောင်မှုရှိမှုတို့ကြောင့်ရယ်၊ သမိုင်းမှာ အရေးပါခဲ့တဲ့ ဂျူးလီးယက်ဆီဇာနဲ့ မက်(ခ်)အန်တိုနီတို့နဲ့ အချစ်ဇာတ်လမ်းရယ်ကြောင့် ကျော်ကြားခဲ့တာပါ။

ကလီယိုပက်ထရာက ရုပ်ရည်အားဖြင့် လှပသူသာမက စကားပြောကောင်းပြီး စကား၊ အသံ၊ အမူအယာ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆွဲဆောင်နိုင်ခဲ့သူပါ။

ဒါ့အပြင် ဉာဏ်ထက်မြက်ကာ ဘာသာစကားအများကြီးလည်း ပြောတတ်ပါသေးတယ်။ ရုပ်ရည်ရူပကာပဲ လှတာမဟုတ်သလို ဥာဏ်ရည်ထက်မြက်မှုကလည်း အမျိုးသမီးတစ်ယောက်ကို ဆွဲဆောင်မှုရှိစေနိုင်တယ်ဆိုတာ ကလီယိုပက်ထရာက သက်သေပြခဲ့ပါတယ်။

ကလီယိုပက်ထရာ ဆိုတဲ့အမည်က “အဖေ့ရဲ့ကျက်သရေ” လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့်လည်း အီဂျစ်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ တိုလမီမင်းဆက်မှာ ကလီယိုပက်ထရာဆိုတဲ့နာမည်က ပေါ်ပြူလာဖြစ်ပြီး တော်ဝင်မိသားစုမှာ သမီးမိန်းကလေးမွေးတာနဲ့ ဒီနာမည်မှည့်တတ်ကြပါတယ်။

သားလေးမွေးရင်တော့ တိုလမီ(Ptolemy) လို့ပေးတတ်ကြပါတယ်။ တိုလမီရဲ့ အဓိပ္ပါယ်က စစ်ပွဲလို (Warlike) ပါတဲ့လေ။

တိုလမီမင်းဆက်မှာ တော်ဝင်သွေးကို တခြားသွေးတွေနဲ့ မရောစေချင်တာကြောင့် မောင်နှမအချင်းချင်း ပြန်ပေးစားလေ့ရှိကြပါတယ်။

ဒါကြောင့်လည်း တိုလမီနဲ့ ကလီယိုပက်ထရာနာမည်တွေက ဒီမင်းဆက်မှာ ထပ်ခါတလဲလဲ ပြန်လည်အသုံးပြုလေ့ရှိကြတာပါ။

ကလီယိုပက်ထရာက အီဂျစ်နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ အီဂျစ်ဘုရင်မဖြစ်ပေမဲ့ အီဂျစ်လူမျိုးမဟုတ်ပါဘူး။ ဂရိအင်ပါယာကို အုပ်ချုပ်ခဲ့တဲ့ အလက်ဇန္ဒားသည်ဂရိတ် (Alexandar the Great)ရဲ့ တပ်ထဲက မာစီဒိုးနီးယန်း-ဂရိလူမျိုး ဗိုလ်ချုပ် တိုလမီကနေ ဆင်းသက်လာတာပါ။

တိုလမီမင်းဆက်က ဘီစီ ၃၀၅ ကစကာ အုပ်ချုပ်ခဲ့တဲ့ အီဂျစ်နိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ပဲဖြစ်ပါတယ်။ ကလီယိုပက်ထရာကတော့ နောက်ဆုံးအီဂျစ်ဘုရင်မပေါ့။

ကလီယိုပက်ထရာဟာ သူ့ရဲ့မောင်တော်အရင်း နှစ်ယောက်နဲ့ လက်ဆက်ပြီး တိုင်းပြည်ကို အတူတကွအုပ်ချုပ်ခဲ့ရတဲ့ အီဂျစ်ဘုရင်မကြီးပါ။ ၅၁ ဘီစီတုန်းက ကလီယိုပက်ထရာ ၁၈နှစ်သမီးအရွယ်မှာ ဖခမည်းတော် တိုလမီ ၁၂ ဘုရင်ကြီး နတ်ရွာစံသွားပါတယ်။

နတ်ရွာမစံခင်မှာ သားတော် တိုလမီ (၁၃) က အသက် ၁၀နှစ်အရွယ်ပဲရှိသေးတာကြောင့် သမီးတော်ကလီယိုပက်ထရာနဲ့ အတူတကွ တိုင်းပြည်ကို အုပ်ချုပ်ဖို့အပ်နှင်းခဲ့ပါတယ်။

တိုလမီမင်းဆက်တို့ရဲ့ ထုံးစံအတိုင်း တော်ဝင်သွေးမရောရအောင် သားတော်နဲ့ သမီးတော်တို့ကို လက်ဆက်ပေးခဲ့လို့ မောင်အရင်းရဲ့ မိဖုရားဖြစ်လာပါတယ်။

၂ နှစ် ၃ နှစ် အကြာမှာ တိုလမီ(၁၃)က သူ့အမတော်က သူ့ကို ထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ ခံစားရလို့ ကလီယိုပက်ထရာကို ဖြုတ်ချဖို့ကြိုးစားပါတယ်။

ကလီယိုပက်ထရာက တခြားနယ်ကို သွားရှောင်ခဲ့ရပေမဲ့ နောက်ပိုင်းမှာ ဂျူးလိယက်ဆီဇာရဲ့ အကူအညီနဲ့ ထီးနန်းကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ တိုလမီ (၁၃) ကတော့ နိုင်းမြစ်ကို ဖြတ်ကူးရင်း နတ်ရွာစံခဲ့ရပါတယ်။

အဲဒီအခါ မောင်အငယ်ဖြစ်သူ တိုလမီ(၁၄) နဲ့ လက်ဆက်ပြီး နိုင်ငံကို အတူတကွ အုပ်ချုပ်ခဲ့ကြရပြန်ပါတယ်။ ဒါပေမဲ့လည်း ဒီလင်တော်မောင်လည်း သက်ဆိုးမရှည်ပါဘူး။ ၃ နှစ်အကြာမှာ နတ်ရွာစံခဲ့ပြန်ပါတယ်။ ဘယ်လိုသေဆုံးခဲ့လဲ မသိပေမဲ့ ကလီယိုပက်ထရာက အဆိပ်ခတ်သတ်တာလို့လည်း ပြောကြပါတယ်။

ဘာကြောင့်လဲဆိုတော့ ဂျူးလိယက်ဆီဇာနဲ့ရတဲ့ သူ့ရဲ့သားတော် တိုလမီ(၁၅)ဆီဇာရီးယန်းနဲ့ ပူးတွဲအုပ်ချုပ်ချင်လို့ပါတဲ့။

ကလီယိုပက်ထရာဟာ သူ့မောင်တော် နှစ်ယောက်နဲ့သာ လက်ဆက်ခဲ့ရတာမဟုတ်ပါဘူး။ သမိုင်းမှာ အရမ်းထင်ရှားကျော်ကြားပြီး ရောမအင်ပါယာကို အုပ်ချုပ်ခဲ့တဲ့ ဂျူးလိယက်ဆီဇာနဲ့ သားတစ်ယောက်၊ မက်(ခ်)အန်တိုနီနဲ့ အမြွာသမီး၂ ယောက်၊ သားတစ်ယောက်ကိုပါ ဖွားမြင်ခဲ့သူပါ။

ကလီယိုပက်ထရာဟာ တိုလမီ (၁၃) နဲ့ အာဏာလုပွဲ ဖြစ်နေချိန်မှာ အီဂျစ်ပြည်ကို ခဏတာရောက်နေတဲ့ ဂျူးလိယက်ဆီဇာကို အရူးအမူးချစ်မြတ်နိုးအောင် ဆွဲဆောင် ဖျားယောင်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူက ၂၁နှစ်အရွယ်၊ ဂျူးလိယက်ဆီဇာကတော့ ၅၂နှစ်အရွယ်ပေါ့။

ကလေးတွေနဲ့သာ လက်ထပ်ခဲ့ရတဲ့ ကလီယိုပက်ထရာဟာ ဒီတစ်ခေါက်မှာတော့ အသက် ၃၀ကျော် ဦးလေးကြီးနဲ့ ချစ်ကျွမ်းဝင်ခဲ့တာပါ။ ဂျူးလိယက်ဆီဇာရဲ့ အကူအညီကြောင့်သာ စစ်နိုင်ပြီး ထီးနန်းကို ပြန်လည်ရယူနိုင်ခဲ့တာပါ။

ရောမအင်ပါယာအတွင်း မငြိမ်မသက်ဖြစ်ကာ ဆီဇာလုပ်ကြံခံခဲ့ရပါတယ်။ နောက်ပိုင်းနှစ်အနည်းငယ်အကြာမှာတော့ ဆီဇာရဲ့စစ်သူကြီးလည်းဖြစ် လက်ရုံးလည်းဖြစ်တဲ့ မက်(ခ်)အန်တိုနီနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။

မက်(ခ်)အန်တိုနီကလည်း ခေသူမဟုတ်ပါဘူး။ ဆီဇာလုပ်ကြံခံရပြီးနောက် ရောမအင်ပါယာကို သုံးပွင့်ဆိုင်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့သူ သုံးဦးထဲက တစ်ယောက်ပါ။

မက်(ခ်)အန်တိုနီက ကလီယိုပက်ထရာကို အီဂျစ်ထုံးတမ်းအရ လက်ထပ်ခဲ့ပေမဲ့ အဲဒီအချိန်က သုံးပွင့်ဆိုင်အုပ်ချုပ်ရေးထဲက တစ်ယောက်ဖြစ်တဲ့ Octavian ရဲ့ ညီမ Octovia နဲ့ လက်ထပ်ထားပြီးသားပါ။

ဒါ့ကြောင့် မာ့ခ်အန်တိုနီနဲ့ ကလီပိုပက်ထရာတို့ရဲ့ ဆက်ဆံရေးဟာ ရောမကိုအရှက်ရစေခဲ့ပါတယ်။ ဘီစီ ၃၃ မှာ ကက်(ခ်)အနန်တိုနီနဲ့ Octavian တို့အကြားဆက်ဆံရေးကို ပြိုကွဲစေခဲ့တဲ့ အကြောင်းတစ်ချက်လည်းပဲ ဖြစ်ပါတယ်။

ရောမအင်ပါယာအတွင်း အာဏာလုပွဲတွေဖြစ်ပွားခဲ့ပြီး မက်(ခ်)အန်တိုနီ စစ်ရှုံးသွားတဲ့အခါမှာ ကိုယ့်ဟာကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ အချစ်ကြီးတဲ့ ကလီယိုပက်ထရာဟာလည်း ကိုယ့်ဟာကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ ဘယ်လို သတ်သေခဲ့လဲ ဆိုတာကတော့ အငြင်းပွားနေကြဆဲပါ။

တချို့က ကိုယ့်ဟာကိုယ်အဆိပ်သောက်သေတယ်ပြောကြပြီး တချို့ကတော့ အဆိပ်ရှိတဲ့မြွေကို ရင်ဝယ်ပိုက်ကာ မြွေအပေါက်ခံပြီး အသေခံတယ်လို့လည်း ပြောကြပါတယ်။

ကလီယိုပက်ထရာ ဘုရင်မကြီး နတ်ရွာစံချိန်မှာ အသက် ၃၉ နှစ်ပဲ ရှိပါသေးတယ်။ နတ်ရွာစံပြီးနောက်မှာတော့ အီဂျစ်နိုင်ငံက ရောမအင်ပါယာအောက် ကျရောက်ခဲ့ပါတယ်။ အီဂျစ်နိုင်ငံရဲ့ ဖာရိုဘုရင်မင်းဆက်လည်း ပျက်ခဲ့ပါတော့တယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *